• Today is: Friday, April 19, 2024

ချင်းတောင် ကုန်သွယ်ရေး လမ်းကြောင်းဖြတ်တောက်ခံရလို့ ဟားခါးမှာ စားသောက်ကုန်စျေး အဆမတန် မြင့်တက်လာ

ဓါတ်ပုံ – Getty Images
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၅ ရက်၊ ၂၀၂၃။
 
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲကို ကုန်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံရပြီးနောက် ကုန်ကားများ မရောက်နိုင်တော့သဖြင့် စားသောက်ကုန်များစျေးအဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
 
စစ်ကိုင်းတိုင်း ကလေး – ဟားခါး၊ မကွေးတိုင်း ကန့်ကော် – ဟားခါး၊ ရခိုင်-ချင်းနယ်စပ် ပလက်၀ – မတူပီ – ဟားခါး အစရှိတဲ့ လမ်းကြောင်းတွေအားလုံး ဖြတ်တောက်ခံရတာကြောင့် ကုန်သွယ်ရေးကားများ ဖြတ်သန်း သွားလာခွင့် မရရှိကြတော့ဘူးလို့ သိရပါတယ်။
 
အခုလို ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သွားတာဟာ ပြီးခဲ့တဲ့ မတ်လထဲက စစ်ကောင်စီ စစ်ကြောင်းများက ချင်းတောင်ကို အဲဒီလမ်းကြောင်းတွေကနေ အင်အားများစွာဖြင့် ထိုးစစ်ဆင် တက်ရောက်လာတာကြောင့်လို့ သိရပါတယ်။
 
ဟားခါးမြို့ခံတဦးပြောတာက “ အခု မတ်လထဲက စတင်ပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံးပိတ်ကုန်ပြီ ဘာစားသောက်ကုန်မှ မဝင်လာတော့ဘူး၊ စားသောက်ကုန်တွေကလည်း ပုံမှန်စျေးထက် ၅ ဆလောက် မြင့်တက်နေပြီ၊ ပုံမှန်ဝယ်စားနေတဲ့ လုံးသွယ်မွေး၊ ဧရာမင်းဆန်၊ ကာနန်ဆန်တို့ တအိတ်ကို တသိန်းခွဲ ပေးဝယ်ဖို့ဆိုရင်တော့ ရောင်းစရာမရှိဘူး၊ ရွာဘက်တွေက ချင်းဆန်တွေဆိုလည်း ဝယ်နိုင်ဖို့ မလုံလောက်တော့ဘူးပေါ့၊ ဓါတ်ဆီဆိုရင်လည်း တလီတာ ရှစ်ထောင် ပေးဝယ်ရတယ်၊ ပရီးမီးယား ကော်ဖီမစ်ထုတ်သေး ၁ ထုတ်ကို ၅ ရာ ပေးနေရပြီ ကြာလာရင်တော့ ပြည်သူတွေ အဲဒီထက် ပိုဒုက္ခရောက်လာနိုင်တယ်”လို့ သူက ပြောပါတယ်။
 
ပြီးခဲ့မတ်လထဲကနေ ချင်းတောင်ကို ရိက္ခဖြည့်၊ အင်အားဖြည့်တင်း လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြို့နယ်အလိုက် စစ်ကြောင်းတက်လာတဲ့ လမ်းကြောင်းတွေမှာ ကြားဖြတ် တိုက်ခိုက်နေတာမျိုး ရှိနေတာပါ။
 
ကြားဖြတ် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းများဟာလည်း ထိခိုက်သေဆုံးမှု များပြားနေပြီး ခရီး ဆက်လက် မသွားနိုင်တော့ဘူး ရပ်တန့်နေကြရတယ်လို့ ဒေသတွင်း သတင်းဌာနများက ဖော်ပြနေသလို ဒေသတွင်း သတင်းရင်းမြစ်တွေအရလည်း သိရပါတယ်။
 
အခုလို စစ်ကောင်စီက စစ်အင်အားများစွာဖြင့် စစ်ကြောင်းထိုးလာတာဟာ ချင်းတောင်ကို တက်လာတဲ့ ကုန်သွယ် ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ဖို့နဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ တောင်ကုန်များကို စခန်းချ လက်နက် ကြီးများ တက်ဆင်နိုင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ချင်း တော်လှန် ရေးတပ်ဖွဲ့ဝင်တချို့ကလည်း သုံးသပ်နေ ကြပါတယ်။
 
ဒါပေမယ့် စစ်ရေးပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအနေဖြင့် ဒေသခံပြည်သူများအပါအဝင် မြို့ခံတွေကတော့ စားသောက်ကုန် ပြတ်လပ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
 
အခု ပြည်သူတွေကြုံတွေ့နေရတဲ့ အခြေအနေများကိုလည်း တပိုင်တနိုင် ဝိုင်းဝန်းဖြေရှင်းနိုင်ဖို့ အလှူ ရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများကလည်း ပူးပေါင်းပြီး နည်းလမ်းရှာ ဆောက်ရွက်နေတာမျိုးလည်း ရှိနေတယ်လို့ သိရပါတယ်။
 
ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲများ ပြင်းထန်နေတဲ့ ဟားခါးမြို့နဲ့အနီးတဝှက်တွေမှာလည်း ဖုန်းအင်တာနက် ဆက်သွယ်ရေးလှိုင်းများ ဖြတ်တောက်ခံရပြီး ဆက်သွယ်ရေး ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။