• Today is: Thursday, May 30, 2024

နိုင်ပွဲရ အောင်လအန်ဆန်း၊ မြန်မာပြည်အတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်း

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေ ၆ ရက်၊ ၂၀၂၃။

အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့  One Championship မစ်ဒယ်လ်ဝိတ်တန်း သိုင်းပေါင်းစုံ MMA ယှဥ်ပြိုင် ထိုးသတ်ပွဲမှာ တရုတ်နိုင်ငံကိုယ်စားပြုတဲ့ ဖန်ရောင်းကို မြန်မာ့စပါးအုံး အောင်လအန်ဆန်းက ဒုတိယအချီ ၄၇ စက္ကန့်အတွင်းမှာပဲ အနိုင်ရခဲ့ပါတယ်။

ဖန်ရောင်းက အောင်လကို လှဲချပြီး အနိုင်ယူဖို့ ကြိုးပမ်းပေမဲ့ အောင်လက ဖန်ရောင်းရဲ့လည်ပင်းကို အမြန်ချုပ်နိုင်ခဲ့ တဲ့အတွက် အဲဒီချုပ်ကွက်အောက်မှာ ဖန်ရောင်းက အရှုံးပေးခဲ့ရတာပါ။

ပွဲအပြီးမှာတော့ အောင်လက “မြန်မာပြည်က လာတဲ့သူဖြစ်ကြောင်းနဲ့ မြန်မာပြည်အတွက် ဆုတောင်းပေးကြဖို့ ၂ ကြိမ်တိုင် တိုက်တွန်း” ပြောသွားခဲ့ပါတယ်။

ပြီးတော့ အောင်လက နောက်ပွဲကို သူ့အတွက် ခါးပတ်စိန်ခေါ်ပွဲအဖြစ် ထိုးသတ်ချင်ကြောင်းလည်း ပြောခဲ့ပါတယ်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအဖွဲ့ကြီး ONE Championship ရဲ့  ONE Fight Night 10 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ်၊ ဒန်ဗာမြို့မှာ အမေရိကန် ကော်လိုရာဒို ဒေသစံတော်ချိန် မေလ ၅ရက်  ညပိုင်း ပြုလုပ်နေတာဖြစ်ပြီး မြန်မာမြန်မာစံတော်ချိန် အရ မေလ ၆ရက် မနက်ပိုင်း ဖြစ်ပါတယ်။

ဒီပွဲက အောင်လအန်ဆန်နဲ့ ONE Championship ရဲ့ စာချုပ်ပြည့်တဲ့ နောက်ဆုံးပွဲ ဖြစ်သလို ဒီပွဲမှာ အနိုင်ရတဲ့သူက ချန်ပီယံခါးပတ် စိန်ခေါ်ဖို့ ရှိနိုင်တာကြောင့် MMA ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်ခဲ့တယ်လို့ နားလည်ရပါတယ်။