• Today is: Friday, March 29, 2024

ကျိုက်မရောအကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများမှ အကျဥ်းသားများနှင့် မိသားစုဝင်များ၏ အခွင့်အရေးများ ချိုးဖောက်နေ

Photo – Getty Images 

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေလ ၆ရက်၊ ၂၀၂၃။

ကျိုက်မရောအကျဥ်းထောင်အတွင်း ထောင်ဝန်ထမ်းများမှ အကျဥ်းသားများနှင့် ထောင်ဝင်စာလာတွေ့သော မိသားစုဝင်များ၏ အခွင့်အရေးများကို ချိုးဖောက်လျှက်ရှိကြောင်း ထိုအကျဥ်းထောင်နှင့် နီးစပ်သူ တစ်ဦးထံမှ သိရပါတယ်။

ထိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းများမှ လာဘ်ပေးလာဘ်ယူလုပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ ထောင်အတွင်းသို့ တရားမဝင် မူးယစ်ဆေးများကို ရောင်းချဖြန့်ဖြူးခြင်းများ ပြုလုပ်လျှက်ရှိနေပါတယ်။

“ကျိုက်မရောဗဟိုအကျဥ်းထောင်တွင် ဒုကြီးကြပ်အဆင့်ရှိ ဇော်ဆက်နိုင်(ခ)ဆိုက်ကားသမား ထောင်ဝင်စာဌာနတာဝန်ခံသည် တခြားဝန်ထမ်းများနှင့်ပေါင်းကာ ထောင်ဝင်စာလာသွင်းသည့်အကျဥ်းသားမိသားစုများအား ရိုင်းပျစွာပြောဆိုဆက်ဆံခြင်း၊ကြေးတောင်းခံခြင်း၊ ငွေကြေးမပေးနိုင်ပါက ထောင်ဝင်စာသွင်းခွင့်ပိတ်ပင်ခြင်းများ ပြုလုပ်နေပါတယ်” လို့ အဆိုပါထောင်နှင့် နီးစပ်သူတစ်ဦးမှ ပြောပါတယ်။

ထို့နည်းအတူ အကျဥ်းသားမိသားစုများ အိမ်မှယူလာသောစားသောက်ဖွယ်ရာများကို လက်ခံပေးခြင်းမပြုဘဲ ထောင်မှဖွင့်ထားသည့် အပြင်‌စျေးနှင့်နှစ်ဆခန့်ကွာသည့် စျေးဆိုင်များတွင် အတင်းအဓမ္မ ဝယ်ယူစေခြင်းများ ပြုလုပ်နေကြောင်းလည်း ပြောပါတယ်။

အဆိုပါထောင်ဝန်ထမ်း ဇော်ဆက်နိုင်နှင့် အခြားဝန်ထမ်းများသည် ထောင်ဝင်စာမှတစ်ဆင့် မူးယစ်ဆေးဝါးများအား ထောင်သွင်းသို့ဝင်ရောက်နေသည်ဟုအကြောင်းပြကာ ထောင်ဝင်စာကိုပိတ်စေရန်ဖိအားပေးနေမှုများလည်း ရှိနေကြောင်း သိရပါတယ်။

တစ်ဖက်တွင်လည်း ၎င်းတို့ကိုယ်တိုင် မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများကို ထောင်သွင်းသို့တရားမဝင် သယ်ယူရောင်းချဖြန့်ဖြူးနေလျက်ရှိပါတယ်။