• Today is: Thursday, March 28, 2024

လူဦးရေ ၂ သန်းကို ထိခိုက်နိုင်တယ်လို့ အနီရောင်အဆင့် မုန်တိုင်း သတိပေးချက် GDACS ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေ ၁၁ ရက်၊ ၂၀၂၃။

ဆိုင်ကလုန်းမုန်တိုင်း “ONE” (01B) ဖြစ်လာပြီး မုန်တိုင်းလမ်းကြောင်းလဲ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ စစ်တွေကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုတာ သေချာသွားပြီလို့ ရာသီဥတုဆိုင်ရာ နိုင်ငံတကာ ကျွမ်း ကျင်အဖွဲ့နဲ့ မြန်မာ့ ရာသီဥတု လေ့လာ စောင့်ကြည့်နေတဲ့အဖွဲ့တို့က ထုတ်ပြန်ပါတယ်။

“ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်” (Global Disaster Alert and Coordination SYSTEM) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကို အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်)ရှိ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်မဲ့အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက် နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် “RED ALERT” ထုတ်ပြန်လိုက်ပါတယ်။

GDACS ရဲ့ ထုတ်ပြန်ချက်အရ

ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀

ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀

မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ နဲ့

စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့ဟာ အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အနည်းဆုံး တစ်နာရီ မိုင် ၄၀ အထိ လေပြင်းတိုက်ခိုက်မှု ဒဏ်ကိုခံရနိုင်တဲ့ မြန်မာနိုင်ငံက လူဦးရေ စုစုပေါင်း ကတော့ ၅.၄ သန်းအထိရှိကြောင်း၊ အဓိက ထိခိုက်ပျက်စီးနိုင်မဲ့ လေယာဉ်ကွင်းတွေကတော့ စစ်တွေ၊ ထီးလင်းနဲ့ ဂန့်ဂေါလေယာဉ်ကွင်းများဖြစ်ကြောင်းလည်း ထုတ်ပြန် သတိပေးထားပါတယ်။

ကိုးကား – MM Weather