• Today is: Friday, April 19, 2024

မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့အတွက် လုံလောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ အနိုင်ရ Move Forward ပါတီခေါင်းဆောင်ပြော

ဓါတ်ပုံ – The National Thailand
 
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၅ရက်၊ ၂၀၂၃။
 
မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့အတွက်အတွက် လုံလောက်တဲ့ဖိအားပေးပြီး လုပ်ဆောင်သွားမယ်လို့ Move Forward ပါတီခေါင်းဆောင်က ဒီကနေ့ ညနေခင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
 
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံသဘောတူညီချက် (၅) ခုကို အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ဖို့အတွက် လုံလောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်သလို လူသားချင်း စာနာမှု ဆိုင်ရာ လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ဒါ့အပြင် Burma Act ကို အခြေပြုပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်က သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုလိုက်တာပါ။
 
အာဆီယံ ဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ မအောင်မြင်နိုင်ပါဘူး။ ထိုင်းနဲ့ မြန်မာကြား လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်းဖွင့်ပါ့မယ်။ ဒီလိုလုပ် ဆောင်နိုင်ဖို့ ဥပဒေတွေအရ လုပ်ဆောင်နိုင်သလို အတိတ်ကာလတွေမှာလည်း လုပ်ဆောင်ခဲ့ပါတယ်လို့ ပီတာ လင်ဂျာရိုရတ်က ရှင်းပြပါတယ်။
 
ဒါ့အပြင် မြန်မာ့ပြည်တွင်းမတည်ငြိမ်မှုဟာ ဒေသတွင်းနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးကို ဂယက်ရိုက်ပြီး ဘယ်သူ့ အတွက်မှ အကျိုးမရှိပါဘူးလို့ သူက ပြောခဲ့တာပါ။
 
ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး စည်းဘောင်အခြေပြုမူဝါဒ( Rule based policy)ကို လည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်သလို အင်အားကြီးသူ အနိုင်ယူစနစ်ကြီးကို လက်ရှိ ကမ္ဘာ့နိုင်ငံရေး မှာ လက်မခံတော့ပါဘူး စည်းဘောင်အခြေပြု ကမ္ဘာကြီး ဖြစ်လာဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုမယ် အမှန်တရားဟာ အင်အားဖြစ်ရမယ်။ အင်အားဟာ အမှန်တရား မဖြစ်စေရဘူး လို့ သူက ထပ်လောင်း ပြောဆိုပါတယ်။
 
ထိုင်းအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲအရေအတွက် ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ Move Forward ပါတီက အောက်လွှတ်တော်မှာ အမတ်နေရာ ၁၅၂ နေရာ အနိုင်ရရှိထားကာ ပထမနေရာတွင် ဦးဆောင်ထားပြီး ပါတီခေါင်းဆောင်ဖြစ်တဲ့ ပီတာလင်ဂျာရိုရတ်က ဝန်ကြီးချုပ်တာဝန်ယူဖို အသင့်ဖြစ်နေပြီလို့ ပြောဆိုထားပါတယ်။