• Today is: Friday, March 29, 2024

စစ်ကြောင်းထိုးလာလို့ ဖားကန့်မြို့နယ်ထဲက ဒေသခံများ တိမ်းရှောင်နေရ

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၅ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမှ ဖားကန့်သို့ သွားတဲ့ လမ်းမကြီး ဝန်းကျင် ဖားကန့်မြို့နယ်ထဲက ရာနှင့်ချီတဲ့ ဒေသခံတွေက စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၄ နယ်ထဲက နန့်တိန်းကျေးရွာဘက်သို့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ယမန်နေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဝင်ရောက်လာလို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ KIA အာဘော်သတင်းရင်းမြစ်မှာ ဖော်ပြပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အပြင် ကျေးရွာထဲလက်နက်ကြီးများပါ ရမ်းတမ်း ပစ်ခတ်လာတာကြောင့် ဖားကန့်မြို့နယ်ထဲက နန့်တိန်းနဲ့ နမ့်ယားကြားက ဆိုင်းဖရာ၊ ကပ်မော်၊ ကွမ်စိုင်၊ ဂေါ့လူယန်၊ ခိုင်းရမ်နဲ့ ဂတ်နွယ် အစရှိတဲ့ ကျေးရွာတွေက ဒေသခံ ၅၀၀ နီးပါးဟာ နီးစပ်ရာ ဘာသာရေး ကျောင်းဝင်းထဲ တိမ်းရှောင် ခိုလှုံနေကြတယ်လို့ သိရပါတယ်။

အဲဒီထဲက စစ်ဘေးရှောင် လူဦးရေ ၂၈၀ ခန့်ဟာ ဆပေါ့မော် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းထဲ ခိုလှုံနေကြပြီး၊ နောက်ထပ် စစ်ဘေးရှောင် လူဦးရေ ၂၀၀ ကျော်ဟာ နမ့်ယား နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းထဲ ခိုလှုံနေကြတာပါ။

စစ်ကောင်စီဟာ ဖားကန့်မြို့နယ်ကို ထိန်းချုပ်ရန်ကြိုးစားနေပြီး အခုနှစ် ၂၀၂၃ ခုနှစ် လဆန်းမှ စတင်ပြီး အရပ်သား ပြည်သူများနှင့် တော်လှန်တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်တယ်လို့ ယူဆရသူ များကို လိုက်လံ ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်နေသလို KIA တပ်ရင်းဌာန တည်ရှိရာတဲ့ နယ်မြေသို့ စစ်ကြောင်းထိုး စစ်ရေး လှုပ်ရှားမှုများလည်း လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။