• Today is: Friday, March 29, 2024

တအာင်းရုံးသုံးစာဖြင့် ဘုရားရှိခိုးနိုင်ရေးအပါအဝင် ဒေသတွင်း ဘာသာရေးဆိုင်ရာ ခွင့်ပြုချက်များကို သံဃာ့ညီလာခံမှာ အတည်ပြုနိုင်ခဲ့တယ်လို့ ဆို

ဓါတ်ပုံ – PSLF/TNLA

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၆ ရက်၊ ၂၀၂၃။

တအာင်းရုံးသုံးစာဖြင့် ဘုရားရှိခိုးနိုင်ရေးအပါအဝင် အချက်(၉)ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုတအာင်း သံဃာတော် (TSA)၏ ဒုတိယအကြိမ် သံဃာ့ညီလာခံကနေ အတည်ပြု နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုတအာင်းသံဃာတော် (TSA)၏ ဒုတိယအကြိမ် သံဃာ့ညီလာခံကို မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပ ပြုလုပ်ပြီးစီးခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဘက်က သတင်းထုတ်ပြန် ပါတယ်။

အဲဒီညီလာခံကိုတော့ မြို့နယ် ၁၅ မြို့နယ်မှ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းအချို့နှင့် ဒေသခံပြည်သူလူထု စုစုပေါင်း လူဦးရေ(၃၀၀)ကျော် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ညီလာခံကတော့ ဗဟိုတအာင်းသံဃာတော် (TSA)၏ ဥက္ကဌဆရာတော်အဖြစ် ဘဒ္ဒန္တ ကေသရ အား အသစ် ပြန်လည်တင်မြှောက် တာဝန်ပေးအပ်ခဲ့ပြီး၊ တအာင်းရုံးသုံးစာနှင့် ရေးသားပြုစုထားသည့် ဘုရားရှိခိုးစာအား တအာင်းပြည်သူလူထုများ အသုံးပြုနိုင်ရေး လုပ်ဆောင်သွားရန်အပြင်၊ ဗဟိုတအာင်းသံဃာတော်အဖွဲ့မှ လိုက်နာကျင့်သုံးရမည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် လုံထုံးလုပ်နည်းများ၊ တအာင်းဒေသအတွင်း သာသနိက အဆောက်အဦးများ ဆောက်လုပ်ခွင့် ဗဟို၊ မြို့နယ် တအာင်းသံဃာတော်အဖွဲ့နှင့် သာသနာရေးဌာနများတွင် တည်ဆောက်ခွင့် စာတင်ရမည်ဆိုတဲ့ ခွင့်ပြုချက်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အခုညီလာခံကနေ CEC ၁၉ ပါးနှင့် ဗဟိုတအာင်းသံဃာတော် TSA ၏ ဗဟိုကော်မတီဝင် ၄၅ ပါးကို အတည်ပြု ရွေးချယ်နိုင်ခဲ့ပြီး တအာင်းသာသနာရေး ဖွံ့ဖြိုးတိုးတက်စေရန် ဌာန (၇)ခုနှင့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်တယ်လို့ ပြောထားပါတယ်။