• Today is: Friday, March 29, 2024

သထုံမြို့နယ်မှာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေလ ၁၅ရက်၊ ၂၀၂၃။
သထုံမြို့နယ်မှာ စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ၃ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ သိရပါတယ်။

” ည ၁၂နာရီလောက်မှာ စစ်တပ်ဘက်က လက်နက်ကြီးပစ်တာ အိမ်တစ်အိမ်ရဲ့ အရှေ့ကို ကျတယ်။ မိသားစုဝင်တွေက အိမ်အောက်မှာနေနေကြတာ။ ကလေးနှစ်ယောက်နဲ့ သူ့အမေက ဒဏ်ရာရတယ်။ သူ့အဖေကတော့ ပွဲချင်းပြီးပဲ ” လို့ ဒေသခံတစ်ဦးမှ ဖက်ဒရယ်ဂျာနယ်မြန်မာကို ပြောပါတယ်။

သထုံမြို့နယ် ပိန္နဲတောကျေးရွာရှိ စစ်ကောင်စီစခန်းကို PDF တွေမှ ဒရုန်းဖြင့် ဗုံးကျဲပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးမှ ဆက်တိုက်ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်မှ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်မှုမှာ နာရီဝက်တစ်ခါ၊ မိနစ် ၂၀ခြားတစ်ခါလောက် ပစ်ခတ်မှုများ ပြုလုပ်နေလျှက် ရှိကြောင်း သိရပါတယ်။

လက်ရှိအခြေအနေမှာတော့ သေဆုံးသူ၏ အသုဘချနေချိန်အတွင်းမှာတော့ ပစ်ခတ်မှုတွေ မပြုလုပ်ဖို့ကိုတော့ အရပ်သားများက စစ်ကောင်စီတပ်ဖွဲ့များထံ သွားရောက်တောင်းပန်ထားကြောင်း ဒေသခံပြည်သူထံမှ သိရပါတယ်။