• Today is: Friday, March 29, 2024

ငြိမ်းချမ်းရေးနဲ့ ယဉ်ကျေးမှု ဟီရိုရှီးမားဆုကို တိုင်းရင်းမီဒီယာများဖြင့်စုဖွဲ့ထားတဲ့ BNI ရရှိ

ဓာတ်ပုံ – BNI
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၆ ရက်၊ ၂၀၂၃။
 
အဏုမြူဗုံးကြောင့် ခံစားရတဲ့ ဒုက္ခတွေကို ဖော်ပြတဲ့ Edita Morris ရဲ့ အကျော်ကြားဆုံး ဝတ္တု ဖြစ်တဲ့ The Flowers of Hiroshima ကိုအစွဲပြုပြီး ပေးအပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ယဉ်ကျေးမှု ဟီရိုရှီးမားဆုကို တိုင်းရင်းမီဒီယာများဖြင့်စုဖွဲ့ထားတဲ့ နိုင်ငံတကာ မြန်မာ့သတင်း BNI က ရရှိခဲ့တယ်လို့ သိရပါတယ်။
 
BNI ဟာ ပြည်တွင်း/ပြည်ပမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွင်းက သတင်းတွေကို သတ္တိ ရှိရှိ ဖြန့်ဝေကာ ရက်စက်ယုတ်မာမှုနဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပရိသတ်တွေ အတွက် သတင်းတွေကို အင်္ဂလိပ်ဘာသာပြန်ဆိုပေးတဲ့ သတင်းဌာန (၁၅) ခုနဲ့ ဖွဲ့စည်းထားတာပါ။
 
လက်ရှိစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း BNI ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက် သတင်း ထုတ်လုပ်မှုတွေကို အဆက်မပြတ်ပြုလုပ်နေတာဖြစ်ပါတယ်။
 
Ira Morris Hiroshima Foundation for Peace and Culture ဆုကို ၁၉၀၃-၁၉၇၂ ခုနှစ်မှာ အမေရိကန်စာရေးဆရာ Ira Morrisနဲ့ လက်ထပ်ခဲ့တဲ့ ဆွီဒင်စာရေးဆရာ Edita Morris ရဲ့ တောင်းဆို ချက်အရ ၁၉၈၉ ခုနှစ်မှာ ဒီဆုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
 
ဒီဆုဟာ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းရေးဖော်ဆောင် မှုတွေ မှာပါဝင်တဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို ပေးအပ်ချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။
 
BNI က ရရှိထားတဲ့ ၂၀၂၃ ခုနှစ်အတွက် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ (၅၀၀၀၀) ချီးမြှင့်မှာ ဖြစ်ပြီး ဆုပေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ လာမယ့် စက်တင်ဘာလ အတွင်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။