• Today is: Thursday, April 25, 2024

MFP ရဲ့ နည်းဗျူဟာက အလုပ်ဖြစ်မှာလား

MFP ရဲ့ နည်းဗျူဟာက အလုပ်ဖြစ်မှာလား

ဝင်းမျိုးသူ | အတွေးအမြင်

ထိုင်းနိုင်ငံရေးကတော့ အတော်စိတ်ဝင်စားစရာကောင်းလာပါတယ်။ မဲအများဆုံးရတဲ့ MFP ကို မဲမပေးဘူးလို့ ပြောတဲ့ ဆီးနိတ်အမတ်တွေ ရှိလာသလိုပဲ အချို့ဆီးနိတ်တာတွေကလည်း ပီတ ကို မဲပေးမယ်လို့ ပေါ်ပေါ်ထင်ထင်ပြောလာပါတယ်။ အယ်လ်ဂျားဇီးယားရဲ့ထိုင်းနိုင်ငံရေးဆွေးနွေးပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက် ၃ ချက်ကို ထောက်ပြသွားတာတွေ့ရပါတယ်။

၁။ ၂၀၁၉တုံးက အောက်လွှတ်တော်မှာ အတိုက်အခံပါတီ ၂ခုပေါင်းရဲ့ မဲဟာ စုစုပေါင်းရဲ့တဝက်မပြည့်ဘူး။ ဒါကြောင့်ဥပဒေပြုရေးမှာ လိုအပ်တဲ့ ခိုင်လုံမဲ အင်အားမရှိဘူး၊ ဒါကြောင့်မို့လို့ အထက်လွှတ်တော် အမတ် ၂၅၀ အနက် ၂၄၉ ယောက်က စစ်တပ်ပါတီက ပရာရွတ်ကိုမဲပေးခဲ့ကြတာဖြစ်တယ်။

ဒီနှစ် ၂၀၂၃ မှာ မဲ၅၀၀ အနက် ၃၁၃ မဲ အတိုက်အခံက ရထားပြီးဖြစ်လို့ ဥပဒေပြုနိုင်တဲ့အာဏာကို အမိအရလက်ဝယ်ထားနိုင်ပြီဖြစ်လို့ လူနည်းစုအမတ်အုပ်စုကို အစိုးရဖွဲ့ဘို့ ဆီးနိတ်ကမဲပေးခဲ့ရင် တက်လာမဲ့အစိုးရက ဘာဥပဒေမှပြုလို့ရမှာမဟုတ်ဘူး။
ဥပမာ ဘတ်ဂျက် ဥပဒေတောင် အတည်ပြုလို့မရလို့ အစိုးရအဖွဲ့ လည်ပတ်ဘို့တောင် စွမ်းနိုင်မှာ မဟုတ်ဘးလို့ထောက်ပြပါတယ်။ ဒီနိုင်ငံရေးအကြပ်အတည်းကို ဆီးနိတ်တာတွေက မကြုံစေချင်ပါဘူးလို့ ဆိုတယ်။

၂။ ပြီးခဲ့တဲ့ ပရာရွတ်အစိုးရလက်ထက်မှာကို ဆီးနိတ်တာ အမတ်၆၀ က လက်ရှိရေးဆွဲထားတဲ့ ဝန်ကြီးချုပ်ရွေးကောက်တင်မြှောက်ရေးစနစ်ကို မကြိုက်လို့ပြင်ဆင်ဘို့ အဆိုပြုခဲ့ကြတယ်လို့ဆိုပါတယ်။ သို့သော်ထောက်ခံမဲ့အပြည့်အဝမရခဲ့လို့ အဆိုမအောင်ခဲ့ဘူးလို့ဆိုပါတယ်။ ဒီပြုပြင်ရေးလိုလားတဲ့ ဆီနိတ်တာတွေက မဲအများဆုံးရခဲ့တဲ့ အတိုက်အခိုက်ပါတီတွေကို အစိုးရဖွဲ့ဘို့ ထောက်ခဲမဲပေးကြမှာပါလို့ဆိုတယ်။

၃။ ဒီလို ဆီနိတ်တာ ၂၅၀ ထဲမှာကို ပြုပြင်ရေးလိုလားသူတွေရှိလာလို့ ကျန်နေတဲ့တနှစ်တာ သက်တမ်းအတွင်းမှာ နိုင်ငံအတွက်အကောင်းဆုံး လုပ်ပေးမယ်လို့ ဆုံးဖြတ်တဲ့ အမတ်တွေ ပိုတိုးလာမယ်လို့ဆိုပါတယ်။

ဒါကြောင့်မို့လို့လဲ ပီတက ဒီနေ့ထွက်ပြောရာမှာ ရွေးကောက်ပွဲမှာ မဲတတိယအများဆုံးရထားတဲ့ ဆေးခြောက်ပါတီ Bhumjaitai ကို ညွှန့်ပေါင်းဖွဲ့ဘို့ မဖိတ်ခေါ်ဘူးလို့ ပြောပါတယ်။
King maker ဆိုပြီးကြေးကိုင်နေတဲ့ ဆေးခြောက်ပါတီကို အောက်စည်းကမဝင်တော့ပဲ မင်းငါတို့နဲ့လာမပေါင်းရင် ဘာရာထူးမှ ရမှာလည်းမဟုတ်ဘူး မင်းတို့ ပြုချင်တဲ့ဥပဒေတွေလည်း မထောက်ခံပေးနိုင်ဘူးဆိုပြီး အထက်စည်းကပြန်ကန်တဲ့သဘောပါပဲ။ အပြန်အလှန်လွန်ဆွဲပွဲလို အားစမ်းနေကြတာထင်ပါတယ်။

ကြည့်ရတာတော့ MFP ဟာ နိုင်ငံရေးစျေးကိုင်တဲ့ ပါတီတွေကိုညှိုတာထက် လူထုအားကို ယူပြီး ဆီးနိတ်တာတွေသူ့ဘက်ပါလာအောင် လုပ်တာကို ပိုအားသန်နေပုံရပါတယ်။ ဒီအတိုင်းဆိုရင်တော့ နောက်ရက် ၆၀ အတွင်း လူထု campaign တွေလှုံဆော်ရင်း ဆီးနိတ်တာတွေကို တွန်းအားပေးတာ ဆက်တိုက်လုပ်သွားမှာကို မြင်တွေ့ရဘွယ်ရှိပါတယ်။

MFP ရဲ့ နည်းဗျူဟာက အလုပ်ဖြစ်နိုင်မဖြစ်နိုင် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Behavior economic principles တွေကို ဟားဘတ်ကျောင်းဆင်း ပီတ တယောက်ကောင်းကောင်းကြီးအသုံးချနေပုံပဲ။

ကုန်တိုက်ထဲ လူအုံနေအောင်လုပ်ပြီး စျေးချနေတာ ဒီနေ့ နောက် ဆုံးနော် ၁၀၀ ကျပ်နဲ့ရမယ် နောက်နေ့ဆိုရင် ပုံမှန်စျေး ၁၀၀၀ နဲ့ဝယ်ရမှာ လို့ ကြော်ငြာနေတော့ ဘေးက ဖြတ်သွားသူတွေတောင် မဝယ်လိုက်ရင် အပြစ်ရှိသလိုဖြစ်သွားမှာမို့ လူအုပ်ထဲတိုးဝှေ့ဝင်ပြီး စျေးလုဝယ်ရသလိုမျိုး ဆီးနိတ်တာတွေ ပြိုင်ဖက်ပါတီတွေသူ့ဘက်ပါလာအောင် လုပ်နေသလားမှတ်ယူရတယ်။

ဘာပဲဖြစ်ဖြစ် သူ့ကိုရစေချင်ပါတယ်။ သမိုင်းတလျှောက်မှာ မြန်မာ့နိုင်ငံရေးနဲ့ ဒီမိုကရေစီပြောင်းလဲရေးနှင့်ပတ်သက်ပြီးသူ့လောက်ပေါ်ပေါ်တင်တင်ရပ်တည်ချက် ပြောတာ မတွေ့ဘူးသေးလို့ပါ။