• Today is: Friday, March 29, 2024

မြန်မာစစ်အုပ်စုအား အလျှော့ပေးချွေးသိပ်နေသူများတွင် သက်သေပြစရာ အခိုင်အမာမရှိဖြစ်နေ

မြန်မာစစ်အုပ်စုအား အလျှော့ပေးချွေးသိပ်နေသူများတွင် သက်သေပြစရာ အခိုင်အမာမရှိဖြစ်နေ

ဘာသာပြန်ဆေင်းပါး ကဏ္ဍ

တိုင်းပြည်အတွင်း စစ်ရေးဟန်ချက်က ပြောင်းလဲလာလျက် ရှိနေသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်ခုခံမှုမှ ပေါက်ဖွားလာခဲ့သည့် မြန်မာနိုင်ငံမှ တော်လှန်ရေးသည် ၎င်း၏ တတိယမြောက်နှစ်အတွင်းသို့ ရောက်ရှိလာခဲ့သည်။ အတိုက်အခံပြုရာ နယ်မြေဒေသများရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲမှုများနှင့် အမြောက်နှင့်လက်နက်ကြီး ပစ်ခတ်မှုများဖြင့် စစ်တပ်က တိုက်ခိုက်နေခြင်းကြောင့် အကြမ်းဖက်မှုများက ဆက်လက်၍ ပြင်းထန်မြင့်တက်လာလျက် ရှိနေသည်။

ဘီလူးစစ်ကြောင်းဟု ခေါ်သည့် စစ်ကြောင်းများက စစ်တပ်၏ အစဉ်အလာအရ စစ်သားစုဆောင်းရာ နေရာဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာများအား ပုံမှန်စီးနင်းကာ အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများဖြင့် အညံ့ခံဒူးထောက်လာစေရန် အင်အားသုံးဖိနှိပ်၍ တရစပ်ကြိုးပမ်းလျက် ရှိနေသည်။

သို့ရာတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများအတွင်းရှိ မဟာမိတ်များ၏ အမျိုးသားညီညွတ်ရေး အစိုးရ (အန်ယူဂျီ) ကို ဝန်းရံထားသည့် ဒီမိုကရေစီ ညွန့်ပေါင်းမဟာမိတ်အဖွဲ့က အရှိန်ရတိုးတက်မှု ရှိလာနေသည်။

ယခုအခါ နေရာအနှံ့ လေကြောင်းမှတဆင့် တိုက်ခိုက်မှုများမှလွဲ၍ နိုင်ငံ၏ နေရာဒေသအများအပြားအား စစ်အုပ်စုက လက်လှမ်းမီခြင်း မရှိတော့ချေ။ ကောင်းစွာခံစစ်တည်ထားသည့် စစ်ဘက်ဆိုင်ရာ တည်ဆောက်မှုများအား ယခုအခါ ဒီမိုကရေစီ အင်အားစုများက ဒုံးကျည်များဖြင့် ပစ်ခတ်နိုင်နေကြပြီ ဖြစ်သည်။ ၎င်းတို့၏ ပြောက်ကျားပုံစံ တိုက်ခိုက်မှုများက စစ်တပ်၏ ခံတပ်မြို့တော် နေပြည်တော်နှင့် ပိုမိုနီးကပ်လာလျက် ရှိနေကြသည်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး မဏ္ဍိုင်အဖွဲ့ (ယူအက်စ်အိုင်ပီ) ၏ သုတေသနစစ်တမ်းအသစ်အရ စစ်တပ်သည် ယခင်ကယူဆထားခဲ့သည်ထက် ပိုမိုအားနည်းသည့် အခြေအနေတွင် ရှိနေပြီး – ထိရောက်မှုရှိသည့် တိုက်ခိုက်ရေးတပ်ဖွဲ့ အင်အား ၇၀,၀၀၀ နှင့် စစ်ရေးအရ အသုံးချနိုင်သော အတိအကျမသိရှိရသေးသည့် ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ မျှသာ ရှိသည်ဟု ဖော်ပြထားသည်။

ဒီမိုကရေစီ အင်အားစုတပ်ဖွဲ့များ၏ အင်အားများ တိုးမြင့်လာနေချိန်တွင်၊ သေပျောက်မှုများ၊ တပ်မှစွန့်ခွာထွက်ပြေးမှုများနှင့် ဘက်ပြောင်းမှုများက စစ်တပ်၏ တပ်ဖွဲ့ဝင်အင်အားကို လျော့ကျလာစေသည် – အန်ယူဂျီ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား ၆၅,၀၀၀ ခန့် ရှိနေပြီး၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (ကေအိုင်အို)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) နှင့် ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) တို့တွင် တပ်ဖွဲ့ဝင်အင်အား ထောင်သောင်းချီလျက် တိုး၍လာခဲ့သည်။

နှစ်ဘက်အကြား ကြီးမားသည့်ခြားနားချက်မှာ စစ်တပ်တွင် ရှိနေသည့် ကြီးမားသာလွန်ကောင်းမွန်သော စစ်လက်နက် ကိရိယာများအပေါ်တွင် ဆက်၍ တည်ရှိနေသည်။

ယခုအခါ ဝါရင့်အကဲခတ်များက စစ်တပ်က ရှုံးလာနေသည်ဟု ထောက်ပြလာကြသည်။ လက်ရှိ သွားရာလမ်းကြောင်းတွင် အကယ်၍ စစ်တပ်နှင့် စစ်တပ်က ကျားကန်ပေးထားသည့် စစ်အုပ်စုတို့အနေဖြင့် ပြိုလဲကျလာမည်လား ဆိုသည်က မေးစရာမေးခွန်း မဟုတ်တော့ဘဲ၊ မည်သည့်အချိန်တွင် ပြိုလဲကျမည် ဆိုသည်ကသာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ဤအချက်က မြန်မာနိုင်ငံတွင် စစ်ပွဲ၏ အဆုံးသတ်ကို ရှာဖွေနေကြသူများအတွက် သတင်းကောင်းတစ်ခု ဖြစ်သင့်သည်။ သေချာသည်မှာ ထိုအချက်က နောက်ထပ် ရိုင်းစိုင်းဆိုးသွမ်းသည့် အဖော်တစ်ဦးအား ဆုံးရှုံးရနိုင်ခြေရှိနေသော မိတ်ဆွေမဲ့နေသည့် ရုရှားအတွက် သတင်းကောင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ နောက်ထပ် စစ်အုပ်စု၏ လက်ရှိမိတ်ဆွေ ဖြစ်နေသည့် အိန္ဒိယသည် နံရံပေါ်တွင် ရေးသားထားသည်ကို နောက်ဆုံးအဓိပ္ပါယ်ဖော်လာနိုင်သည့်အခါ သိရှိလာဖွယ် ရှိနေသည်။ ထိုင်းသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်လာလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်တွေ့မြေပြင်နှင့် များစွာ ပိုမိုနီးစပ်မှုရှိသည့် တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားအတွက် စီမံကိန်းများကို ရှေ့ဆက်မောင်းနှင်ရန် စစ်အုပ်စုနှင့် လက်တွဲ၍လုပ်ဆောင်နေသော်လည်း၊ စစ်အုပ်စုအပေါ် ၎င်း၏ အပြည့်အဝ ထောက်ခံမှုရှိသည်ကို ငြင်းဆိုလျက် ခုခံတော်လှန်မှုနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိလာမည် ဖြစ်သည်။

သို့သော်လည်း လက်ရှိအခြေအနေအရ စိတ်ဝင်စားစရာ ရှိနေသည်မှာ၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရ ပြန်လည်ရရှိရေးကို အပြင်ပန်းထောက်ခံအားပေးနေကြသည့် အနောက်နိုင်ငံအချို့နှင့် အာရှဒီမိုကရေစီနိုင်ငံအချို့၏ လုပ်ဆောင်ချက်များ ဖြစ်သည်။

မကြာသေးမီက စစ်အုပ်စုကို ဆန့်ကျင်သည့် အတိုက်အခံပြုသူများအကြား သဘောထားကွဲလွဲမှုများ အများအပြား ဖြစ်ပွားခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) နှင့် လူနည်းစုတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့၏ ဒီမိုကရေစီညွန့်ပေါင်းအဖွဲ့ဖြစ်သည့် အန်ယူဂျီသည် နှေးကွေးစွာရွေ့လျားနေသည့် ဘုံသဘောတူညီမှုယန္တရား တစ်ခုဖြစ်နေသည်။

တော်လှန်ရေး အင်အားစုများအကြား အရေးမကြီးသည့်ကိစ္စရပ်များအပေါ် အကြီးအကျယ် အငြင်းပွားနေကြမှုများနှင့် ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံ ဖြစ်လာမည့် နိုင်ငံရေးဗိသုကာပုံစံအသစ်တွင် တိုးတက်မှုနှေးကွေးနေခြင်းတို့နှင့် ပတ်သက်၍၊ ရန်ကုန်နှင့် ထိုင်းနယ်စပ်ရှိ သံတမန်များနှင့် ဖွံ့ဖြိုးရေးလုပ်ဖော်ကိုင်ဖက်များအကြား ညည်းတွားပြောဆိုလျက် ရှိကြသည်။

ဤတော်လှန်ရေးမှာ လူထုက အောက်ခြေမှစ၍ စတင်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အန်ယူဂျီ၊ ပြည်ထောင်စုလွှတ်တော်နှင့် ရွေးကောက်ခံလွှတ်တော်တို့ အသီးသီးက ပါဝင်ဖွဲ့စည်းမှုနှင့် အမြင်သဘောထားအရ အလွန်အမင်း စုံလင်ကွဲပြားလွန်းနေသည် ဆိုသည့်အချက်က ဤလှုပ်ရှားမှု၏ အဓိကကျသည့်အင်အား ဖြစ်သည်။

မြန်မာနိုင်ငံ အနာဂတ်အတွက် အခြေခံကျသည့်အဆင့်များကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည်။ ကြီးမားကျယ်ပြန့်သည့် အပေးအယူလုပ်စျေးဆစ်မှုများတွင် အောင်မြင်မှုမရှိခြင်းက ရှုံးနိမ့်မှုတစ်ခု မဟုတ်ပေ။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ယူအယ်လ်အေ) နှင့် ဝပြည် သွေးစည်းညီညွတ်ရေးပါတီတို့ကဲ့သို့သော အဓိကကျသည့် ပါဝင်ပတ်သက်သူများအား နေရာချထားပေး၍ မရနိုင်သေးသဖြင့်၊ အမှန်တကယ်တွင် ထိုကဲ့သို့သော ညှိနှိုင်းမှုမျိုးအတွက် အချိန်မတန်သေးပေ။

ကျန်ရှိနေသည့် အချက်မှာ၊ ယခုအခါ အန်ယူဂျီသည် အုပ်ချုပ်ရေးအစိုးရအဖြစ် ဆောင်ရွက်လျက် ရှိနေခြင်းဖြစ်သည်။ အန်ယူဂျီနှင့် ၎င်း၏ တိုင်းရင်းသားမဟာမိတ်များက ၎င်းတို့အုပ်ချုပ်မှုအောက်ရှိ လွတ်မြောက်နယ်မြေများကို ထိန်းချုပ်မှုအား တိုးချဲ့လျက် ရှိနေကြသည်။ ယခုအခါ ပြည်ထောင်စုလွှတ်တော်သည် ပုံမှန်တွေ့ဆုံလျက်ရှိနေပြီး အမှန်တကယ်တွင် အဝေးမှကျင်းပသည့် ကမ္ဘာ့ပထမဆုံးသော လွှတ်တော်ဖြစ်သည်။ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအကြား မဟာမိတ်ဖွဲ့မှုက ထိန်းထားသည်။ ကရင်အမျိုးသားအစည်းအရုံးက မကြာသေးမီက ပြုလုပ်ခဲ့သည့် ၎င်း၏ညီလာခံတွင် ယင်းမဟာမိတ်ဖွဲ့မှုအား ရှင်းလင်းပြတ်သားစွာ အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ် အနောက်တောင်ပိုင်းဒေသ အများစုကို ထိန်းချုပ်ထားသည့် ရက္ခိုင့်တပ်တော် (အေအေ)၊ တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) တို့ ကဲ့သို့သော စစ်အုပ်စုအား ဆန့်ကျင်နေသော်လည်း နိုင်ငံရေးအရ မဟာမိတ်ဖွဲ့မှုအတွင်း ယခုအချိန်အထိ ပါဝင်လာခြင်း မရှိကြသေးသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများသည်ပင်၊ စစ်ရေးအရ မဟာမိတ်ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေကြသည်။

အားလုံးက သဘောတူညီမှုရှိကြသည့် အခြေခံအဆိုပြုချက်မှာ – မြန်မာနိုင်ငံသည် ဗဟိုချုပ်ကိုင်မှု များစွာလျှော့ချထားသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်ပြီး၊ နိုင်ငံရေးတွင် စစ်တပ်အတွက် နောက်ထပ်အခန်းကဏ္ဍမရှိတော့ ဟူ၍ဖြစ်သည်။

စစ်တပ်က မိမိဆန္ဒရှိသည့်အတိုင်း ဖောက်ဖျက်နိုင်သည့် စစ်တပ်က ရေးဆွဲထားသော ဒီမိုကရေစီနည်းလမ်းမကျသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံလျက်၊ လူထုထောက်ခံမှု ၈၀ ရာခိုင်နှုန်းကို ရရှိထားခဲ့သည့် နိုင်ငံရေးပါတီများအား ဖယ်ထုတ်ထားသည့် အတုအယောင် ရွေးကောက်ပွဲများနှင့်အတူ၊ မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ဆက်လက်လွှမ်းမိုးမှု ရှိနေရေးကို အခြေခံသည့် စစ်အုပ်စု၏ ရွေးချယ်စရာ မျှော်မှန်းချက်အမြင်က မြန်မာနိုင်ငံအတွင်း ရှိနေကြသူ မည်သူ့ကိုမဆို ဆွဲဆောင်နိုင်ခြင်း မရှိတော့ချေ။ စစ်အုပ်စုအနေဖြင့် နိုင်ငံကို ထိန်းချုပ်ထားနိုင်ခြင်း မရှိသဖြင့် ၎င်း၏ အတုအယောင် ရွေးကောက်ပွဲများကို အကြိမ်ကြိမ် ရွှေ့ဆိုင်းလာခဲ့ရသည်။ စစ်အုပ်စုတွင် ပြစရာ အောင်မြင်မှုရရှိနိုင်သည့် ရှေ့ဆက်ရမည့်အစီအစဥ် မရှိတော့ပေ။

စီးပွားရေးက ကမောက်ကမ ဖြစ်နေချိန်တွင် ယခုအခါ မိမိတို့တွင် ရှိနေသည်က၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့်၊ နေ့စဉ်နှင့်အမျှ လူထုအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်နေသည့်၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုတ်ယုတ်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတို့အပေါ် အခြေခံသည့် တရာမဝင်ကပ်ပါး သယံဇာတထုတ်ယူမှု လုပ်ငန်းမှတဆင့် မိမိကိုယ်မိမိ ထိန်းသိမ်းနေရသည့်၊ မအောင်မမြင်ဖြစ်နေသော စစ်အုပ်စုသာ ဖြစ်သည်။

အာဏာသိမ်းမှုအတွင်း စစ်တပ်က မိမိကိုယ်တိုင် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မိမိတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ကာ၊ မြန်မာနိုင်ငံ၏ ပထမဆုံးသော “ဒီမိုကရေစီ အသွင်ကူးပြောင်းမှု” ကို လမ်းချော်သွားစေခဲ့ပြီး၊ အထင်အရှားပင် မည်သူကမျှ စစ်တပ်အား ယုံကြည်မှု မရှိကြတော့ချေ။ ထိုအချက်၏အထက်တွင် ယခုအခါ စစ်ရေးအရ ရှုံးနိမ့်လာလျက် ရှိနေခြင်းဖြစ်သည်။

———————————–

• အောင်မြင်မှုမရှိသည့် မူဝါဒအား အလျှော့ပေးချွေးသိပ်နေမှု •

ဤကပ်ပါးအဖွဲ့အစည်းအား တိုင်းပြည်မှဖယ်ရှားရာတွင် ဒီမိုကရေစီညွန့်ပေါင်းအဖွဲ့အား ကူညီမှုပေးရန်ဆိုသည်မှာ ခေတ်မီတိုးတက်သည့် ဒီမိုကရေစီစနစ်အတွက် လွယ်ကူရှင်းလင်းနေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် ပြန်လည် စဉ်းစားကြည့်သင့်သည်။

ဆွစ်ဇာလန်နှင့် ဂျပန်တို့ကဲ့သို့ အတွေ့အကြုံရှိသည့် ဝါရင့်မိတ်ဖက်နိုင်ငံများက အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဥ်များတွင် ကြားဝင်စေ့စပ်ပေးခြင်းဖြင့် စစ်အုပ်စုနှင့် အလိုက်အထိုက် လိုက်လျောညီထွေဖြစ်စေရန် ဆက်လက်ကြိုးစားလျက် ရှိနေကြသည်။

အထူးသဖြင့် တက်ကြွမှုရှိသည့် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့အစည်းတစ်ခု၏ ဝန်ထမ်းများက ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသည့် တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်စနစ်အောက်တွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများအား ထားရှိနိုင်မည့် အလားအလာများအကြောင်းကို အစည်းအဝေးများတွင် ပြောဆိုကာ စိတ်ကူးယဉ်အိပ်မက် မက်နေကြကြောင်း သတင်းများအရ သိရှိရသည်။ ယင်းမှာ အောင်မြင်မှုမရှိသည့် ပထမ “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” အစီအစဥ်အတွင်း တိုင်းပြည်အပေါ် စစ်တပ်ကပြဌာန်းခဲ့ပြီး၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွင် ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်နေသည်။

ထိုကဲ့သို့သော အပေးအယူလုပ်မှုက စိတ်ကူးယဉ်ရန်အတွက် အမှန်တကယ် ကောင်းသော်လည်း “သေဆုံးမှုများနှင့် ဆင်းရဲဒုက္ခ ရောက်ရမှုများအား အဆုံးသတ်သွားစေရန်” အတွက် စစ်အုပ်စုနှင့် ၎င်းတို့၏ အခွင့်ထူးခံဆက်ဆံရေးကို အသုံးချရန် ကြိုးပမ်းနေကြသည့် ငြိမ်းချမ်းရေးအကျိုးဆောင် ဖြစ်လာနိုင်သူများ၏ မောက်မာမှုနှင့် စကားပြောဆိုရခြင်းမျိုး ဖြစ်နေသည်။ ဤငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စိတ်ထဲတွင် မြန်မာနိုင်ငံလူထု၌ မည်သည့် လုပ်ဆောင်နိုင်စွမ်းနှင့် ရွေးချယ်နိုင်စွမ်းမျှ မရှိဘဲ၊ တိုက်ပွဲဝင်မှုနှင့် သေဆုံးရခြင်းတို့အကြား ရွေးချယ်ပိုင်ခွင့်ပင် မရှိ ဖြစ်နေပုံရသည်။

အဆိုပါ ငြိမ်းချမ်းရေးအကျိုးဆောင်များက ငြိမ်းချမ်းရေး၏ အမည်အောက်တွင်၊ စစ်တပ်၏ အခွန်အခကောက်ခံရာ နိုင်ငံအဖြစ် ကျားကန်ထားသည့် သေချာရေရာမှုမရှိသော ဖြစ်ကတတ်ဆန်း နောက်ထပ် “အသွင်ကူးပြောင်းမှု” တစ်ခု အတွင်းသို့ မြန်မာလူထုအား တွန်းပို့ကြလိမ့်မည် ဖြစ်သည်။ ဤပုံစံ၏ အောင်မြင်မှုကို ယခုအခါ ဆူဒန်က ပြသနေပြီ ဖြစ်သည်။

စစ်အုပ်စုအား လိုက်လျောညီထွေ နေရာပေးနေကြသူများတွင် နောက်ထပ်သက်သေပြစရာ အထောက်အထား အခိုင်အမာမရှိ ဖြစ်နေရသည်။ စစ်တပ်အတွင်းသို့ ဝင်ရောက်ရာ ၎င်းတို့၏ “အခွင့်ထူးခံ လမ်းကြောင်းများ” က ပထမအကြိမ် “အသွင်ကူးပြောင်းရေး” ကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေ‌ရန် ထိန်းထားနိုင်ရေးအတွက် မည်သည်ကိုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ၊ ယခုအခါ ၎င်းတို့မှာ အသုံးဝင်မှု မရှိတော့ပေ။ တိုင်းပြည်များတွင် ၎င်းတို့၏ သံတမန်ဝန်ထမ်းများအား ပုံမှန်အချိန်ကာလ အပိုင်းအခြားအတွင်း အလှည့်ကျပြောင်းလဲစေသည့် အကြောင်းရင်းတစ်ရပ် ရှိနေသည်။ ယခုအချိန်သည် အချို့သော လုပ်ဖော်ကိုင်ဖက်များအတွက် အကြောင်းအရာများအပေါ် အမြင်သစ်ရှိနေသည့် လူသစ်များကို ခေါ်ယူလာကြရမည့် အချိန်ဖြစ်သည်။

လျော့နည်းသည့် အဆိုးမြင်မှုရှိသူ လက်တွဲဖော်များသည်ပင် တိုး၍လုပ်ဆောင်ကြရန် လိုအပ်နေသည်။ အမေရိကန် ပြည်ထောင်စုသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့အတွက် အသုံးဝင်သည့် အထောက်အကူပစ္စည်းများကို ပံ့ပိုးပေးနေသည့် တစ်ခုတည်းသော မိတ်ဖက်နိုင်ငံ ဖြစ်သည်။ ဒီမိုကရေစီ အဖွဲ့အစည်းများအနေဖြင့် အဓိကအားဖြင့် ငွေကြေးထောက်ပံ့မှုနှင့် ဒုတိယအဆင့်တွင် အကြံဉာဏ်ပေးခြင်းများဖြင့် ပံ့ပိုးပေးရန် လိုအပ်နေသည်။

ဥရောပသမဂ္ဂအနေဖြင့် ပြောဆိုမှုများတွင် များစွာရှိနေသော်လည်း လုပ်ဆောင်မှုတွင်မူ နည်းပါးလွန်းနေသည်။ ရာထူးတွင် ခန့်အပ်ခံရသည့် အစိုးရအရာရှိ ဗျူရိုကရက်များအနေဖြင့် တရားဝင်အသိအမှတ်ပြုမခံရသည့် အစိုးရတစ်ရပ်အား ရန်ပုံငွေထောက်ပံ့ရေး နည်းလမ်းရှာဖွေရန် ခက်ခဲကြောင်း နားလည်နိုင်သည်။ သို့ရာတွင် အဆင့်မြင့် ထုတ်ပြန်ချက်များနှင့် အရင်းအမြစ်များ လွှဲပြောင်းပေးအပ်ခြင်း မပါရှိသည့် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို အဝေးမှကျင်းပခြင်းများက လုံလောက်မှုရှိလိမ့်မည် မဟုတ်ပေ။

သေချာသည်မှာ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ အဆင်ပြေချောမွေ့စေရေး စီစဥ်ပေးသူများနှင့် အကြံပေးများတွင် အခန်းကဏ္ဍအသီးသီး ရှိနေကြသည်။ ဒီမိုကရေစီ ညွန့်ပေါင်းမဟာမိတ်များအနေဖြင့် ရှေ့ဆက်ရမည့်ခရီးလမ်းနှင့် ပတ်သက်၍ ၎င်းတို့အချင်းချင်းအကြား လိုအပ်သော ခက်ခဲသည့် စကားပြောဆိုမှုများရှိနေရန်နှင့် အသိပေးမှုတွင် ချောမွေ့စေရန် ပံ့ပိုးကူညီမှုများဖြင့် ရေရှည်တွင် လုပ်ဆောင်နိုင်ကြသည်။ သို့ရာတွင် လက်ရှိအချိန်တွင် ဒီမိုကရေစီ အဖွဲ့အစည်းများအတွက် အလိုအပ်ဆုံးအရာမှာ ငွေကြေးဖြစ်သည်။

နောက်ဆုံးအနေဖြင် လက်ရှိ လုပ်ဆောင်မှုမရှိခြင်းအတွက် အန္တရာယ်ရှိနေသည်ဆိုသည်ကို နားလည်ထားရန် လိုအပ်သည်။ အကြမ်းဖက်မှုများ ပါဝင်နေသည့်တိုင် စစ်အာဏာရှင်တို့၏ အလျင်အမြန် ပြိုလဲကျမှုက၊ အချိန်ရှည်ကြာပြီး နှေးကွေးသည့် တစ်စစီ ယိုယွင်းလာမှုထက် အလွန်အမင်း ပို၍ လိုလားလက်ခံနိုင်စရာ ဖြစ်သည်။ ပြင်းထန်မှုနည်းပါးသည့် ပဋိပက္ခဖြင့် နိုင်ငံပြိုလဲမှုက၊ စစ်ဖြစ်မှုများကြောင့် ပြိုလဲမှုကဲ့သို့ပင် လူသေဆုံးရမှုနှင့် ဒုက္ခရောက်ရမှုများတွင် တူညီသည့် အတိုင်းအတာဖြင့် ဖြစ်လာစေလေ့ ရှိသည်။

အန်ယူဂျီ နှင့် တိုင်းရင်းသားလုပ်ဖော်ကိုင်ဖက်များအကြား ကျယ်ပြန့်သည့် ရင်းနှီးကြွမ်းဝင်မှုနှင့် ကြိုးပမ်းအားထုတ်မှုများ ရှိနေကြသော်လည်း၊ ၎င်းတို့အနေဖြင့် လူဦးရေ၏ ကြီးမားသည့် အတိုင်းအတာကို ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ခြင်း မရှိကြပေ – မျိုးဆက်တစ်ခုမှာ ကျောင်းပညာရေးအတွက် ဆုံးရှုံးနစ်နာနေကြရသည်။ ပံ့ပိုးကူညီမှုနှင့် ဆက်လက်၍ အရှိန်အဟုန် မြှင့်တင်ပေးမှုများ မရှိပါက၊ လက်ရှိ ဒီမိုကရေစီညွန့်ပေါင်းမဟာမိတ်အဖွဲ့အနေဖြင့် ချိနဲ့ဆုတ်ယုတ်လာနိုင်ပြီး၊ စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းမှုရှိသည့် မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော မျှော်လင့်ချက်က မှေးမှိန်ပျောက်ကွယ် သွားနိုင်သည်။ ဤအဖြစ်ဆိုးကြီးအား ရှောင်ရှားနိုင်ရန်အတွက် လိုအပ်ချက်က များစွာမရှိလှပေ။

————————-

The original article was published in Asia Times

Myanmar junta’s appeasers have no leg to stand on  – Asia Times

By Philipp Annawitt 

Igor Blazevic တင်ဆက်မှုကို FJMM က ပြန်လည်ဖော်ပြသည်။