• Today is: Monday, May 20, 2024

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

(၃)လအစီရင်ခံစာ

(၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ၊ မတ် ၊ဧပြီ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာပြုစုပေါင်းချုပ်၍ ထုတ်ပြန်လျက်ရှိသည်။

ဤတစ်ကြိမ်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ (၃) လအတွင်း အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာများကို အောက်ပါအတိုင်း စုစည်းတင်ပြထားပါသည်။

အပိုင်း ()

ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့်လုံခြုံရေး နောက်ဆက်တွဲအခြေအနေများ

(က) တိုက်ပွဲဖြစ်ပွားမှုနှင့်  နှစ်ဘက်စစ်သားသေဆုံးမှု

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ (၃) လအတွင်း တိုင်းရင်းသား ပြည်နယ်ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ် အကြိမ်ပေါင်း ရှစ်ရာ (၁၅၃၀) ကျော် ဖြစ်ပွားခဲ့ရာ ကရင်ပြည်တွင် (၁၂၀၀) ကျော်ဝန်းကျင်ဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။

ကချင်ပြည် နှင့် ရှမ်းပြည်တွင် (၄၀)  ကြိမ်ခန့်စီ ဖြစ်ပွားခဲ့ပြီး ၊ ကရင်နီပြည်တွင် (၁၆၀) ကြိမ်ထက်မနည်း၊ ချင်းပြည်နယ်တွင် (၇၀) ကြိမ်ခန်နှင့် မွန်ပြည်တွင် (၂၀) ကြိမ်ထက်မနည်း အသီးသီးဖြစ်ပွားသည်။

 (၃) လအတွင်း စစ်ကောင်စီ တပ်သား‌ပေါင်း (၂၀၉၀) ကျော် သေဆုံးခဲ့ပြီး ကရင်ပြည်တွင် (၁၂၆၀) ကျော်နှင့် ကရင်နီပြည်တွင် (၃၇၀)ကျော်ဝန်းကျင်ဖြင့် အများဆုံး သေဆုံးပါသည်။ ကချင်ပြည်တွင် စကစ (၄၀) ဝန်းကျင်၊ ချင်းတွင် (၃၁၀) ကျော်ခန့်၊ ရှမ်းတွင် (၆၀) ဦးကျော် နှင့် မွန်ပြည်တွင် (၄၀) ဦးထက်မနည်း၊ အသီးသီး စကစ စစ်သားများ သေဆုံးပါသည်။ တိုင်းရင်းသားဒေသများတွင် တော်လှန်ရေးတပ်သားပေါင်း (၉၀) ဝန်းကျင် ကျဆုံးခဲ့ပြီး ကရင်ပြည်တွင် (၃၅) ဦးကျော်ဖြင့် အများဆုံး ကျဆုံးမှုရှိပါသည်။

(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ

(၁) ကချင်ပြည်နယ် နှင့် ထိစပ်ဒေသများ

၂၀၂၃ ဖေဖော်ဝါရီ မှ ဧပြီ (၃) လအတွင်း ကချင်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့သလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ ကာကွယ် ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဘက် ထိတွေ့ တိုက်ပွဲ ပေါင်း (၃၇) ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် တော်လှန်ရေး အင်အားစု အဖွဲ့အစည်းများသည် ကချင်ဒေသ များထဲက ဗန်းမော်ခရိုင် ရွှေကူမြို့၊ ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ၊ ဖားကန့်မြို့နယ် ကံဆီ‌ဒေသတို့အပြင် ကချင်-စစ်ကိုင်း နယ်စပ် ဒေသများဖြစ်တဲ့ ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့် စသော မြို့နယ်များ နှင့် ကချင်-ရှမ်း-မြောက် ဒေသရှိ ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်၊ နောင်ချို စသော မြို့နယ်များသို့လည်း KIA တပ်မဟာများ၏ စစ်ရေးကွပ်ကဲမှုများဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်များနှင့် ပူးပေါင်း စစ်ဆင်လျှက် ရှိပါ သည်။

(၂) ကယား(ကရင်နီ)ပြည်နယ်နှင့် ထိစပ်ဒေသများ

၂၀၂၃ ဖေဖော်ဝါရီ မှ ဧပြီ (၃) လအတွင်း ကရင်နီပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော် (KA)တို့ကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့သလို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ် ရေးတပ်(KNDF)၊ အခြား ကရင်နီဒေသအခြေစိုက် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း (၃၇၇) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) အဖွဲ့များသည် ကရင်နီ ပြည်နယ်ထဲက ဒေသများအပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသများဖြစ်တဲ့ ရှမ်း-ကရင်နီ ထိစပ်ဒေသ ဖယ်ခုံ မြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်း မြို့နယ်သို့မှာလည်း စစ်မျက်နှာဖွင့်ကာ မိုးဗြဲ ပြည်သူ့ ကာကွယ်ရေးတပ်(Mobye-PDF)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF)၊ ရှမ်း-ကရင်နီနယ်စပ် အခြေပြု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (Pekhon-PDF) နှင့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) တို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေး လုပ် ဆောင်လျှက် ရှိသည်။

(၃) ချင်းပြည်နယ် နှင့် ထိစပ်ဒေသများ

၂၀၂၃ ဖေဖော်ဝါရီ မှ ဧပြီ (၃) လအတွင်း ချင်းပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ချင်းအမျိုးသား တပ်မတော် (CNA) တို့ကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သလို ချင်းအမျိုးသား တပ်မတော်(CNA) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)၊ ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း(၃၁၁) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသား တပ်မတော်(CNA)သည် စစ်ရေးလှုပ်ရှားမှုများအတွက် အဓိကကျသော အဖွဲ့အစည်းဖြစ်ပြီး ချင်းကာကွယ်ရေးပူးတွဲကော်မတီ (CJDC)အဖွဲ့ဝင်များဖြစ်တဲ့ မြို့နယ်/လူမျိုးစုအခြေပြု ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့နှင့် ပူးပေါင်း တိုက်ပွဲဖော်ဆောင်လျှက် ရှိသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)များဟာ ချင်းပြည်နယ်အတွင်းသာမက ထိစပ်ဒေသဖြစ်သည့် မကွေးတိုင်း ဒေသရှိ ကန့်ကောဒေသတစ်ဝိုက် နှင့် စစ်ကိုင်းတိုင်းမြောက်ဖက်ဒေသများဖြစ်သော ကလေးကဘော် ဒေသများ တွင်လည်း စစ်ရေးလှုပ်ရှားမှု ရှိသည်။

(၄) ကရင်ပြည်နယ် နှင့် ထိစပ်ဒေသ

၂၀၂၃ ဖေဖော်ဝါရီ မှ ဧပြီ (၃) လအတွင်း ကရင်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်မျိုးသားလွတ်မြောက် တပ်မတော် (KNLA) တို့ကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သလို ကရင်မျိုးသားလွတ်မြောက် တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း (၁၂၆၇) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ကော်သူးလေ အုပ်ချုပ်နယ်မြေခေါ် ကရင်မျိုးသားလွတ်မြောက် တပ်မတော်(KNLA)၏ ထိန်းချုပ်နယ်မြေ တွင် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သလို ထိစပ်ဒေသဖြစ်တဲ့ မွန်-ကရင်နယ်စပ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များတွင် ကရင်မျိုးသားလွတ်မြောက် တပ်မတော်(KNLA) ၏ စစ်ရေးကွပ်ကဲမှုဖြင့် သထုံပြည်သူ့ကာကွယ်ရေးတပ် – TPDF၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ခမ်းဒေါင်း (PPDF-KD)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF၊ ကရင်တော်လှန်ရေးတပ်ဖွဲ့- KRF စသည့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်လျှက် ရှိပါသည်။

(၅) မွန်ပြည်နယ် နှင့် ထိစပ်ဒေသ

၂၀၂၃ ဖေဖော်ဝါရီ မှ ဧပြီ (၃) လအတွင်း ကရင်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် မွန်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ကရင်မျိုးသားလွတ်မြောက် တပ်မတော်(KNLA) ၊ မွန်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ် ခဲ့ ကာ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း(၃၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာများဟာ ရေး၊ ပေါင် မြို့နယ်အပြင် မွန်-ကရင်နယ်စပ်(ထိစပ်ဒေသ) သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များတွင် တိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်။

မှတ်ချက်။ ။ ထိစပ်ဒေသက တိုက်ပွဲများကိုတော့ သက်ဆိုင်ရာ ပြည်နယ်များ၏ စာရင်းတွင် ထည့်သွင်း ထားပါသည်။
                                                                                             

အပိုင်း (၂)

အရပ်သားပြည်သူအပေါ်တိုက်ပွဲ၏ အကျိုးဆက်များ

(က) အရပ်သားပြည်သူ သေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှု

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ (၃) လအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှုနှင့် တိုက်ပွဲအတွင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သား ပြည်သူများ စုစုပေါင်း သေဆုံးမှု (၁၉၀) ဝန်းကျင်ခန့် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၇၀)ကျော် ဦးဝန်းကျင်ခန့်ရှိသည်။

ကရင်နီပြည် နှင့် ရှမ်းပြည်တွင် အရပ်သားသေဆုံးမှု (၄၄) ဉီးဝန်းကျင်စီဖြင့် အများဆုံးဖြစ်သည်။ ကရင် ပြည်တွင် အရပ်သား (၃၅) ဉီး၊ ကချင်ပြည်တွင် (၂၄) ဉီး၊ ချင်းပြည်တွင် (၂၉)ဉီး၊ မွန်ပြည်တွင် (၁၃) ဉီး စသည်ဖြင့် အရပ်သားသေဆုံးမှု အသီးသီးရှိပါသည်။

() အိုးအိမ်ပျက်စီးမှု

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ (၃) လအတွင်း တိုင်းရင်းသားဒေသအသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲ အတွင်း လက်နက်ကြီးထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်များ အိမ်ခြေ (၂၁၇၀) ကျော်ခန့် ပျက်စီး ခဲ့ရသည်။

ကချင်ပြည်တွင်(၁၀၉၀) ကျော်နှင့် ကရင်ပြည်တွင်(၅၉၀)ကျော်ဖြင့် ပထမနှင့် ဒုတိယအများဆုံး နေအိမ်ပျက်စီး မှုအသီးသီး ဖြစ်ပွားပြီး အလားတူ ကရင်နီပြည်တွင် (၂၇၀)ကျော်ခန့် ၊ ချင်းပြည်တွင် (၁၆၀) ဝန်းကျင်၊ မွန် ပြည်တွင် (၁၅) အိမ်၊ ရှမ်’ပြည်တွင်(၄၀) အိမ်ခန့် အသီးသီး ပျက်စီးရှုံးဆုံးမှုရှိပါသည်။                                              

အပိုင်း()

ပြည်နယ်/လူမျိုးအလိုက် ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ

(က) ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)  

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) သည် မြေပြင်လက်နက် ကိုင်တော်လှန်ရေးအတွက်  လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခမ်းဒေါင်း – (PPDF-KD) နှင့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) တပ်ဖွဲ့တို့ကို လက်နက်တပ်ဆင်ကာ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့နဲ့ ချိတ်ဆက် ပြီး တော်လှန်ရေးဆင်နွဲနေသည်ဟု PNFC ဥက္ကဌ ခွန်မြင့်ထွန်း မှ ၂၀၂၃ ခုနှစ် မတ် ၅ ရက်နေ့က ကျရောက်သော ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပြောကြားခဲ့သည်။​

PNFC စစ်ရေးဌာနအောက်ရှိတပ်ဖွဲ့များ မှ PPDF-KD သည် တပ်နယ်(၃) ခုဖြင့် လှုပ်ရှားလျက်ရှိပြီး တပ်နယ် (၁)သည် သု၀ဏဘူမိ သထုံဒေသ၊ တပ်နယ် (၂)သည် ဘားအံဒေသ နှင့် တပ်နယ် (၃) သည် ရှမ်းကရင်နီနယ်စပ်ဒေသတို့တွင် အသီးသီးလှုပ်ရှားကြပြီး တပ်နယ် (၁)ကို ခွန်လူချော(ခ) ခွန်ဆားဗွာ၊ တပ်နယ် (၂) ကို ခွန်ဝေထူး၊ တပ်နယ် (၃) ကို ခွန်ဆာကီ စသည်တို့က အသီးသီးဦးဆောင်သည်။  စစ်ရေးကွပ်ကဲမှုအနေဖြင့် တပ်နယ်(၁)၊ (၂) သည် (KNLA)၏ စစ်ရေးကွပ်ကဲမှုနှင့် ပူးပေါင်း လှုပ်ရှားနေပြီး ရှမ်းကရင်နီနယ်စပ်ဒေသရှိ တပ်နယ် (၃)သည်  ကရင်နီတပ်မတော် KA ၏ စစ်ရေးကွပ်ကဲမှုနဲ့ ပူးပေါင်းဆောင်ရွက်နေသည်။ အမျိူးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ၀န်ကြီးဌာန် (NUG-MOD) နှင့်လည်း စစ်ရေးကိစ္စများပူးပေါင်းဆောင်ရွက်မှုရှိသည်။

ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) ကို  ၂၀၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် လာဗွေစခန်း၌ ဖွဲ့စည်းခဲ့ပြီး ၎င်းတပ်ဖွဲ့သည်လည်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည်။ 

PNFC သည် ပညာရေး ကော်မတီအောက်မှ Online ကနေ သင်ကြားပေးနေတဲ့ ဖက်ဒရယ်ပညာဆိုင်ရာ သင်ကြားမှုကိုလည်း အကောင်အထည် ဖော်လျှက်ရှိသည်ဟု PNFC အထွေထွေ အတွင်းရေးမှူး ခွန်ဝါးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောသည်။

(ခ) တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ – TPCC

TPCC မှ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတတိယမူကြမ်းဆွေးနွေးပွဲ ( Ta’ang State Constitution Seminar) ကို ၂၀၂၃ ခုနှစ်၊ မတ်လ၊ ၁၁ မှ ၁၂ ရက်နေ့အထိ တအာင်းနိုင်ငံရေးခေါင်းဆောင်းများ၊ တအာင်း အရပ်ဘက်အဖွဲ့အစည်းများ၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ တက်ရောက်သူလူအင်အား (၁၅၀) ဦးဖြင့်ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတတိယမူကြမ်းကို ပြင်ဆင်၊ ဖြည့်စွက်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံမူများနှင့် ရွေးကောက်ပွဲဆိုင်ရာ သဘောထားရပ်တည်ချက်များ၊ စစ်အာဏာရှင်စနစ်ဖယ်ရှားပြီးနောက် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ အကောင်းဆုံး ဖြေရှင်းရေး စသောအကြောင်းအရာမျာ ဆွေးနွေး အတည်ပြုနိုင်ခဲ့သည်။ တအာင်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီကိုလည်း လူပုဂ္ဂိုလ်(၁၅)ဦးဖြင့် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ထိုကော် မတီမှတဆင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ တတိယမူကြမ်းကို ပြင်ဆင်ခြင်း၊ အသိပညာ ဖြန့်ဝေ ခြင်းနှင့် လူထုစည်းရုံးလှုံ့ဆော်ခြင်း လုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်ရန် ချမှတ်ခဲ့ သည်။

စစ်ကောင်စီမှ နိုင်ငံရေးထွက်ပေါက်အဖြစ် ပြုလုပ်ရန်ကြိုးပမ်းနေသော ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်အားသက်ဆိုးရှယ်စေမည့် ရွေးကောက်ပွဲသာဖြစ်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ကဲ့သို့သော လုပ်ရပ်များကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွတ်ကြောင်း ထုတ်ပြန်ထားသည်။

(ဂ) မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)

MSFC သည် မွန်ပြည်အစိုးရအဆင့် ဌာနဆိုင်ရာများကို ၂၀၂၃ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ဖို့ ကြိုးစားဆောင်ရွက်နေသည်ဟု ကောင်စီတာဝန်ရှိသူမှ ဖက်ဒရယ်ဂျာနယ်မြန်မာသို့ ပြောသည်။ MSFC တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးဟူ၍ ကော်မတီ (၃) ရပ်ရှိပြီး အုပ်ချုပ်ရေး ကော်မတီ၏အောက်တွင် ဌာန (၁၀) ခုရှိသည်။ လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများ အရေးပေါ် လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ အကောင်ထည် ဖော်ဆောင်ရွ က်နေသည်။ ထို့နောက် MSFC သည် ၂၀၂၃ ခုနှစ်၊ ဖေဖေဖာ်ဝါရီလ(၅) ရက်နေ့သို့ ကျရောက်သော (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင်  ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရန် အတုယောင်ရွေးကောက်ပွဲများနှင့် တွေ့ဆုံဆွေးနွေးမှုများမှ တဆင့် ရရှိနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လက်ရှိတော်လှန်ရေး အခင်းအကျင်း တွင် ပါဝင်ဆင်နွှဲတိုက်ပွဲဝင်ကြရန် ထုတ်ပြန်တိုက်တွန်းထားသည်။

(MSFC ကို မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC) က ၎င်း၏ ပထမ အကြိမ် ညီလာခံတွင် မွန်ပြည်သူများကို အမှန်တကယ်ကိုယ်စားပြုသည့် ခိုင်မာသော ပြည်နယ် အခြေပြု ဖက်ဒရယ် ယူနစ်တစ်ခု ပေါ်ပေါက်နိုင်ရန် အစုအဖွဲ့ (၁၁) ဖွဲ့ဖြင့်ဖွဲ့စည်းခဲ့သည်။)

(ဃ) ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC)

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏  အလုပ်အမှုဆောင်အဖွဲ့ကို ကရင်နီပြည်နယ်ကြား ကာလအစီအမံ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) ပါ ပြဌာန်းချက်နှင့်အညီ ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင် (၇) ဦးရှိပြီး ဥက္ကဋ္ဌအဖြစ် အောင်ဆန်းမြင့်၊ ဒု-ဥက္ကဋ္ဌအဖြစ် အယ်ဗလင်း၊ အထွေထွေအတွင်းရေးမှုးအဖြစ် ဆိုဖီယာဒေးမြ၊ တွဲဖက် အထွေထွေအတွင်းရေးမှုးအဖြစ် ခူးပိုးရယ် နှင့် အဖွဲ့ဝင်အဖြစ် မူအန်ဂျလာ၊ မိုက်ကယ်ဘိုးကယ်နှင့် ခိုးလ် ပတ်ထရစ် တို့ဖြစ်သည်။  

ကရင်နီအတိုင်ပင်ခံကောင်စီသည်  KSCC ၏ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အစီရင်ခံစာကို ပြည်သူလူထုသို့ တင်ပြခဲ့ပြီး အစီရင်ခံစာတွင် KSCC ၏ နိုင်ငံရေး ဦးတည်ချက်၊ လူသားချင်းစာနာထောက်ရေး ကော်မတီ၊ ကာကွယ်ရေးတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲအခန်း ကဏ္ဍ၊ ဌာနဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ ညီလာခံ နှင့် ရှေ့လုပ်ငန်းစဉ် များလည်း ပါဝင်သည်။

ကိုးကားချက်များ –

၁) လွတ်လပ်သော သတင်းမီဒီယာများ

၂) အမျိုးသားညီညွတ်ရေး အစိုးရ (NUG)

၃) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ

၄) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ

၅) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ

ဖက်ဒရယ်ဂျာနယ် မြန်မာ စုစည်းတင်ပြသည်။

——၀၀၀——-