• Today is: Sunday, April 14, 2024

အမှတ်(၃၈) ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ

ဖက်ဒရယ်ဂျာနယ် မြန်မာက ၃ လပတ် တစ်ကြမ် ထုတ်ဝေနေတဲ့ အမှတ်(၃၈) ဂျာနယ်စာစဉ်ကို ဖတ်ရှုနိုင်ပြီ။

 

– အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံကြီးဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အမျိုးသားတန်းတူခွင့်တွေအတွက် တိုက်ပွဲဝင်နေရတဲ့ တွန်းလှန်တော်လှန်စစ်ပွဲတွေ များခဲ့သလို၊ စနစ်ပြောင်း၊ ခေတ်ပြောင်း၊ နိုင်ငံရေးခေါင်းဆောင်ပြောင်းလဲဖို့အတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ တော်လှန်ရေးတွေ အစဉ်အဆက်နဲ့ သွေးမခြောက်နိုင်အောင် များပြားခဲ့ပါတယ်။

 

စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖိနှိပ်မှု၊ ဝါဒမှိုင်းတိုက်မှုနဲ့ နိုင်ငံရေးလှည့်စားမှုတွေကြောင့် ဖက်ဒရယ်အပါအဝင် လူ့အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီဟာ ၂၀၀၈ မတိုင်ခင်ကာလအထိ မသိမနားလည်ဘဲ နေခဲ့ရပါတယ်။

 

အဆိုးဆုံးအနေနဲ့ ၂၀၀၈ အောက်မှာ ရှိခဲ့တဲ့ ဒီမိုကရေစီဟာ မည်ကာမတ္တ စစ်အုပ်စုဗဟိုပြုဒီမိုကရေစီစနစ်ဟာ ဖြစ်ခဲ့ပြီး တန်းတူရေး၊ လွတ်လပ်မှုနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဆောင်ကျဉ်းပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ တနည်းပြောရလျှင် ဝဋ်နာကံနာ ပြည်တွင်းစစ်နဲ့ အမျိုးသားရေး၊ နိုင်ငံရေးပြဿနာတွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

 

၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူတွေရဲ့အသံ၊ ဆန္ဒနဲ့ လိုအင်တွေကို မဖြည့်ဆည်းပေးနိုင်သလို၊ ပြည်ထောင်(ပြည်နယ်) တွေရဲ့ အမျိုးသားတန်းတူမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်မှု စတာတွေကို လက်တလုံးခြား မျက်လှည့်ပြကာ ပြည်သူတွေကို ဒီမိုကရေစီအခွင့်အရေးအပြည့်အဝ ရရှိနေသယောင်၊ လူ့အခွင့်အရေးတွေကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ ရရှိနေသယောင် ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မဖြစ်ခဲ့တာကို စစ်အာဏာသိမ်းမှုက အခိုင်အမာ ပြသခဲ့ပါတယ်။ စစ်အုပ်စုအနေနဲ့ ၂၅ ရာခိုင်နှုန်းကို အခန့်သားအပိုင်စီးခဲ့ရုံသာမက အုပ်ချုပ်ရေးမဏ္ဍိုင်တွေမှာလည်း ဝန်ကြီးဌာနနေရာတွေကို လက်ညိုးထိုးကြိုက်ရာခုံထိုင်ရာစနစ်နဲ့ ဗိုလ်ကျမှုတွေ အမြောက်အမြားပြုလုပ်ခဲ့ပါတယ်။

 

၂၀၀၈ ခုနှစ်အောက်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ရပ်တည်ရမဲ့ မူဘောင်တွေ၊ နိုင်ငံရေးဝါဒတွေနဲ့ စံသတ်မှတ်မှုတွေကို အမှန်တကယ် ဖော်ဆောင်လို့ မရနိုင်အောင်အထိ ကန့်သတ်ခံထားရပါတယ်။

ထိုအခြင်းအရာတွေဟာ စစ်အာဏာသိမ်းမှုကြောင့် ဘူးပေါ်သလို ပေါ်ခဲ့ရပြီး ပြည်သူအားလုံးလည်း နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံခံစားနေရပါတယ်။ စစ်အုပ်စုဟာ ပြည်သူကို ပြည်သူလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ကြောင်း အကြောင်းမဲ့ အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။

 

ဒါကြောင့် တော်လှန်ရေးအလွန်ကာလမှာ စစ်တပ်မပါဝင်တဲ့၊ မချုပ်ကိုင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအခြေပြု ဖွဲ့စည်းပုံတရပ် ပြဌာန်းနိုင်ရေးနဲ့ ထိုဖွဲ့စည်းပုံတွင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံပေးနိုင်တဲ့ ဥပဒေတွေကို ပြဌာန်းထားနိုင်ရေးနှင့် စစ်မှန်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်နဲ့ တော်လှန်ရေးအဆုံးသတ်ဖို့အတွက် အရေးတကြီးလုပ်ဆောင်ရမဲ့အရာ ဖြစ်ပါတယ်။

 

နိုင်ငံရေးပါတီတွေအနေနဲ့ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကြီး အသက်ဝင်လာအောင်၊ တည်တံ့ခိုင်မြဲလာအောင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

 

မြန်မာပြည်ကြီး ဖက်ဒရယ်ပြည်ထောင်စုကြီး မဖြစ်သရွေ့ ပြည်တွင်းစစ်ပြည်တည်နာဟာလည်း အတွင်းလှိုက် လှိုက်စားပြီး ကျဆုံးနိုင်ငံတရပ်အနေနဲ့ အာဏာရှင်တွေအောက်မှာ အဆုံးသတ်သွားရမဲ့ အလားအလာရှိကြောင်း ထိုအတွက် အားသွန်ခွန်စိုက်ကာ စိတ်ရင်းခံမှန်ကန်စွာနဲ့ အနာနဲ့ဆေး မှန်အောင် ပေးပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ပါစေကြောင်း။ ။

 

အမှတ်(၃၈) ဂျာနယ်စာစဉ်ကို PDF File ဖြင့် သိမ်းဆည်းဖတ်ရှုလိုပါက –

 

ဒေါင်းလုတ်လင့်ခ် –

 

https://drive.google.com/file/d/1E3_2T-OQ9dWuO0trqmhJpjCfGVRTirIx/view?usp=share_link