• Today is: Saturday, April 20, 2024

မြန်မာပြည်သူတွေလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမြန်ဆုံးပေးဖို့ ထိုင်းရွေးကောက်ပွဲအနိုင်ရ ခေါင်းဆောင် တိုက်တွန်း

ဓါတ်ပုံ – Pita Limjaroenrat twitter

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၂၂ ရက်၊ ၂၀၂၃။

မြန်မာပြည်သူတွေက အရေးတကြီး လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အမြန်ဆုံး ပေးဖို့ ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွှန်ရက် Pita Limjaroenrat က တိုက်တွန်းလိုက်ပါတယ်။

မိုခါဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးကြဖို့လိုအပ်နေသလို မုန်တိုင်းတွင်း သေဆုံးခဲ့ရသူတွေ၊ အိုးအိမ်ဆုံးရှုံးရသူတွေနဲ့ ထပ်တူခံစားရ တယ်လို့ မေလ ၂၁ ရက် ဒီကနေ့ ညနေပိုင်းက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားတိုက်တွန်းလိုက်တာပါ။

သေရေးရှင်ရေးတမျှ အကူအညီလိုအပ်နေတဲ့ မုန်တိုင်းသင့် မြန်မာပြည်သူတွေကို အထောက်အပံ့ပေးရေးဟာ သူဝန်ကြီးချုပ်အသစ်ဖြစ်လာရင် ဦးစားပေးလုပ်မယ့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မုန်တိုင်းဘေးဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေ ပေးအပ်မှု ကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ကြားကာလအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို သူက တောင်းဆိုတယ်လို့လည်း ထပ်လောင်း ပြောထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လာရင်လည်း နိုင်ငံခြားရေးမူဝါဒအနေဖြင့် အရေးပါတဲ့သူတွေ၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေအားလုံးကို တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း ပီတ လင်ဂျာရွှန်ရက်က ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှု၊ စီးပွားရေးနဲ့ လူမှုဘဝတိုးတက်လုံခြုံရေးအပိုင်းတွေကို အဓိကအာရုံစိုက်မှာဖြစ်ပြီး မြန်မာ နိုင်ငံရော၊ ထိုင်းနိုင်ငံသာမက အာဆီယံနဲ့ နိုင်ငံတကာအတွက်ပါ အေးချမ်းတဲ့အသိုက်အမြုံဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း သူက ကတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ပီတ လင်ဂျာရွှန်ရက်ဦးဆောင်တဲ့ Move Forward ပါတီဟာ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီတွေကို ကျော်တက်ပြီး မဲအများဆုံးနဲ့ အနိုင်ရခဲ့တာပါ။

ထိုင်းပြည်သူလူထုရဲ့ မဲဆန္ဒတွေကို လျစ်လျူမရှုဘဲ ထိုင်းစစ်အစိုးရခန့်အပ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကသာ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး သူ့ကို မဲပေးခဲ့မယ်ဆိုရင်တော့ ပီတ လင်ဂျာရွှန်ရက်ဟာ ဒေသတွင်း အာဆီယံနိုင်ငံတွေကြားမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ပီတ လင်ဂျာရွှန်ရက် တစ်ယောက် ထိုင်းဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင် မြန်မာ့အရေးအတွက် ပိုပြီးအကူအညီ ရလာမယ်လို့ အကဲခက်တွေနဲ့ ထိုင်းရောက်မြန်မာ ပြည်သူတွေက မျှော်လင့်ယူဆ နေကြပါတယ်။