• Today is: Thursday, March 28, 2024

မိုခါမုန်တိုင်းဒဏ်ခံဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့် ရက္ခိုင်သူပုန်အစိုးရ 

မိုခါမုန်တိုင်းဒဏ်ခံဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့် ရက္ခိုင်သူပုန်အစိုးရ 

By Kyaw Hsan Hlaing (ဘာသာပြန် ဆောင်းပါး)

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းကို ဆိုင်ကလုန်း မိုချာ ဆိုက်ကလုန်း ဆိုက်ရောက်ပြီးနောက် မြေပြင်မှာ လူသားချင်း စာနာထောက်ထားမှု အခြေအနေ ဆိုးရွားလာခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီး နှစ်ရက်အကြာ မေလ ၁၆ ရက်နေ့အထိ ရခိုင်ဒေသခံ ၁.၅ သန်း အိုးအိမ်ထိခိုက်ဆုံးရှုံးခဲ့ရပြီး၊ ဆေးရုံ၊ ကျောင်းအပါအဝင် အဆောက်အအုံ ၄၀၀၀၀၀ ကျော် ပျက်စီးခဲ့ကာ၊ စစ်ဘေးရှောင်နှင့် ဒုက္ခသည်စခန်းများအမြောက်အမြားလည်း လုံးဝနီးပါးပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းကြောင့် လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ပြီး ရာနဲ့ချီလည်း ပျောက်ဆုံးလျှက် ရှိနေပါတယ်။

လေတိုက်နှုန်း တစ်နာရီ ၂၅၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အကြီးဆုံး မုန်တိုင်းဖြစ်တဲ့ မိုခါမုန် တိုင်းကြီးကြောင့် မေလ ၁၄ ရက်နေ့ ညနေ ပိုင်းမှာ ရခိုင်မြို့တော် စစ်တွေနှင့် ဘင်္ဂလားဒေ့ရှ် ကော့်စ်ဘာဇာ ကြားမှာ မြေပြိုမှုလည်း ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံနေရာအနှံမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား စစ်ရှိန်မြှင့်တက်နေပေမဲ့ ထိုနယ်စပ်ဒေသမှာ အေးချမ်းနေပါတယ်။ လက်ရှိအချိန်မှာတော့ ရခိုင်ပြည်ရဲ့ အစိတ်အပိုင်းအများစုကို ရက္ခိုင်တပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ AA ကို ၂၀၀၉ ခုနှစ်မှာ ရခိုင်ပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုရရှိရေးအတွက် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ AA ဟာ စစ်အင်အား ၃၀၀၀၀ အထိ ရှိနေပြီ ဖြစ်သလို ဩဇာအာဏာ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့အချိန်မှာ AA အနေနဲ့ ရခိုင်ပြည်တွင်း ထိန်းချုပ် နေရာတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေကို အပြိုင်ဖော်ဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ လကလည်း AA က ရက္ခိုင်ပြည်သူ့အစိုးရ( Arakan People’s Government – APG) လို့ ကြေညာခဲ့ပြီး ရခိုင်ပြည်ရဲ့ ၃ ပုံ ၂ ပုံကို ထိန်းသိမ်းထားနိုင်လို့ ဆိုထားပါတယ်။

မိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုများ

မိုခိုမုန်တိုင်းတိုက်ခတ်မှုအပြီး လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီများ ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ရက္ခိုင့်ပြည်သူ့အစိုးရမှ နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအာဏာအပြည့်သုံးပြီးလုပ်ဆောင်ခဲ့ပါတယ်။ မေလ ၇ ရက်နေ့မှာ ULA အနေနဲ့ မိုခါမုန်တိုင်းသတိပေးချက်များနှင့် ဆောင်ရန်ရှောင်ရန်များကို သတိပေးချက် ထုတ်ပြန်ခဲ့ ပါတယ်။ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ရုံးကို ရက္ခိုင့် ပြည်သူ့ အစိုးရ၊ အုပ်ချုပ်ရေးဌာနအောက်မှ ဖွဲ့စည်းခဲ့ပြီး “နားထောင်ပါ၊ သတိရှိပါ၊ ကြိုတင်ပြင်ဆင်ထားပါ” ဆောင်ပုဒ်ပါ မုန်တိုင်းနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါတယ်။

နှစ်ရက်အကြာမှာ မုန်တိုင်းဒဏ်အပြင်းအထန်ထိခိုက်နိုင်သော ဒေသများကို ကြေညာပြီးရွေ့ပြောင်းနိုင်ရန်အတွက် ဦးစီးလုပ်ဆောင်ခဲ့ပါတယ်။ ထိုဒေသတွေမှာ ရိုဟင်ဂျာနှင့် အခြားလူနည်းစုများနေထိုင်ရာ မြေပုံ၊ ပေါက်တော၊ မင်းပြား၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ မြောက်ဦး မြို့နယ်တို့ ပါဝင်ပါတယ်။ AA အနေနဲ့ ငါးရက်အတွင်း ဒေသခံ ၁၀၂၀၀၀ ကျော်ကို လုံခြုံရာကို ရွေ့ပြောင်းပေးနိုင်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်း တွေကိုလည်း ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်ပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။

တဖက်မှာတော့ မိုခါမုန်တိုင်းအရေးပေါ်ပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး အားနည်းလွန်းတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ရခိုင်တက်ကြွပြည်သူတွေကို ဝေဖန်ခဲ့ပါတယ်။ အဆိုးဆုံးအနေနဲ့ စစ်တွေမြို့အနောက်ပိုင်း လူ သောင်းချီရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို လျစ်လျူရှု ပစ်ထားတဲ့အပေါ်  ဆိုးဆိုးရွားရွားဝေဖန်ခံနေရပါတယ်။ မုန်တိုင်းကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး လက်တွေ့ လုပ်ဆောင်ရမဲ့ အရာတွေထက် ပင်လယ်ကွေ့မှာ နဂါးစာကျွေးကာ မုန်တိုင်းကွင်းအောင် လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးက AA ရဲ့ လုပ်နိုင်စွမ်းနှင့် ပတ်သက်ပြီး အထင်သေးခဲ့ပါတယ်။ မေလ ၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သားတွေက AA ရဲ့ မုန်တိုင်းသတိပေးချက်တွေကို ဖျက်ဆီးခဲ့ပါတယ်။ မုန်တိုင်းပြီးနောက် တစ်ရက်မှာ AA ထိန်းချုပ်ဒေသမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်မှုအနည်းငယ်သာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ထိန်းချုပ်မှုအောက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာတော့ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပြီး၊ ရာနဲ့ချီ ပျောက်ဆုံးလျက်ရှိပါတယ်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးကိစ္စ

မိုခါမုန်တိုင်းသင့်ဒေသများမှာ AA တပ်သားများက ဦးဆောင်ပြီး လမ်းရှင်းလင်းခြင်းနှင့် အခြားထူထောင်ရေးကိစ္စများကို ထဲထဲဝင်ထဲဆောင်ရွက်လျက်ရှိပါတယ်။ မေ ၁၅ ရက်နေ့မှာလည်း ULA က ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို အရေးပေါ်အကူအညီများ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့ပြင် လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ရုံးကလည်း အရပ်ဘက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအန်ဂျီအိုများကို မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးကိစ္စများမှာ ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁၆ ရက်နေ့မှာ AA စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမရတ်နိုင်က ဆေးဝါး၊ သောက်ရေးနှင့် အစားအစာထောက်ပံ့ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းနှင့် INGO တွေကို အကူတောင်းခံတဲ့ ဗီဒီယိုဖိုင်အတို ထုတ်လွှင့်ခဲ့ပါတယ်။ နောက်တရက်မှာ ULA မှ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ရုံးနှင့် တွဲဖက်လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် ရံပုံငွေ ထောက်ပံ့ခဲ့သော NUG, KIO, MNDAA ကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ KIO မှ ကျပ် သန်း ၃၀၀ လှူတန်းခဲ့ပြီး NUG နှင့် MNDAA က ကျပ် သန်း ၁၀၀ စီ အသီးသီးလှုတန်းခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ မေလ ၅ ရက်နေ့မှာ စစ်တွေကိုလာရောက်လည်ပတ်ခဲ့ပြီး စကားဖြင့်သာ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ထိုဒေသမှာ ထောက်ပံ့နိုင်ရေးအတွက် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီရဲ့ အဟန့်အတားတွေကို ရင်ဆိုင်နေရပါတယ်။ လက်ရှိအချိန်မှာတော့ မိုခါမုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအတွက် ရိက္ခာနှင့် အရင်းအမြစ်များ လက်ရှိအချိန်အထိ မရရှိသေးပေ။

စစ်ကောင်စီဟာ လက်ရှိအကျပ်အတည်းကို နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းလျက်ရှိတာကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းနှင့် အခြားနိုင်ငံတကာအထောက်အပံ့ပေးရေးအဖွဲ့တို့အနေနဲ့ ဒုတိယဦးစားပေးအစီအစဉ်ကို ပြင်ဆင်ထားသင့်ပါတယ်။ စစ်ကောင်စီကတဆင့်ထောက်ပံ့မှုတွေဟာ အမှန်တကယ်လိုအပ်နေသော ကျေးလက်ဒေသများကို ရောက်ရဲ့လားဆိုတာနဲ့ပတ်သက်ပြီး အတွေးပွားစရာရှိပါတယ်။ လက်ရှိထောက်ပံ့မှုတွေဟာ သဘာဝဘေးအန္တရာယ်အတွက် ထောက်ပံ့မှုမဖြစ်ဘဲ လူသတ်ဖို့အတွက် အထောက်အပံ့ဖြစ်မဲ့ဘေးကို ကြိုတင်ချိန်ဆဖို့လိုအပ်ပါတယ်။

လက်ရှိအချိန်ဟာ ကုလသမဂ္ဂအပါအဝင် အခြားနိုင်ငံတကာအေဂျင်စီတွေအတွက် စစ်ကောင်စီတွေနဲ့ လက်တွဲထောက်ပံ့မှုတွေ ပြုလုပ်သင့်ရဲ့လားဆိုတာနဲ့ပတ်သက်ပြီး ပြန်သုံးသပ်စရာအချိန်ကောင်းဖြစ်ပါတယ်။ ထိုအဖွဲ့အစည်းတွေအနေနဲ့ ULA/AA ရဲ့ လုပ်နိုင်စွမ်းရည်နှင့် လက်ရှိ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းနှင့် ပတ်သက်ပြီး အသိအမှတ်လက်ခံဖို့လိုသလို၊ မုန်တိုင်းဒဏ်သင့်ဒေသတွေကို ပြန်လည်ကယ်ဆယ်ရေးနှင့် ထူထောင်ရေးကိစ္စအတွက် ထောက်ပံ့မှုတွေ အများကြီးလိုအပ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်ဟာ ထောက်ပံ့မှုပေးတဲ့အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာ အမှန်တကယ်လုပ်ဆောင်နေသူကြား ပိုမိုနီးကပ်စွာ လက်တွဲဆောင်ရွက်ရမဲ့အချိန် ဖြစ်ပါကြောင်း၊ စစ်ကောင်စီကြောင့် ပြန်လည်ထူထောင်ရေးမှာ မကြန့်ကြာနေသင့်ပါကြောင်း။

The diplomat ရဲ့ Website စာမျက်နှာမှာ Kyaw Hsan Hlaing ရေးသားဖော်ပြတဲ့ Arakan Rebel Government Takes Lead in Myanmar Cyclone Recovery ဆောင်းပါးကို ဖက်ဒရယ်ဂျာနယ် မြန်မာ တွဲဖက်အယ်ဒီတာ ကံ့ကော်ဖြူ ဆီလျော် ဘာသာပြန်ထားပါတယ်။ 

မူရင်း ဆောင်းပါးကို ဖတ်ရှုလိုပါက လင့်ခ် – 

https://thediplomat.com/2023/05/arakan-rebel-government-takes-lead-in-myanmar-cyclone-recovery/?fbclid=IwAR3Hh5NnRBrIFGmqdA9z17At0Xeilw3TU0mAG4S5coDLXV2920Pcuv-IDRQ