• Today is: Friday, April 19, 2024

ဖားကန့်ဒေသမှာ ဥပဒေမဲ့ အရပ်သား သတ်ဖြတ်ခံရမှု ပိုမိုဆိုးဝါးလာ

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေ ၂၅ ရက်၊ ၂၀၂၃။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့အပါအဝင် မြို့ပေါ်နဲ့အနီးကျေးရွာတွေမှာ ဥပဒေမဲ့ အရပ်သားများ သတ်ဖြတ်ခံရမှုဟာ ခပ်စိပ်စိပ် ပိုမို ဆိုးဝါးလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
အခုလို မကြာခဏ အရပ်သားတွေ ဘာကြောင့် သတ်ဖြတ်ခံနေရတာလဲ ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရဘဲ သေဆုံးမှုတွေ များလာတာကြောင့် ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်နေပါတယ်။
 
သတ်ဖြတ်ခံရသူများဟာ သေနတ်ဒဏ်ရာများနှင့် သေဆုံးကြသလို၊ တချို့ကလည်း ဓါးဒဏ်ရာများနဲ့ သေဆုံး နေကြပြီး သေဆုံးနေတဲ့ အလောင်းများဟာလည်း မြို့ထဲ လမ်းမပေါ်၊ လူသွားလူလာများတဲ့နေရာ လမ်းဆုံများနဲ့ ရက်ကွက်၊ ကျေးရွာများထဲမှာ သေဆုံးသူအလောင်းများဟာ ခပ်စိပ်စိပ် မြင်တွေ့လာရတာပါ။
 
ဖားကန့် ဒေသခံ တဦးက “ဖားကန့်ဒေသဟာ တခြားဒေသတွေနဲ့ မတူတဲ့ အခြေအနေဖြစ်နေတယ်။ အဆိုးဆုံး ကတော့ နိုင်ငံအနှံ့ ဒေသ ပေါင်းစုံက လူမျိုးပေါင်းစုံ ရောက်လာပြီး စီးပွားရှာတဲ့ ဒေသဖြစ်နေတယ်၊ လူပေါင်းစုံ ရောက်နေတဲ့ ဒေသဖြစ်တာကြောင့် ခိုးဆိုး လုရက်မှု၊ ဓါးပြမှုတွေက အရင်ကထက် ပိုဆိုးလာတယ်။ လူများပြီး ဥပဒေမဲ့နေတဲ့ နေရာဖြစ်နေတယ်” လို့ ပြောပါတယ်။
 
အခုလို ဥပဒေမဲ့ သတ်ဖြတ်ခံနေရတဲ့ အခြေအနေများဟာ အရင်ကထက် အာဏာသိမ်းမှုအလွန် ပိုဆိုးဝါး လာတယ်လို့လည်း ပြောပါတယ်။
 
တဘက်ကလည်း ဖားကန့်လူထုအများစုက တော်လှန်ရေးအဖွဲ့အစည်းတွေကို အားပေးထောက်ခံ နေတဲ့အတွက် စစ်တပ်က တမင်သတ်ဖြတ်ပြ ခြိမ်းခြောက်ပြတဲ့ သဘောလည်း သက်ရောက်မှု ရှိနေတယ်လို့လည်း လေ့လာသူ တချို့ကလည်း သုံးသပ် ကြပါတယ်။
 
အခုနှစ် ၂၀၂၃ ခုနှစ်ထဲမှာ လမ်းမပေါ် လဲကျနေတဲ့ အရပ်သားသေဆုံးသူ အလောင်းများဟာ အနည်းဆုံး (၃၀) ထက်မနည်း ဖြစ်လာနေပြီလို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြနေသလို ဒေသခံတွေကလည်း ပြောပါတယ်။
 
ဖားကန့်မြို့နယ်ထဲမှာတော့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ကလည်း အုပ်ချုပ်မှုရှိသလို စစ်ကောင်စီတပ်ဖွဲ့တို့ ကလည်း လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမှုတွေကိုလည်း ကြမ်းတမ်းစွာ ပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နဲ့ ပူးပေါင်း ကချင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(KPDF) တို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား မကြာခဏတိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသလည်း ဖြစ်နေပါတယ်။