• Today is: Tuesday, March 19, 2024

ရှမ်း-ကယားနယ်စပ် နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းဖြင့် ပြင်းထန်စွာတိုက်ခိုက်

ဓါတ်ပုံ – CJ

ဖယ်ဒရယ်ဂျာနယ် မြန်မာ

မေလ ၂၇ ရက်၊၂၀၂၃။

ရှမ်း-ကယား(ကရင်နီ)နယ်စပ် မိုးဗြဲညောင်ဝိုင်း၊ ဆောင်းကန်းနှင့် ကုန်းသာကျေးရွာ ၃ နေရတို့မှာ ကရင်နီ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ကြား ဒီကနေ့ မေလ (၂၇)ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်လည်း အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့တယ်လို့ သိပါတယ်။

တိုက်ပွဲနဲ့ ပတ်သက်ပြီး ဖယ်ခုံတပ်ရင်း -၂ တပ်ခွဲ (၃) တာဝန်ရှိသူတစ်ဦးက ” ဒီမနက်မှာ မိုးဗြဲညောင်ဝိုင်း၊ ဆောင်းကန်း၊ ကုန်းသာ တို့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့ကို တပြိုင်ထဲဝင်တိုက်ကြတာပေါ့၊ ကျနော်တို့က ဆောင်းကန်းမှာ တိုက်ရတာပေါ့၊ ကျနော်တို့ဖက်ကတော့ လောဆယ် ၁ယောက်ကျသွားတယ်၊ စစ်ကောင်စီ ဖက်ကတော့ အကျများ တယ်လို့ပြောလို့ရတယ်၊ လေ ကြောင်းတွေနဲ့လေ လာပစ်ပါတယ်၊ ကျနော်တို့ဖက်ကတော့ လမ်းသွားလမ်းလာကို ပိတ်ထားတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ‌မိုးဗြဲညောင်ဝိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် (၆)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ဆောင်းကန်း တိုက်ပွဲဘက်လည်း လေကြောင်းဖြင့် (၆)ကြိမ် ဗုံကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘာသာရေးကျောင်း အဆောက်အဦးအပါအဝင် အရပ်သား နေအိမ် တချို့လည်း ထိခိုက် ပျက်စီးမှုတွေရှိနေပေမယ့် တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာဘက်ကိုတော့ ဖြတ်သန်း သွားလမ်းခြင်း မလုပ်ကြဖို့ တားမြစ်ထားတာကြောင့် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။