• Today is: Tuesday, March 19, 2024

KIO နှင့် PSLF တို့ အထူးတွေ့ဆုံ

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၂၈ ရက်၊ ၂၀၂၃။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ကြား အထူးတွေ့ဆုံမှု တစ်ရပ်ကို တရုတ်-မြန်မာနယ်စပ် KIO ရဲ့ ပညာရေးမြို့တော် မိုင်ဂျာနယ်မြို့မှာ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ထုတ်ပြန်ချက်အရ တွေ့ဆုံမှုထဲမှာတော့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် (ယခင်) ပလောင်ပြည် လွတ်မြောက်ရေးအဖွဲ့ (PSLO) နှစ်ဦးနှစ်ဖက်ကြား သဘောတူညီခဲ့ကြသည့် ထာ၀ရ မဟာမိတ်စာချုပ်ကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်(ယခု) ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ် ဦး (PSLF) တို့က ဆက်လက်၍ အသိအမှတ်ပြု၊ ထိန်းသိမ်း အကောင်အထည်ဖော်သွားရန် သဘော တူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေး အပေါ်ခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ် တွဲနေထိုင်သွားရန်၊ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြည်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထား ဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများပေါ်ပေါက်လာပါက မှန်ကန်တဲ့ဆုံးဖြတ်ချက် ရရှိရေးအတွက် နှစ်ဖက်တိုင်ပင် ညှိနှိုင်းဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်လည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံများ ဖြစ်ကြသည့် ကချင်လူမျိုး၊ တအာင်း(ပလောင်)လူမျိုး၊ ရှမ်းလူမျိုး အပါအဝင် ဒေသအတွင်းရှိ ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေ သော လုပ်ရပ်များကို ရှောင်ရှားကြဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကိစ္စရပ်များကို အပြန်အလှန် သတင်းဖလှယ်ရန်နှင့် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အသိအမှတ်ပြု အားပေးကြရန်ပါရှိသလို အခြားလိုအပ်တဲ့ ကိစ္စရပ်များကိုလည်း နှစ်ဖက်အဖွဲ့အစည်းမှ လိုအပ်သလို ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။