• Today is: Tuesday, March 19, 2024

၂၀၂၀ မဲရလဒ်သည် ပြည်သူ့အောင်ပွဲအတွက်လား

၂၀၂၀ မဲရလဒ်သည် ပြည်သူ့အောင်ပွဲအတွက်လား

– People’s Message | အတွေးအမြင်

၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၂၁ အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံရေးခေါင်းဆောင်မှုအကျပ်အတည်းအတွက် အဖြေရှာနိုင်မည့် ကိုယ်စားပြုမှုတစ်ခု (De Jure) အဖြစ် မဖြစ်မနေ အသုံးချရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဘက်မှ ရှင်းလင်းပြောဆိုချက်တချိုကို ကြားသိရပါသည်။

၂၀၂၁ ဖေဖော်ဝါရီလမှ အစပြုခဲ့သည့် နွေဦးတော်လှန်ရေးကာလ (၂) နှစ်ကျော်လာချိန် ယခုနှစ်ကုန် (၂၀၂၃) တွင် တော်လှန်ရေးအဆုံးသတ်နိုင်မည့်အနေအထားမျိုး ပြောကြားထားသည့် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် မည်ကဲ့သိုသော နိုင်ငံရေး၊ စစ်ရေး ဆိုင်ရာ တော်လှန်ရေးအောင်ပွဲကို ပြည်သူတိုထံ ယူဆောင်လာမည်ကိုမေးခွန်းထုတ်နေကြချိန်တွင် အဆိုပါရှင်းလင်းပြောဆိုချက်များ ထွက်ပေါ်လာသည့် တိုက်ဆိုင်မှုကို သတိပြုမိသည်။

တော်လှန်ရေး (၂) နှစ်ကျော်ကာလ တော်လှန်ဘက်တော်သားများ အချင်းချင်း De jure, De facto အကြား ငြင်းခုံမှုများ၊ အမြင်မတူမှုများမှ အမြင်မကြည်လင်မှုများကြောင့် ငါ တကော ကောရင်း လက်ရှိတွင် မည်သိုမည်ပုံ ဆက်လက်ပူးပေါင်းကြမည်ကို ဆွေးနွေး စည်းရုံးကြရမည့်အစား တော်လှန်ရေးကာလတလျှောက်လုံး အငြင်းပွားလာသည့်ကိစ္စရပ်ကိုပင် နိုင်ငံရေးအရ စကားလုံးအလှများဖြင့် ပရိယာယ်ကြွယ်ကြွယ် တုန့်ပြန်နေကြသည့် နိုင်ငံရေးသမား လွှတ်တော်အမတ်များ၊ ပြည်သူတို၏ ခံစားချက်များနှင့် နေ့စဥ်ရင်ဆိုင်နေရသည့် အတွေ့အကြုံများကို မခြုံငုံမိသော စကားကြွယ်ကြွယ်များက စစ်ဘေး၊ မုန်တိုင်းဘေး၊ စီးပွားပျက်ဘေး၊ သေဘေး မျိုးစုံကြားတွင် နေ့နေ့ညည ရုန်းကန်နေကြရသည့် ပြည်သူတိုအား ပိဿလေး ဘေးပစ်သကဲ့သိုသာ ဖြစ်နေပြီဖြစ်ကြောင်း တွေ့ရသည်။

တော်လှန်ပြည်သူတို လိုအပ်နေ၊ လိုချင်နေသည်ကို ပြည်သူ့ကိုယ်စားပြုအမတ်များ သေသေချာချာ မကြားနိုင် ကြသည်လား သိုမဟုတ် မသိကျိုးကျွန်ပြုနေသကဲ့သိုဖြစ်နေသည်လား ဟူသည့် ယူဆချက်ဖြင့် ပြောစရာများရှိလာပါသည်။

ပြည်သူတိုလိုအဓိကလိုအပ်နေသည်မှာ နေ့စဥ်ကြုံတွေ့နေရသော အကြမ်းဖက်မှုပေါင်းစုံမှ အကာအကွယ် ရရေး၊ အကြမ်းဖက်မှုများရပ်တန့်သွားရေးဖြစ်သည် ဟုဆိုလျှင် အငြင်းပွားစရာမရှိဟု နားလည်ပါသည်။

macro ရှုထောင့်တွင်မူ ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအောင်မြင်ရန်အတွက် တော်လှန်အင်အားစု မျိုးစုံနှင့် စစ်မှန်ခိုင်မာသော ယုံကြည်မှုများတည်ဆောက်ပြီး ရန်သူ့အင်အားကို အထိရောက်ဆုံး ဖြိုချ တိုက်ခိုက်နိုင်သည့် စစ်ဗျူဟာများကို ဟန်ချက်ညီ ရေးဆွဲနိုင်သော ကာကွယ်ရေးဌာန၊ လိုအပ်သည့် ပွင့်လင်း မြင်သာမှုအတိုင်းအတာအတိုင်း မျှမျှတတ စီးဆင်းလည်ပတ်နေရမည့် တော်လှန်ရံပုံငွေစနစ်ကို ဖော်ဆောင် နေသော စီးပွားကူးသန်းဌာန၊ မိမိတိုလိုအပ်သည့်နိုင်ငံတည်ဆောက်ရေးသည် ဤသိုဤပုံဖြစ်သည့်အတွက် နိုင်ငံတကာနှင့် ဤသိုဤပုံ အကျိုးစီးပွားအရ ပူးပေါင်းဆောင်ရွက်ရန်လိုသည်၊ မိမိတိုအတွက် ဤသိုသော အကူအညီများလိုအပ်သည် စသည်တို့ကို ပြောဆိုညှိနှိင်းနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူတို မတရားခံရမှုများကို သိအောင်လုပ်ပြီး အမှုမှန်များပေါ်ပေါက်ရေးအတွက် အဖြေရှာဆောင်ရွက်နေသော တရားရေးဌာန၊ မည်သူ့ကိုမဆို (ရန်သူမိတ်ဆွေမခွဲခြား) ကျင့်ဝတ်သိက္ခာပိုင်းနှင့် လူ့အခွင့်အရေး ပိုင်းဆိုင်ရာအရ စောင့်ကြည့်နေသည့် လူ့အခွင့်အရေးဌာန၊ တက်ညီလက်ညီ လှုပ်ရှားဆောင်ရွက်နေသော တော်လှန်ရေး (ယာယီ) အစိုးရမျိုး၊ တော်လှန်ရေးအင်အားစုပေါင်းစုံ၏ အခြေအနေများကို ကြားနာ၍ NUCC တွင် ညှိနှိင်းအလုပ်လုပ်နေသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီစသည့် အစုအဖွဲမျိုးသာ ဖြစ်ပါသည်။

လက်တွေ့တွင် ၂၀၂၀ မဲရလဒ်အတိုင်း ပြန်မဖြစ်နိုင်သည်ကို သိနားလည်ကြသော်လည်း ၂၀၂၀ ရလဒ်ကို ကိုင်စွဲ၍အလုပ်လုပ်နေကြသည်မှာ ပြည်သူ့အတွက် နိုင်ငံအတွက် နိုင်ငံတကာစာမျက်နှာတွင် အလုပ်ဖြစ်ရေးကြောင့်သာဖြစ်ပြီး ပြည်တွင်းကိစ္စရပ်များအတွက် နှလုံးရည်အပြည့်ဖြင့်ညှိနှိင်းလုပ်ကိုင်ကြရန်ဖြစ်သည် ဟု နားလည်ထားပါသည်။

သို့သော် အဆိုပါရလဒ်ကို လိုအပ်သည်ထက်ပို၍ ဆုပ်ကိုင်ပြသနေခြင်းကြောင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းဆောင်တာများအတွက် တနည်း တော်လှန်ရေးအမြန်ဆုံးအဆုံးသတ်နိုင်ရေး အဆင့်လိုက်အလုပ်လုပ်နိုင်ရေးတွင် ဆေးအတွက်လေး ဆိုသလို ဖြစ်လာခဲ့ပါက ပြည်သူ့ကိုယ်စားပြုအမတ်များအနေဖြင့် မိမိတိုကိုယ်တိုင်နှင့် မိမိတိုအစုအဖွဲကို အချိန်မီ (အချိန်မီ) ပြန်လည်သုံးသပ်ကြရန်သာရှိသည်ဟု ထပ်မံ တိုက်တွန်းလိုက်ပါသည်။