• Today is: Thursday, April 18, 2024

KIA, SSPP/SSA, ပလောင် တို့ရဲ့ နှစ်(၄၀)ကျော် သက်တမ်းရှိ အပစ်ရပ်စာချုပ်

KIA, SSPP/SSA, ပလောင် တို့ရဲ့ နှစ်(၄၀)ကျော် သက်တမ်းရှိ အပစ်ရပ်စာချုပ်
နှစ်ပေါင်း(၄၀)ကျော် တာရှည်ခံ အပစ်ရပ်စာချုပ်(သို့မဟုတ်)ငွမ့်စဝစ်

– စိုင်းထွန်းအောင်လွင် | တိုင်းရင်းသား နိုင်ငံရေးလေ့လာသူ သုတေသီ

မြန်မာကဲ့သို့ ၁၉၄၁ ခုနစ်မှ စ၍ တနိုင်ငံလုံး လွှမ်းမိုးနိုင်သော အစိုးရ မရှိသေးသည့် Fragmented Polity (အပိုင်းအစများ ဟိုကပ်ဒီကပ်ဖြင့် အစိုးရ လုပ်ငန်းစဉ်တရပ်ရှိနေခဲ့သော) နိုင်ငံ အနေဖြင့် ပြောရမည်ဆိုလျှင် ဆယ်စုနှစ်ပေါင်းများစွာ တာရှည်ခံသည့် အပစ်ရပ်စဲရေးမျိုး ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုမျိုးက မရှိသလောက် ရှားသည်ဟု ဆိုလျှင် မှားအံ့မည်မထင်ချေ။

လွန်ခဲ့တဲ့သည့် နှစ် ၄၀ ကျော် ကာလကို ပြန်ကြည့်ပါက ရှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းသော်လည်းကောင်း၊ အစိုးရအား လက်နက်ကိုင် ပုန်ကန်သည့် တပ်ဖွဲ့ချင်းသော်လည်းကောင်း အပစ်ရပ်စဲရေးပြုလုပ်ကြသည်များလည်း ရှိသလို အပစ်ရပ်စဲရေး ဆွေးနွေးကြသည်များလည်း ရှိခဲ့ပါသည်။

တင်းမာမှုများ ၊ပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းကြသည့် ပုံစံများကို ကြည့်ပါက-

(၁) တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ( သို့မဟုတ် ) အစိုးရအား ပုန်ကန်နေသည့် သူပုန်အချင်းချင်း ညှိနှိုင်းဖြေရှင်းမှု

(၂) ပါတီ သို့မဟုတ် ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ ရပ်မိရပ်ဖ ဘာသာရေးခေါင်းဆောင်များမှ ကြားဝင်ညှိနှိုင်းပေးမှု

(၃) လက်နက်ကိုင်များ နောက်ခံရပ်နေသည့် နိုင်ငံမှ ကြားဝင် စေ့ဆော် ညှိနှိုင်းပေးမှု
စသည့် ပုံစံ ၃ မျိုးကိုတွေ့ရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်ချင်း ပဋိပက္ခဟုဆိုရာတွင် အချို့နေရာများတွင် နိုင်ငံရေးအရ သက်ဝင်မှုရှိပြီး လူမျိုးစုတစုအား ကိုယ်စားပြုနိုင်သည့် ပြည်သူ့စစ် တပ်ဖွဲ့အချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား ပဋိပက္ခ ရပ်စဲများလည်း အကျုံးဝင်ပါသည်။

ဆွေးနွေးမှုများ ဖြစ်ပေါ်စေရန် စေ့ဆော်မှုများကို ကြည့်ပါက သက်ဆိုင်ရာ လူထုမှ ဖိအားပေးလာမှု ၊ တိုင်းရင်းသားလက်နက်ကိုင်များ ကြုံတွေ့နေရသည့် နိုင်ငံရေး အခြေအနေအရ ဆွေးနွေးညှိနှိုင်းရန် လိုအပ်လာမှု ၊ တဖွဲ့နှင့် တဖွဲ့အကျိုးစီးပွားအရ ပဋိပက္ခ ဖြစ်စရာမလိုတော့မှု ၊ နိုင်ငံရေးအရ ပေါင်းစည်းရေး ( သို့မဟုတ် ) လူမျိုးတူအဖွဲ့ဖြစ်ပါက တဖွဲ့နှင့် တဖွဲ့ ပေါင်းစည်းရန် လိုအပ်လာမှု စသည့်အခြေခံ စေ့ဆော်ချက်များကြောင့်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား တပ်ဖွဲ့များအကြား ဆွေးနွေးမှုပေါင်း မြောက်မြားစွာ ရှိကြသော်လည်း ဆွေးနွေးမှုတိုင်း အောင်မြင်ကြသည်တော့မဟုတ်ပေ။

အချို့ဆွေးနွေးမှုများမှာ ရှေ့ဆက်မဖြစ်ပဲ အခွင့်သာသည့်အခါ ပြန်တိုက်သည်လည်း ရှိသလို အချို့သော ဆွေးနွေးမှုများတွင်တော့ ဆွေးနွေးရန်လာသည့် တပ်ဖွဲ့နှင့် တဘက်အဖွဲ့အကြား တိုက်ခိုက်မှုဖြစ်ပွားခြင်း ၊ တဘက်ကိုယ်စားလှယ်အား လုပ်ကြံသတ်ဖြတ်ခြင်းတို့ပင် ကြုံတွေ့ခဲ့ရသည်များလည်း ရှိသည်။ ဥပမာအားဖြင့် ၁၉၆၈ ခုနစ် ရှမ်းပြည်ညီညွတ်ရေးအတွက် SSA ရှမ်းပြည်တပ်မတော် ဥက္ကဌ စဝ်နန်းဟိန်းခမ်းမှ ရှမ်းပြည်တွင်း လှည့်စည်းရုံးနေစဉ် စစ်ဦးစီးချုပ် ဗိုလ်မိုးဟိန်းမှတဆင့် တပ်ဖွဲ့တာဝန်ရှိသူအချို့အား ပအိုဝ်းတပ်နှင့် ဆွေးနွေးရန် စေလွှတ်ခဲ့သည်။

ဗိုလ်မှူးလှခင်ဆိုသူအား ဗိုလ်မိုးဟိန်းက စေလွှတ်ခဲ့ပြီး ပအိုဝ်းတပ်နှင့် မဆွေးနွေးရခင်မှာပင် ဆွေးနွေးရန် ချိန်းဆိုထားသည့် ဗန်တူးတိုက်နယ် ပန်ကျိုင်းရွာအနီးတွင် နှစ်ဘက်တပ်များ တိုက်ပွဲဖြစ်ခဲ့သည်။ယင်းတိုက်ပွဲအတွင်း ဗိုလ်မှူးလှခင်ကော ပအိုဝ်းဘက်မှ ခေါင်းဆောင်ဖြစ်သည့် ဗိုလ်စံသိန်းပါ ကျဆုံးသွားခဲ့ရသည်။

ဗိုလ်မိုးဟိန်းမှာ ယင်းကာလမတိုင်မီကလည်း အခြားရှမ်းအဖွဲ့ငယ်တခုဖြစ်သည့် SNIA ရှမ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် မိုးနဲမြို့နယ်တွင် ဆွေးနွေးမှု ပြုလုပ်ရန် ချိန်းဆိုမှု တရပ်အတွင်း SNIA တာဝန်ရှိသူများကို တပ်ဖြင့်ဝိုင်းကာ လက်နက်ဖြုတ်သိမ်းမှုများလည်း လုပ်ခဲ့ဖူးသည်။ယင်းဖြစ်ရပ်များကြောင့် ညီညွတ်ရေး စည်းရုံးမှုထိခိုက်စေသည့် ဖြစ်ရပ်များအဖြစ် ရှူမြင်ခံရမှုများရှိသည်။

ခွန်ဆာ MTA နှင့် ဆွေးနွေးရန်လာသည့် SSPP/SSA မှ ရှမ်းခေါင်းဆောင်အချို့ကို MTA ဘက်မှ လုပ်ကြံသတ်ဖြတ်ခံရမှုများလည်း ရှိခဲ့သည်။

ယင်းသို့ဆိုသည့်အတွက် ရှမ်းတပ်များနှင့်အခြား လူမျိုးစု တပ်များအကြားလုပ်သည့် အပစ်ရပ်စဲရေးများ မအောင်မြင်ဟု ဆိုလိုရင်းမဟုတ်ပါ။ အစောပိုင်းကာလ လူမျိုးစုတပ်များ အချင်းချင်းသော် လည်းကောင်း ၊ အစိုးရအား ပုန်ကန်နေသည့် လက်နက်ကိုင် သူပုန်တပ်ဖွဲ့ အချင်းချင်းသော် လည်းကောင်း ပဋိပက္ခများ ဖြစ်ခဲ့ပြီး ယင်းပဋိပက္ခများကို ပြေငြိမ်းနိုင်မှု အရှိဆုံးအဖွဲ့တွင် ရှမ်းပြည်တပ်မတော် SSPP/SSA ပါဝင်နေပါသည်။

ရှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စဲရေး ပဋိပက္ခဖြေရှင်းရေးဆောင်မှုများတွင် အအောင်မြင်ဆုံးဖြစ်စဉ်တခုမှာ ရှမ်း ၊ ပလောင် နှင့် ကချင်တပ်များအကြား သုံးပွင့်ဆိုင် အပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့မှုဖြစ်ပါသည်။

နမ့်စဝစ်ဟုခေါ်သည့် ကေအိုင်အေ ( ကချင်လွတ်မြောက်ရေးတပ်မတော် ) ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့ PSLA နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား ၁၉၈၀ ပြည့်နှစ်က ချုပ်ဆိုခဲ့သည့် ယင်းစာချုပ်မှာ ဆယ်စုနှစ်ပေါင်းများစွာခံသည့် စာချုပ်အဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။

‘ ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်ကြတာ။ ဒါဟာ ကျွန်တော်တို့အချင်းချင်း ရှမ်း ၊ ကချင် ၊ ပလောင်အကြား သွေးစည်းညီညွတ်တဲ့ မှတ်တမ်းပေါ့။’ ဟု SSPP/SSA တာဝန်ရှိသူတဦးက လွန်ခဲ့သည့် နှစ်များအတွင်းက ပြောပြဖူးသည်။

ပဋိပက္ခဖြစ်ခြင်း နှင့် အပစ်ရပ်စဲရေး ဖြစ်လာရခြင်းသမိုင်းကို အတန်ငယ်ပြန်ကောက်ကြည့်လျှင် ယင်း တပ်ဖွဲ့ ၃ ဖွဲ့မှာ ပဋိပက္ခ မဖြစ်ခင်ကတည်းက အပြန်အလှန်ဆက်နွှယ်မှု ရှိဖူးသည့်အဖွဲ့များလည်း ဖြစ်သည်။

ယင်း ၃ ဖွဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့သည့် နေရာမှာလည်း လက်ရှိ ပလောင် ကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ၄င်းနှင့်ဆက်စပ် ရှမး်မြောက်ဒေသအချို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပလောင်တပ်ရင်း မူလအစမှာ ရှမ်းလက်နက်ကိုဖြစ်သည့် SSIA ရှမ်းပြည်လွတ်လပ်ရေး တပ်မတော်မှ အစပြုခြင်းပင်။ ရှမ်းပြည်တော်လှန်ရေးအစောပိုင်းကာလတွင် ကိုးကန့် ၊ ပလောင် တို့မှာ ရှမ်းတော်လှန်ရေးတပ်များ ဦးဆောင်မှုနောက်တွင် လိုက်ခဲ့ကြသည်။ အိမ်စောင့်အစိုးရလက်ထက် ဖြစ်ပွားသည့် တန့်ယန်း မြို့သိမ်းတိုက်ပွဲ ဦးဆောင်သူ ဗိုလ်မောင်မှာ ၀ လူမျိုးလည်း ဖြစ်သည်။

ဗိုလ်ချုပ်နေဝင်း အာဏာမသိမ်းခင်ကာလက ဖွဲ့စည်းခဲ့သည့် SSIA ခေတ်က နမ့်ဆန်တောင်ပေါ်တွင် ဗိုလ်မှူးကြီးစံမိဏ်း ဦးဆောင်သည့် ပလောင် တပ်ရင်း ၂ ရင်းကို SSIA မှ ဖွဲ့ပေးခဲ့သည်။ ယင်းတပ်ရင်းများမှာ ရှမ်းပြည်တပ်မတော်ထူထောင်သည့် ၁၉၆၄ ခုနစ်နောက်ပိုင်းတွင်လည်း ဆက်ရှိခဲ့သည်။

၁၉၆၇ ခုနစ်လောက်တွင်မူ ခွဲထွက်မှုများ ဖြစ်လာခဲ့သည်။ ယင်းပလောင်တပ်ရင်းများမှာ SSIA ခေတ်ကတည်းက တပ်ရင်း ၅ နှင့် တပ်ရင်း ၆ အဖြစ် လူသိများခဲ့၏။ ၁၉၆၇ ခုနစ်အရောက်တွင်မူ ခွန်ယီ ခွန်လေး ဦးဆောင်သည့် တပ်ရင်း ၅ မှ ပလောင်အမျိုးသား တပ်ဦး PNF ဆိုပြီး ဖွဲ့စည်းကာ တရုတ်ဖြူ ကူမင်တန် အကြွင်းအကျန်များနှင့် ပေါင်းခဲ့သည်။

စံတောင်း ( တာခွန်သောင်း ) ဦးဆောင်သည့် တပ်ရင်း ၆ က PSLA ပလောင်ပြည်နယ် လွတ်မြောက် ရေး တပ်ဖွဲ့အမည်ဖြင့် ကေအိုင်အေ အကူအညီရယူကာ တစင်ထောင်လေသည်။

ယင်းအနေအထားတွင် ပလောင်တောင်တန်းဒေသနှင့် ဆက်စပ်နယ်မြေတဝိုက်တွင် အဖွဲ့ ၃ ဖွဲ့ ဖြစ်လာကြသည်။ ကေအမ်တီ ကူမင်တန် အကြွင်းအကျန်များနှင့် ပူးပေါင်းသည့် ပလောင်တပ်ဖွဲ့တဖွဲ့ ၊ ကေအိုင်အေ ပလောင် ပူးပေါင်း တဖွဲ့ ( KIA/ PSLA ) နှင့် SSA ရှမ်းပြည်တပ်မတော်ဟူ၍ သုံးစုဖြစ်လေသည်။

ကေအမ်တီ ပလောင် အစုနှင့် SSA လည်းတိုက်ကြသလို ၊ ကေအိုင်အေ PSLA အစုနှင့် ကေအမ်တီ PNF ပလောင်အစုလည်းတိုက်ကြလေသည်။ တဖန် ကေအိုင်အေ PSLA အစုနှင့် ရှမ်းပြည်တပ်မ တော်အကြားလည်း တိုက်ခဲ့ရာ တိုက်ပွဲမှာ သုံးပွင့်ဆိုင် သဘောဆောင်ခဲ့လေသည်။

တိုက်ပွဲများမှာ ၁၉၆၇ ခုနစ်ကတည်းက စတင်ဖြစ်လာခဲ့ပြီး ၁၉၇၂ တွင်မူ SSA က ပလောင်တောင် ပေါ်ဒေသတွင် အထူးစစ်ဆင်ရေး လုပ်ခဲ့ရာ ကေအမ်တီ ပလောင်PNF အစုအဖွဲ့မှာ တပ်ပြုတ်သွားလေသည်။ ယင်းနောက် ကျန်ရှိ ၃ ဖွဲ့အနေဖြင့် အပြန်အလှန် နယ်မြေလု တိုက်ခိုက်မှုများ ဆက်ဖြစ်နေကြရာ ၁၉၈၀ ခုနစ်အထိရောက်သွားခဲ့သည်။

၁၉၈၀ ပြည့်နှစ် ၁၁ လပိုင်း ၂၈ ရက်နေ့တွင် SSA ခေါင်းဆောင် ကုလား စိုင်းလိတ် ၊ ကေအိုင်အေ ဥက္ကဌကြီး ဘရန်ဆိုင်းနှင့် ပလောင်ခေါင်းဆောင်များမှာ နမ့်ဆန် ဒေသ ငွမ့်စဝစ် ဆိုသည့် ရွာတွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် အပစ်ရပ်စာချုပ်ချုပ်ဆိုပြီး အပစ်ရပ်စဲကြရန်လည်း သဘောတူခဲ့ကြလေသည်။
ယင်းစာချုပ်တွင်-

၁။ အချင်းချင်း အပစ်ရပ်စဲရန်

၂။ တပ်ဖွဲ့အချင်းချင်း သွားလာဝင်ထွက်ရန် သဘောတူသည်။

၃။ တပ်ဖွဲ့အချင်းချင်း သတင်းဖလှယ်ရန် သဘောတူသည်။

၄။ တပ်ဖွဲ့ ၃ ဖွဲ့အနေဖြင့် သင့်တော်သည့် လှုပ်ရှားနယ်မြေသတ်မှတ်ပြီး လှုပ်ရှားရန် စသည့်အချက်များ ပါဝင်ပါသည်။

ခေတ်ကာလပြောင်းသွားပြီး PSLA အဖွဲ့မှာ အများစု ပြည်သူ့စစ်အဖြစ်ပြောင်း ၊ တချို့မှာ TNLA/PSLF အဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ယနေ့အချိန်အထိ ကိုးကားနေဆဲဟု ပြောကြသည်။

ယင်းကာလက လက်နက်ကိုင်လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် တအန်းပလောင်ခေါင်းဆောင် တဦးဖြစ်သည့် မိုင်းအုန်းခိုင်ကို မေးမြန်းရာတွင်မူ- “ ‘ပြောရမယ်ဆိုရင် PSLO/ PSLA ဆိုတာ SSIA ခေတ်ကတည်းက ပေါက်ပွားလာတာကိုး။

ဒီခေါင်းဆောင်ပိုင်းတွေက PSLA မပေါ်ပေါက်ခင် PNF ဆိုတာ ရှိတယ်။ ခေါင်းဆောင်ပိုင်းတွေက SSIA ကတည်းက အတူလက်တွဲလာခဲ့ကြတယ်လေ။

လူချင်း ရင်းနှီးမှုရှိခဲ့ကြတယ်။ ခေါင်းဆောင်ပိုင်း SSA ကော ကေအိုင်အေကော ခေါင်းဆောင်ကြီးတွေက ရှိသေးတယ်။ ပီအက်စ်အယ်လ်အေ တဖွဲ့ပဲမရှိတော့တာ။

ပြန်တက်လာတဲ့ခေါင်းဆောင်ကလည်း ရှမ်း ၊ ကချင် တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ရင်းနှီးတော့ ရှေးက ခင်မင်တဲ့အစဉ်အလာထိန်းသိမ်းချင်တယ်။ အဖွဲ့အစည်းအနေနဲ့လည်း မဟာမိတ် ဖွဲ့ဖို့လိုအပ်တဲ့ ကာလလည်းဖြစ်တေ့ာ။

အဲဒါလည်း မဒတ ( NDF ) တပ်ပေါင်းစုအောက်မှာ ပါဝင်ကြတယ်။ ၁၉၈၀ ဝန်းကျင်တုန်းက တိုင်းရင်းသားလက်နက်ကိုင် စိုးမိုးနယ်မြေအတွင်းမှာ ဖြတ်လေးဖြတ်တွေ ရှိတယ်။

ပသစ ( ပြည်သူ့့စစ်) တွေ သကဆဖ ( သောင်းကျန်းသူဆန့်ကျင်ရေး အဖွဲ့ )တွေ ဖွဲ့စည်းတာတွေရှိတယ်။ အဲလိုအခြေအနေဖြစ်လာတော့ တဖွဲ့ နဲ့ တဖွဲ့ ကျောချင်းမကပ်လို့မရတဲ့ အခြေအနေမျိုးဖြစ်လာတယ်။’ ဟု ပြောဆိုသည်။

၁၉၉၀ ဝန်းကျင်ကာလများတွင်လည်း နဝတ စစ်အစိုးရနှင့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်ရပ်စဲရာတွင် ဆိုခဲ့ပါ ၃ ဖွဲ့မှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို အပစ်ရပ်စဲခဲ့ကြသည်။

ယင်းကာလတွင်မူ ၃ ဖွဲ့မှ ခေါင်းဆောင်များမှာ တဖွဲ့ ဌာနချုပ် တဖွဲ့ အလွယ်တကူ ဝင်ရောက်လည်ပတ် ဆွေးနွေးနိုင်ခွင့် ပိုမို ပွင့်လင်းလာသည့်အတွက်လည်း ရင်းနှီးမှုပိုရခဲ့ကာ စာချုပ်သက်တမ်းရှည်ရေးအတွက် အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ဆိုသည်။

ပြန်ကြည့်လျှင် ရန်သူက ဖိအားပိုမိုပေးလာမှု ၊ တချိန်တည်းတွင်လည်း အကျိုးစီးပွားအရ အပြန်အလှန်ဆက်နွှယ်လာမှု ၊ ထို့အပြင် ယင်းတပ်ဖွဲ့များနှင့် အပြန်အလှန် မဟာမိတ် ဆက်ဆံရေးကော ၊ သြဇာအရပါရှိနေသည့် ဗကပ နှင့် အထူးသဖြင့် ကေအိုင်အေ အကြားအပစ်ရပ်စဲနိုင်ခဲ့မှု ၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုဆိုသည့် ခေါင်းစဉ်အောက်တွင် ကေအိုင်အေ ၊ ပလောင် နှင့် SSPP/SSA တို့မှာ မဟာမိတ်များအဖြစ် ပါဝင်နေသည့်အတွက် ထီးရိပ်တူလာမှုတို့ကလည်း ယင်းအပစ်ရပ်စဲရေး ပြုလုပ်ရန် အထောက်အပ့ံ ဖြစ်စေခဲ့သည်ဟု ဆိုနိုင်ပါသည်။

အပစ်ရပ်စဲရေး ပြုလုပ်ပြီး ၁၀ နှစ်ခန့်အကြာတွင်မူ ယင်းအဖွဲ့များမှာ စစ်အစိုးရနှင့် တဖွဲ့ပြီးတဖွဲ့ အပစ်ရပ်စဲရေး ပြုလုပ်ခဲ့ကြသည်။ အပစ်ရပ်ကာလအတွင်း ခေါင်းဆောင်များမှာ အပြန်အလှန် သူ့ဌာနချုပ်ကိုသွားလည် သူ့ဌာနချုပ်ကိုယ်သွားလည် လုပ်ရင်း ရင်းနှီးမှုများကိုလည်း ပိုမိုတည်ဆောက်နိုင်ခဲ့သည်။

ထူးခြားချက်မှာ အပစ်ရပ်စဲပြီး နှစ်ပေါင်း ၄၀ ကျော်ကြာသည့်တိုင် ယင်း ၃ ဖွဲ့မှာ အပြန်အလှန် ပစ်ခတ်ခြင်း မရှိတော့ပါ။ ၃ ဖွဲ့အနက် PSLA တဖွဲ့မှာ ၂၀၀၅ ခုနစ်က လက်နက်ဖြုတ်သိမ်းခံရပြီး အနည်းအကျဉ်းမှာ ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းခြင်း ခံရပါသည်။

သို့နှင့်တိုင် PSLA အဟောင်းအချို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည့် TNLA/PSLF ၊ တပ်မဟာ ၂ ခု ပြည်သူ့စစ် ဖွဲ့သွားသည့်အတွက် တပ်မဟာ ၁ ခုတည်းကနေ SSPP/SSA အဖြစ် ပြန်အလံလွှင့်ထူခဲ့သည့် ဝမ်ဟိုင်း နှင့် ယနေ့ခေတ် ကေအိုင်အေ တို့မှာလည်း ၄င်းတို့အချင်းချင်းအကြား မည်မျှပင် နယ်မြေရှူပ်ထွေးစေကာမူ တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း မရှိတော့ပါ။

ယနေ့ခေတ်တိုင် ယင်းစာချုပ်အား ပြန်လည်ကိုးကားပြောဆိုနေကြဆဲလည်း ဖြစ်သည်ကိုတွေ့ရသည်။

ချုပ်ကြည့်လျှင် ၄င်းတို့အကြား ပြုလုပ်ခဲ့သည့် အပစ်ရပ်စဲရေးမှာ Conflicts Resolutionဟု ခေါ်သည့် ပဋိပက္ခ ဖြေရှင်းရေးအဆင့်သာရှိပါသည်။

တာရှည်ခံသည့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် သုံးလေ့ သုံးထရှိသည့် Conflicts Transformation ( ပဋိပက္ခမှ အသွင်ကူးပြောင်းတိုးတက်ခြင်း နည်းလမ်း ၊ လူမှု့ အလွှာအလိုက် ဆက်ဆံရေးများကိုပါ တည်ဆောက်သည့် နည်းလမ်း ၊ နိုင်ငံရေးအရ ဖြေရှင်းမှုများအပါအဝင်လို ) ကဲ့သို့ ချဉ်းကပ်မှုမျိုး ပါဝင်ခဲ့ခြင်းမရှိပါ။

Conflicts Transformation ကိုအကျဉ်းချုံး ရှင်းပြရမည်ဆိုလျှင်-

ပဋိပက္ခမှ အသွင်ကူးပြောင်းတိုးတက်ခြင်း Conflicts Transformation ဆိုသည်မှာ လူ့ဘဝ၏ ပုံမှန်တွေ့ကြုံနေရမည့် ကိစ္စ ဖြစ်ကာ ပဋိပက္ခဆိုသည်မှာလည်း လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းအကြားဆက်ဆံရေးတွင် အမြဲမပြတ် တည်ရှိနေသည့် ကိစ္စမျိုးဖြစ်နေသည့်အတွက်လည်း ပဋိပက္ခမှသည် ပုံမှန်ဆက်ဆံရေးအဖြစ် အလိုက်သင့် ပြောင်းလဲနိုင်ရေးအတွက် ပုံဖော်ချဉ်းကပ်ဆောင်ရွက်ခြင်းသည် Conflicts Transformation ပဋိပက္ခမှ ပြောင်းလဲခြင်း ဘာသာရပ်၏ အမြုတေပင်ဖြစ်သည်။

တနည်းအားဖြင့် ပဋိပက္ခကို ရှိနေရင်တောင် ပိုမိုလျော့နည်းစေရန် ကဏ္ဍစုံ အလွှာစုံမှ ညှိနှိုင်းလျော့နည်းမှုကို အခြေခံ ချဉ်းကပ်စေပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုဆီသို့ ဦးတည်စေခြင်းဖြစ်သည်။

Conflicts Transformation တွင် ပဋိပက္ခဖြေရှင်းရေး Conflicts Resolution ထက် ဝေါဟာရပိုများသကဲ့သို့ လုပ်ဆောင်ရမည့် ကိစ္စရပ်လည်း ပိုများလေ့ရှိပါသည်။

ယနေ့ခေတ်ကာ ကေအိုင်အေ ၊ SSPP/SSA ၊ PSLF/TNLA တို့ကိုပြန်ကြည့်လျှင် အထူးသဖြင့်တော့ လူမျိုးစု အခြေပြု နိုင်ငံရေးအရ အကျိုးစီးပွား ထပ်နေသည့် နယ်မြေများလည်း ယင်း ၃ ဖွဲ့တွင် အပြန်လှန်ရှိနေခဲ့သည်ကိုလည်း တွေ့ရသည်။ ( ဥပမာ ပလောင်ပြည်နယ်တောင်းခြင်း ၊ ကချင်တို့သတ်မှတ်လိုသည့် ရှမ်းမြောက်ရှိ ကချင်ဆပ်စတိတ်နယ်များတွင်ပါ TNLA/PSLF နယ်မြေများ သတ်မှတ်မှု ရှိနေပြီး ယင်းဒေသများကို ပလောင်ပြည်နယ်အဖြစ် ရည်ရွယ်ဖော်ပြသည့် မြေပုံအချို့ကိုလည်း တွေ့နေရခြင်း ကြောင့်ပင် ) ရံဖန်ရံခါ ယင်းအဖွဲ့များအကြား တင်းမာသယောင် ၊ အဖုအကြိတ် ရှိသယောင် အချို့လည်း ဆိုရှယ်မီဒီယာပေါ်တွင် တက်လာလေ့ရှိသည်။ သို့သော် ယင်းတပ်ဖွဲ့များအချင်းချင်း တိုက်ခိုက်မှု မဖြစ်အောင်တော့ ထိန်းထားနိုင်ကြဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေဦးတော့ မြန်မာလို သပိတ် ဟု အမည်ရသည့် ငွမ့်စဝစ်သည် နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

– စိုင်းထွန်းအောင်လွင်