• Today is: Friday, March 29, 2024

စစ်ကောင်စီ တပ်သားအင်အား ၂ သိန်းခွဲ မပြည့်တော့ဘူးလို့ NUG ခန့်မှန်း၊ ပြိုလှဲမှု ရှိလာနိုင်တယ်လို့ လေ့လာသူတွေပြော

ဓါတ်ပုံ – Getty Images

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၃၀ ရက်၊ ၂၀၂၃။
 
စစ်ကောင်စီရဲ့ တပ်သားအင်အားဟာ တိုက်ခိုက်ရေးတပ်တွေနဲ့ လက်ရုံးတပ်တွေ ပေါင်းမှ ၂ သိန်း ၂ သောင်း ကျော်ကနေ ၂ သိန်း ၄ သောင်းကြားမှာပဲ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းပါတယ်။
 
ပြည်တွင်း၊ ပြည်ပ လေ့လာသူတွေက တပ်အင်အားကို ၃ သိန်းကနေ ၅ သိန်းအထိ ခန့်မှန်းခဲ့ကြပေမယ့် အဲဒီလောက် မရှိတော့ဘူးလို့ မေလ ၂၈ ရက်က NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပြည်သူ့ကာကွယ်ရေး ကဏ္ဍ အခြေပြစာတမ်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။
 
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးတဲ့နောက် တပ်ရင်းတစ်ရင်းရဲ့ ဖွဲ့စည်းပုံကို စစ်သည်အင်အား ၈၅၇ ဦး ကနေ အင်အား နှစ်ရာသာ ပါတဲ့ ဖွဲ့စည်းပုံမူကြမ်း အဆိုပြုချက်တွေ တိတ်တဆိတ် စီစဉ်ခဲ့ရတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
 
ဖက်ဒရယ်ဂျာနယ် မြန်မာရဲ့ ဆွေးနွေးခန်း စကားဝိုင်းမှာ တိုင်းရင်းသားနိုင်ငံရေး လေ့လာသူ နိုင်ဗညားမွန်နဲ့ မြန်မာ့နိုင်ငံရေး လေ့လသူ ဒေါက်တာလှကျော်ဇေ တို့က စစ်ကောင်စီတပ်ဟာ တစစ ပြိုလှဲလာနေပြီလို့ သုံးသပ် ပြောဆိုပါတယ်။
 
တိုင်းရင်းသားနိုင်ငံရေး လေ့လာသူ နိုင်ဗညားမွန်က အခုနှစ် ၂၀၂၃ ထဲမှာတော့ အားအနည်းဆုံး ဖြစ်နေပြီး စစ်ကောင်စီက ပြိုလှဲနိုင်တဲ့အနေအထား အရှိဆုံးလို့ သုံးသပ်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီတပ်ဖွဲ့၏ အခု အနေအထားဟာ တပ်အင်အား ကျဆင်းနေပြီး တနိုင်ငံလုံး အတိုင်းအတာအရ အုပ်ချုပ်မှုကိုလည်း ထိန်းသိမ်း နိုင်ခြင်း မရှိတော့သလို နောက်တန်း စစ်မျက်နှာများလည်း အမျိုးသမီးနှင့် သက်ကြီးရွယ်အို တို့ကိုတာ အဓိက ထားနိုင်တဲ့ အခြေအနေဖြစ်နေပြီလို့ သူက သုံးသပ် ပါတယ်။
 
ဒါ့အပြင်လည်း အခုအချိန်မှာ အရင်ကလို စစ်ကောင်စီက စည်းရုံးမက်လုံး ပေးပေမယ့် စစ်တပ်ထဲကို စစ်မှုထမ်းဖို့ လူငယ်တွေ ဘယ်သူမှ ဝင်ရောက်ခြင်း မရှိတော့က အဓိက အင်အားနည်းစေတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လောက်လျင်မြန်စွာ ပြိုလှဲနိုင်မလဲဆိုတာက တော်လှန်ရေးအင်အားစုတွေအပေါ်မှာပဲ မူတည် တယ်လို့ သူက သုံးသပ် ပါတယ်။
 
အလားတူ မြန်မာ့နိုင်ငံလေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း စစ်ကောင်စီတပ်ဟာ တိုက်ရည်ခိုက်ရည် ကျဆင်းနေသလို စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များဟာလည်း သူတို့ရဲ့ အကျိုးစီးပွားကိုပဲ အဓိကထားပြီး ခြစားမှု တွေ အင်မတန်ကြီးမားနေတာကြောင့် စစ်ကောင်စီတပ်က ပျက်စီးနေပြီဖြစ်သလို ပြိုလှဲနိုင်တယ်လို့ ရှုမြင်သုံးသပ် ပါတယ်။
 
ဒါ့အပြင် အခုနွေဦးတော်လှန်ရေးကာလဟာ စစ်ကောင်စီကို ဖြိုလှဲနိုင်မယ့် အဓိက အင်အားကောင်းတဲ့ ကာလ ဖြစ်သလို တော်လှန်ရေးအင်အားစုတွေအနေဖြင့် စုစည်းညီညွတ်စွာနဲ့ တွန်းလှန်မယ်ဆိုရင်တော့ လျင်မြန်စွာနဲ့ မုချအောင်မြင်မှာ ဖြစ်တယ်လို့ သူက ယုံကြည်တယ်လို့လည်း ပြောပါတယ်။
 
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရလည်း စစ်ကောင်စီအနေနဲ့ စစ်သားနဲ့ ရဲ လူသစ်စုဆောင်းမှုမှာ အခက်အခဲများစွာရှိနေပြီး သူတို့အရင်က အဓိကလူသစ်စုဆောင်းခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ အညာဒေသဟာ ခုခံတွန်းလှန်စစ်မှာ အတက်ကြွဆုံးပါဝင်နေကြတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် အာဏာသိမ်းမှုကို လက်မခံဘဲ CDM လုပ်လာတဲ့ စစ်သားနဲ့ ရဲ တစ်သောင်းသုံးထောင်ကျော်ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်းမှာ ထည့်သွင်းဖော်ပြပါတယ်။