• Today is: Monday, May 27, 2024

စစ်ကောင်စီခင်းတဲ့ စစ်အာဏာရှင်ခရီးလမ်းပေါ်က နိုင်ငံရေးပါတီများရဲ့အခဏ်းကဏ္ဍ

စစ်ကောင်စီခင်းတဲ့ စစ်အာဏာရှင်ခရီးလမ်းပေါ်က နိုင်ငံရေးပါတီများရဲ့အခဏ်းကဏ္ဍ

အိုက်နီး(ဖြူး) | အတွေးအမြင် 

လူ့အဖွဲ့အစည်းတရပ်ဖြစ်လာဖို့ ခေတ်ကြီး ၅ခေတ်ကို မဖြစ်မနေဖြတ်သန်းရမယ်လို့ ကမ္ဘာ့နိုင်ငံရေးသုတေသီတွေက အကဲဖြတ်ထားကြပါတယ်။ ပဒေသာပင်ခေတ်(ကျောက်ခေတ်) ကျေးပိုင်ကျွန်ပိုင်ခေတ်၊ ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်နဲ့ ဆိုရှယ်လစ်ခေတ်ပါ။ ပဒေသာပင်ခေတ်က ကမ္ဘာ့ဉီးအစမှာ ဖြစ်ထွန်းခဲ့ပါတယ်။

လူသားမျိုးနွယ်တွေက တစုံတဦး ဖန်ဆင်းရှင်တပါးပါးက ဖန်တီးခဲ့တာတာမဟုတ်ဘဲ လူသားမျိုးနွယ်တွေဟာ ဆင့်ကဲပြောင်းလဲခြင်းကနေ လူသားမျိုးနွယ်တွေ တည်ရှိလာခဲ့တာဖြစ်ပါတယ်။ လူသားမျိုးနွယ်တွေက အစကနဦးမှာ ပြန့်ကျဲစွာ နေထိုင်ခဲ့ကြတယ်လို့ ကမ္ဘာ့သမိုင်းသုတေသီတွေက ပြောကြားထားပါတယ်။

ပြန့်ကျဲစွာနေထိုင်လာတဲ့ လူသားမျိုးနွယ်တွေဟာ တောရိုင်းတိရစ္ဆာန်နဲ့ လုံးပမ်းသတ်ဖြတ်တိုက်ခိုက်ခြင်းကနေ တဖြေးဖြေချင်းစုစည်းနေထိုင်လာခဲ့ပြီး ပဒေသာပင်ခေတ်လို့ခေါ်တဲ့ကျောက်ခေတ်၊ သံခေတ်၊ သတ္တုခေတ်အစရှိတဲ့ ခေတ်တွေကို တိုက်ပွဲပေါင်းများစွာဖြတ်သန်းပြီး ယဥ်ကျေးတဲ့လူ့အဖွဲ့အစည်းအဖြစ်ရောက်ရှိလာတာဖြစ်ပါတယ်။

လူသားမျိုးနွယ်တွေက မီးကို စတင်တွေ့ရှိရာကနေ လူရိုင်းမျိုးနွယ်အဆင့်နေရာကနေ ယဥ်ကျေးတဲ့လူသားမျိုးနွယ်အဆင့်နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။ ပဒေသာပင်ခေတ်ဦးပိုင်းမှာ  အုပ်စိုးသူလည်းမရှိခဲ့သလို အုပ်စိုးခံလည်းမရှိခဲ့ပါဘူး။ ကုန်ကုန်ပြောရရင် ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေလည်း မပေါ်ထွန်းခဲ့သေးပါဘူး။

လူသားတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကြားက တိုက်ပွဲကနေ ခွန်အားကြီးမားသူ တိုက်ခိုက်နိုင်စွမ်း လက်ရုံးရည်ကို အခြေပြုပြီး ခေါင်းဆောင်အဖြစ်တင်မြှောက်ရာကနေ ကျေးလက်၊ မြို့ပြ၊ နိုင်ငံတော်တွေပေါ်ထွန်းလာခဲ့ပြီး အုပ်စိုးသူအစိုးရစနစ်ပေါ်ထွန်းလာခဲ့ပါတယ်။

 လက်တွေ့ဘဝထဲကနေ လိုအပ်ချက်အရ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ခွန်အားကြီးမားသူကို ခေါင်းဆောင်တင်မြှောက်ရာကနေ ပဒေသရာဇ်စနစ် ကျေးပိုင်ကျွန်ပိုင်ခေတ်ကို ရောက်ရှိလာခဲ့ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ လူသားကြားက တိုက်ပွဲကနေ အုပ်စိုးသူစနစ်ကို ခေတ်ကာလရဲ့ လိုလားချက်ပေါ်ထွန်းခဲ့ပေမယ့် လူလူချင်း ခေါင်းပုံဖြတ်အမြတ်ထုတ် သွေးစုပ်ချယ်လှယ်ခြင်းတွေကို ကြီးစိုးလာမှုကြောင့် လူသားတွေရဲ့တိုက်ပွဲက တောရိုင်းတိရစ္ဆာန်နဲ့တိုက်ပွဲဝင်ရာကနေ လူလူချင်းသွေးစုပ်သူ အုပ်စိုးသူပဒေသရာဇ်စနစ်ကို တိုက်ပွဲဝင်ရာကနေ ဒီမိုကရေစီခေတ်ဦးသမိုင်းတခေတ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၁၇၈၉ခုနစ် ဇူလှိုင်လ၁၄ရက်နေ့မှာ ပြင်သစ်တော်လှန်ရေးဖြစ်ပေါ်ပြီးနောက် ၁၈ရာစုမှာ ပထမစက်မှုတော်လှန်ရေးဟာ ဗြိတိန်နိုင်ငံကနေ ဥရောပတိုက်တခုလုံးကို ပျံနှံလာပြီး ဘူဇွာတော်လှန်ရေးများဥရောပနိုင်ငံအသီးသီးမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ပဒေသရာဇ်စနစ်ဟာလည်း ဥရောပနိုင်ငံအသီးသီးမှာပြိုလဲလာခဲ့ရပါတယ်။

ပဒေသရာဇ်စနစ်နေရာမှာ အရင်းရှင်ဒီမိုကရေစီစနစ်အစားထိုးလာပြီး နိုင်ငံရေးပါတီများရဲ့ အရေးပါမှုက ဒီမိုကရေစီစနစ်ကို မောင်းနှင်လာခဲ့ကြတယ်။ နိုင်ငံရေးပါတီများရဲ့အခဏ်းကဏ္ဍအရေးပါမှုကြီးမားလာသလို နိုင်ငံသူနိုင်ငံသားတွေရဲ့ ဆန္ဒမဲပေးခြင်းဟာလည်း ဒီမိုကရေစီစနစ်ကို ပီပြင်လာစေပါတယ်။ မဲပေးရာမှာ အမျိုးသမီးများမဲပေးခွင့်ရရှိရေးနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ တန်းတူမှုရှိစွာ တရားမျှတမှုရှိစွာ မဲပေးခွင့်ရရေးအတွက် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကနေ နိုင်ငံသားမဲပေးခွင့်ရရှိလာပြီး ဒီမိုကရေစီစနစ်ကို ပိုမိုပီပြင်အသက်ဝင်လာခဲ့ပါတယ်။

ဒီမိုကရေစီမရှိတဲ့ အာဏာရှင်တိုင်းပြည်တွေရဲ့ မဲပေးခြင်းဟာ အာဏာရှင်အစိုးရတွေအလိုကျ အတုအယောင်ရွေးကောက်ပွဲတွေအဖြစ်သာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီမိုကရေစီကင်းမဲ့နေတဲ့ အာဏာရှင်တိုင်းပြည်တွေရဲ့ နိုင်ငံရေးပါတီတွေဟာ အာဏာရှင်ကိုယ်ပွား၊ အာဏာရှင်ကိုယ်စားလှယ်တွေအဖြစ်သာ တည်ရှိနေတာပါ။ ဒီမိုကရေစီစနစ်ကို အာမခံတဲ့ နိုင်ငံတွေမှာ မဲပေးခွင့်ရတဲ့ပြည်သူလူထုရဲ့ ဆန္ဒမဲကနေသာ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးပါတီတွေအဖြစ် ရှင်သန်မှာပါ။

ဒီမိုကရေစီမရှိတဲ့တိုင်းပြည်တွေမှာ နိုင်ငံရေးပါတီတွေဟာ ရှင်သန်ခွင့်မရှိသလို ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း ကိုယ်စားမပြုနိုင်ပါဘူး။ အာဏာရှင်တိုင်းပြည်တွေမှာရှိနေတဲ့ နိုင်ငံရေးပါတီတွေဟာ ပြည်သူလူထုကို ကိုယ်စားပြုမှုမရှိဘဲ အာဏာရှင်အစိုးရတွေကိုသာ သစ္စာခံကြရတဲ့ နယ်သားပယ်စားအဆင့်သာ ရှိနေတတ်ကြပါတယ်။

နိုင်ငံရေးပါတီဟာ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုနိုင်တဲ့ ပါတီတွေဖြစ်ဖို့ဆိုရင် အာဏာရှင်အစိုးရတွေကို ဆန့်ကျင်တော်လှန်ဖို့က အင်မတန်အရေးကြီးပါတယ်။ အာဏာရှင်အစိုးရတွေကိုဆန့်ကျင်တော်လှန်ဖို့က နည်းသဏ္ဍာန်ပေါင်းစုံရှိနေတတ်ပါတယ်။ သပိတ်မှောက်ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ နိုင်ငံရေးအရဖိအားပေးခြင်း၊ နိုင်ငံတကာအစိုးရတွေက အရေးယူပိတ်ဆို့ခြင်း၊ ဖိအားပေးခြင်း ၊ ကြားဝင်ညှိုနှိုင်းခြင်းတွေအပြင် လက်နက်စွဲကိုင်တော်လှန်ရေးဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။

 ၂၀၂၀ခုနစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ဆန္ဒမဲတွေကို စစ်တပ်ကျောထောက်နောက်ခံပေးတဲ့ ပါတီတွေကို မဲပေးခြင်းမရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကသာ မဲဆန္ဒတွေ ထပ်မံရရှိတာကြောင့် စစ်အုပ်စုဟာ စစ်အာဏာရှင်သက်ဆိုးရှည်ရေးနဲ့ စစ်အာဏာရှင်စနစ် အသက်ဆက်ရေးအတွက် အာဏာသိမ်းပွဲဖြစ်ပေါ်လာခဲ့ပါတယ်။

စစ်အာဏာရှင်ဗိုလ်မင်းအောင်လှိုင် ထည့်မတွက်မိတာက ပြည်သူလူထုရဲ့စွမ်းအားကိုပါ။ စစ်အာဏာသိမ်းပွဲဖြစ်ပေါ်ပြီး ချက်ချင်းမှာပဲ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲခေါ်သံဟာ ဆိုရှယ်မီဒီယာကနေတဆင့် စတင်လှုံ့ဆော်လာခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ သံဗုံးတီးခြင်းကနေအစပြုပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲဖြစ်ပေါ်ရာကနေ အလွှာပေါင်းစုံပါဝင်တဲ့ အာဏာဖီဆန်ရေး CDMလှုပ်ရှားမှုအပြင် အထွေထွေသပိတ်ဆီကို ဦးတည်ချီတက် လာခဲ့ပါတယ်။

တောရောမြို့ပါမကျန် အုံ့ကြွလာခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီပေါင်းစပ်နိုင်ခဲ့ပါတယ်။ ဗမာပြည်ရဲ့သမိုင်းမှာ တကြိမ်တခါမှ မရရှိဖူးတဲ့အခွင့်အခါကောင်းတွေကနေ လက်နက်ကိုင်တော်လှန်ရေးအဆင့်နေရာအထိ ကြီးမားကျယ်ပြန့်လာခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူလူထုတရပ်လုံးက ရွေးချယ်ခဲ့တယ်ဆိုတာထက် စစ်အာဏာရှင် ဗိုလ်မင်းအောင်လှိုင် စစ်အုပ်စုက တွန်းပို့ခဲ့တာပဲဖြစ်ပါတယ်။

 ငြိမ်းချမ်းရေးစွာ ဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက်တဲ့နည်းနဲ့ စစ်အုပ်စုက သတ်ဖြတ်ဖြိုခွဲခံရတာကြောင့် လက်နက်နဲ့ ဖိနှိပ်တဲ့အုပ်စိုးသူကို လက်နက်စွဲကိုင် ခုခံရေးက တရားဥပဒေတရပ်အဖြစ် ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ပြဿနာဟာ ပြည်တွင်းပဋိပက္ခလို့ ပြောလို့မရပါဘူး။ တော်လှန်ရေးတရပ်လို့ပြောမှ ပြည့်စုံမှာပဲဖြစ်ပါတယ်။

ပဋိပက္ခဆိုတာ ဘာသာရေးကိုအခြေခံပြီးဖြစ်စေ၊ လူမျိုးကိုအခြေခံပြီးဖြစ်စေ ဖြစ်ပေါ်တတ်တာက ပဋိပက္ခပါ။ ဒီကနေ့ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ လူမျိုးရေးကိုအခြေခံပြီး ပေါ်ပေါက်လာတာမဟုတ်သလို ဘာသာတရားကို အခြေခံပြီး ပေါ်ပေါက်လာတာလည်းမဟုတ်ပါဘူး။

လက်တဆုပ်သာရှိတဲ့ စစ်တပ်က အတင်းအဓမ္မ အကြမ်းဖက်တဲ့နည်းတဲ့ အာဏာရယူလာခဲ့လို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ စစ်အုပ်စုဟာ လူမျိုးဘာသာမခွဲခြားဘဲ ဖိနှိပ်ရေးယန္တရားကို သုံးပြီး သတ်ဖြတ်အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာဖြစ်လို့ မိမိကိုယ့်ကို ခုခံကာကွယ်ရေးကနေ တော်လှန်ရေးတရပ်ကို မွေးထုတ်ပေးလာတာပဲဖြစ်ပါတယ်။

ဒီကနေ့ပေါ်ပေါက်လာတဲ့ တော်လှန်ရေးကို  ဘယ်လို လူပုဂ္ဂိုလ်မျိုးမှ ဟန့်တားကြားဝင်လို့မရသလို ဖြန်ဖြေရလို့လည်းရမှာမဟုတ်ပါဘူး။ ဒီမိုကရေစီရှင်သန်ရေးအတွက် တိုက်ပွဲလည်းဖြစ်ပါတယ်။ ဒီမိုကရေစီလိုလားသူနဲ့ ဒီမိုကရေစီဆန့်ကျင်သူကြားက တိုက်ပွဲဖြစ်ပါတယ်။ ဒီမိုကရေစီလိုလားသူတိုင်း ထောက်ခံအားပေးရမှာပဲဖြစ်ပါတယ်။

ဒီမိုကရေစီလိုလားတယ်လို့ အသံကောင်းဟစ်တဲ့ အနောက်ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ ထိရောက်တဲ့ အားပေးထောက်ခံမှုမရှိသေးတာကို တွေ့ရပါတယ်။ ဒီမိုကရေစီရေးတိုက်ပွဲဖြစ်တာကြောင့် စစ်အုပ်စုကို ပြတ်သားစွာ ဆန့်ကျင်ကြဖို့က လက်နက်ကိုင်တော်လှန်ရေးတခုထဲမဟုတ်ဘဲ နည်းသဏ္ဍာန်ပေါင်းစုံတိုက်ပွဲနဲ့ ဟန်ချက်ညီညီပေါင်းစပ်ကြရမှာပါ။ လက်နက်ကိုင်တော်လှန်ရေးကို ဗဟိုပြု နည်း သဏ္ဍာန်ပေါင်းစုံတိုက်ပွဲများနဲ့ ပေါင်းစပ်ကြလို့ ကြွေးကြော်ရမှာပဲဖြစ်ပါတယ်။

 စစ်အာဏာသိမ်းပြီး ၂နှစ်အကြာ လက်နက်ကိုင်တော်လှန်ရေးအရှိန်အဟုန်မြှင့်တက်လာတဲ့ဒီကာလမှာ စစ်အုပ်စုဟာ နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ ပါတီစုံရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကြွေးကြော်လာခဲ့ပါတယ်။ ပြည်သူလူထုတရပ်လုံးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက တခဲနက်ဆန့်ကျင်ခဲ့ကြပါတယ်။ စစ်အုပ်စုကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံရေးပါတီတွေ စုရုံးမှတ်ပုံတင်ကြပြီး ရွေးကောက်ပွဲဝင်ကြဖို့ တွေ့ရှိရတာကို အံ့ဩတုန်လှုပ်မှု တစိုးတစိမျှ မရှိပါဘူး။

အံ့ဩစရာကောင်းစရာကောင်းလောက်တဲ့ အဖြစ်အပျက်က နိုင်ငံရေးအစဉ်အလာရှိတဲ့ပုဂ္ဂိုလ်တွေက နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင် မှတ်ပုံတင်လာတာကိုတွေ့ရပါတယ်။

ကိုကိုကြီးရဲ့ ပြည်သူ့ပါတီ၊ ဒေးဗစ်လှမြင့်/နော်အုန်းလှတို့ရဲ့  UNDP သစ်ခုတ်သမားပါတီ၊ ကျောင်းသားမျိုးဆက်ကလာတဲ့ ဇေယျတို့ရဲ့ လူ့ဘောင်သစ်ပါတီ(ကိုအောင်မိုးဇော်တို့ရဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ မတူပါ) အစရှိတဲ့ နိုင်ငံရေးအစဉ်အလာကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုခင်းတဲ့ အာဏာရှင်ခရီးလမ်းကို ဆိုင်းသံဗုံသံတွေနဲ့ ဝင်ရောက်လာတာကို နိုင်ငံရေးသံဝေဂအတော်ရမိပါတယ်။

နိုင်ငံရေးသူငယ်နာမစင်တဲ့ ပကတိနိုင်ငံရေးဝဲဂယက်ကို အကဲမဖြတ်နိုင်သူတွေအဖြစ် အတိတ်သမိုင်းမှာ လူရှင်လျက် နိုင်ငံရေးဘဝသေဆုံးသွားသူတွေအဖြစ် အနာဂတ်မျိုးဆက်သစ်တွေက မှတ်မိနေကြမှာပါ။

စစ်အာဏာရှင်ရွေးကောက်ပွဲကနေ ဒီမိုကရေစီခရီးလမ်းမဟုတ်ဘဲ စစ်အာဏာရှင်ခရီးလမ်းကို မောင်းနှင်နေတဲ့ ခွေးသွားစိပ်တွေအဖြစ် သတ်မှတ်ရမှာပဲဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ဆိုရင် စစ်အာဏာရှင်စနစ်အောက်မှာ အဖြေရှာလို့မရပါဘူး။ တန်းတူရည်တူရှိတဲ့ နိုင်ငံရေးစနစ်အောက်မှာသာတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဒီမိုကရေစီဆိတ်သုဉ်းနေတဲ့တိုင်းပြည်မှာ ရွေးကောက်ပွဲက ထွက်လာတဲ့ ဘယ်လိုရလာဒ်မျိုးဖြစ်ပါစေ စစ်အာဏာရှင်တွေရဲ့ ကိုယ်စားလှယ်တော်များအဖြစ်မှလွဲပြီး ပြည်သူလူထုကို ကိုယ်စားပြုမှာမဟုတ်ဘူးဆိုတာ ရှင်းလင်းပြတ်သားစွာ အကဲဖြတ်ရမှာပဲဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

 

  • အိုက်နီ(ဖြူး)