• Today is: Thursday, April 18, 2024

သုံးနားညီ ဒီမိုကရေစီ

သုံးနားညီ ဒီမိုကရေစီ

လင်းလင် | အတွေးမမြင်

ဒီမိုကရေစီစနစ်ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် တိုင်းပြည်ရေးရာကိစ္စရပ်တွေစီမံခန့်ခွဲတဲ့ နေရာမှာ ပြည်သူလူထုအများစုရဲ့ ဆန္ဒနဲ့ အညီ ဆောင်ရွက်တာကိုဆိုလိုတာပါ။ ဒီနေရာမှာ ပြည်သူအသီးသီးဟာ ကိုယ့်ဘဝ ရှင်သန်ရပ်တည်နိုင်ရေး အတွက် ကြိုးပမ်းနေရတော့ ကျယ်ပြန့်နက်ရှိုင်းတဲ့ တိုင်းပြည်ရေးရာ ကိစ္စရပ်တွေကို နားလည်ပါ့မလားလို့ မေးစရာရှိပါတယ်။

ဟုတ်ပါတယ်။ ပြည်သူအများစုဟာ ကိုယ့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းနဲ့ ပတ်သတ်တာကလွဲရင် တိုင်းပြည်ရေးရာ ကိစ္စရပ်တွေကို နှံနှံစပ်စပ် သိမြင်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ပညာရေးစနစ်ရဲ့ သင်ကြားချက်အရရော ကိုယ်စီအသီးသီးရဲ့ ဗဟုသုတလေ့လာမှုအရပါ တိုင်ပြည်ရေးရာကိစ္စတွေနဲ့ ပတ်သတ်ရင် ထိုက်သင့်သလောက်သိကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်သိမြင်ကြတဲ့အတိုင်းအတာ ပမာဏတော့ မတူညီကြဘူးပေါ့။ တိုင်းပြည်ရေးရာကိစ္စရပ်တွေမှာနဲ့ သိသင့်သလောက်သိအောင် သင်ယူဖို့က နိုင်ငံသူ နိုင်ငံသားတွေရဲ့ အရေးကြီးတဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။

ဒီနေရာမှာ အတန်းပညာသိပ်မမြင့်တဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ အလုပ်သမားတွေ အပါအဝင် လက်လုပ်လက်စား လူတန်းစားတွေဟာ တိုင်းပြည်ရေးရာကိစ္စရပ်တွေနဲ့ ပတ်သတ်ရင် ဘာမှ မသိဘူးလို့ ယူဆကြတဲ့သူတွေရှိပါတယ်။ ဒီအယူအဆဟာ မှားယွင်းတဲ့ အယူအဆပါ။ ဥပမာ ပြောရရင် တစ်ပါတီ ချုပ်ကိုင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ်မှာ အာဏာပိုင်တွေကဟာ တောင်သူလယ်သမားတွေကို စီမံကိန်းသီးနှံဆိုပြီး ဒေသအလိုက် သူတို့ စိုက်ပျိုးစေလိုတဲ့ သီးနှံတွေကို အမိန့်ထုတ်ပြီး အတင်းအကျပ်စိုက်ခိုင်းခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

တကယ့်တကယ် ဘိုးစဥ်ဘောင်ဆက်လုပ်ကိုင်ခဲ့တဲ့ ဘဝပေးအသိအရ ကိုယ့်ဒေသမှာဘယ်လိုသီးနှံစိုက်လို့ရတယ်၊ စိုက်လို့မရဘူးဆိုတာကို တောင်သူလယ်သမားတွေက ကောင်းကောင်း သဘောပေါက်ခဲ့ပါတယ်။ ဒေသနဲ့မကိုက်ညီတဲ့ သီးနှံတွေကို အတင်းအကျုပ်စိုက်ခိုင်းခဲ့တဲ့ မူဝါဒ အမှား ကျူးလွန်ခဲ့တဲ့သူတွေက အာဏာပိုင်အဖွဲ့အစည်းတွေပါ။

အလုပ်သမားတွေကလည်း သူတို့လုပ်ငန်းခွင်မှာ ဘာတွေကမှားယွင်းနေတယ် ဘယ်လိုလိုအပ်ချက်တွေက ဖြည့်ဆည်းပေးဖို့လိုတယ်၊ သူတို့ဘဝမြင့်မားရေးအတွက် ဘယ်လိုမူဝါဒတွေ လိုအပ်နေတယ်ဆိုတာကို နားလည်ပါတယ်။ လက်လုပ်လက်စားပြည်သူတွေလည်း အလားတူပါပဲ။ အသေးအစား အလက်စားလုပ်ငန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သူတို့လုပ်ငန်းတွေ ရှင်သန်ကြီးထွားရေးအတွက် ဘာတွေ လိုအပ်နေတယ်ဆိုတာကို သိမြင်ကြပါတယ်။

ဒါပေမဲ့ ပြဿနာက တစ်ဦးချင်းသောပြည်သူတွေဟာ သူတို့ရဲ့ နေ့စဥ်လုပ်ငန်းတွေကို ဘေးဖယ်ပြီး တိုင်းပြည်ရေးရာကိစ္စ‌တွေကို ဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိပါဘူး။ နောက်တစ်ချက်ကလည်း သာမန်ပြည်သူတွေဟာ စားဝတ်နေရေးအတွက် သူတို့လုပ်ကိုင်နေရတဲ့ လုပ်ငန်းဘောင်ထက်ကျော်ပြီး တိုင်းပြည်ရေးရာကိစ္စရပ်အားလုံးကို ခြုံငုံသိမြင်နိုင်ဖို့ဆိုတာ အကန့်အသတ်နဲ့ပဲ ဆောင်ရွက်နိုင်တဲ့ ကိစ္စမျိုးပါ။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေ ထူထောင်လှုပ်ရှားခွင့်ကို ခွင့်ပြုထားပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေဟာ တိုင်းပြည်ရေးရာကိစ္စရပ်တွေကို ခြုံငုံသိမြင်အောင် လုပ်ကြရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး (ဝါ) ပြည်သူအများစုရဲ့ ဘဝ ငြိမ်းချမ်းသာယာ မြှင့်မားစေဖို့ ဘယ်လိုမူဝါဒတွေချမှတ်သင့်တယ်ဆိုတာကို သုံးသပ်ဆုံးဖြတ်ကြရပါတယ်။ နိုင်ငံရေးပါတီတစ်ခုချင်းအလိုက် ညှိနှိုင်းချမှတ်ထားတဲ့ မူဝါဒတွေကို ပြည်သူထံချပြပြီး ပြည်သူလူထုက နားလည်လာအောင် ထောက်ခံလာအောင် စည်းရုံးလှုပ်ရှားရပါတယ်။

ဒီနေရာမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ်မူတည်ပြီး အကျိုးစီးပွားချင်း ဆန့်ကျင်နေတာမျိုးတွေ ရှိနေတာဖြစ်လို့ ပြည်သူလူထုအများစုအကျိုးဖြစ်ထွန်းစေတဲ့ ဟန်ချက်ညီမူဝါဒတွေ ချမှတ်နိုင်အောင် မတူကွဲပြားတဲ့ အကျိုးစီးပွားတွေကြား ဘယ်လို မျှခြေရှာ၊ ထိန်းညှိမလဲဆိုတဲ့ အချက်ဟာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေအတွက် ပင်မစိန်ခေါ်ချက်ပဲလို့ ပြောနိုင်ပါတယ်။

လယ်သမားတွေအတွက် အကျိုးရှိတဲ့ မူဝါဒဟာ သီးနှံတွေ သိုလှောင်ရောင်းချရတဲ့ ကုန်သည်တွေအတွက် နစ်နာ အကျိုးမရှိတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်ပပို့ကုန်သမားတွေအတွက် အကျိုးရှိတဲ့ မူဝါဒဟာ ပြည်ပသွင်းကုန်သမားတွေအတွက် အကျိုးမဲ့တဲ့ ဟာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အသီးသီးချမှတ်ထားတဲ့ မူဝါဒတွေကိုကြည့်ပြီး ဘယ်နိုင်ငံရေးပါတီရဲ့မူဝါဒက တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးကြ ရမယ့် သူတွေက ပြည်သူတွေပါ။ ဒါကြောင့် ပြည်သူတွေက အဆုံးအဖြတ်ပေးနိုင်ဖို့ ရွေးကောက်ပွဲဆိုတာ လိုအပ်လာပါတယ်။ ရွေးကောက်ပွဲတော့ ကျင်းပပေးပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေက သူတို့ရဲ့ မူဝါဒတွေနဲ့ ပတ်သတ်ပြီးတော့ ပြည်သူလူထုကို လွတ်လွတ်လပ်လပ်ချပြဆွေးနွေးစည်းရုံးခွင့် မရှိဘူးဆိုရင်တော့ ရွေးကောက်ပွဲရဲ့ အနှစ်အရသာ ပျက်ပြယ်သွားပါပြီး။ အလားတူပါပဲ ပြည်သူလူထုက သူတို့နှစ်သက်ယုံကြည်ရာ နိုင်ငံရေးပါတီကို ရွေးချယ် မဲပေးခွင့် မရှိဘူးဆိုရင်လည်းပဲ ရွေးကောက်ပွဲရဲ့ အနှစ်အရသာ ကွယ်ပျောက်သွားပါပြီး။

တရားဥပဒေစိုးမိုးမှုပျက်ပြားပြီး တည်ငြိမ်မှုကင်းမဲ့ နေပြီးဆိုရင်လည်း နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားစည်းရုံးနိုင်စွမ်း မရှိတော့သလို ပြည်သူတွေလည်း ဆန္ဒမဲပေးရတာ မလုံမခြုံဖြစ်နေလို့ ရွေးကောက်ပွဲရဲ့ အနှစ်အရသာဟာ သဲထဲရေသွန်ဖြစ်သွားမှာပါ။

ရွေးကောက်ပွဲဆိုတဲ့ လုပ်ငန်းစဥ်အပေါ်မူတည်ပြီး ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေ လက်တွဲညီညီအကောင်အထည်ဖော်ရတဲ့ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထု၊ နိုင်ငံရေးပါတီ၊ ရွေးကောက်ပွဲဆိုသလို အပြန်အလှန်ဟန်ချက်ညီ ထိန်းညှိပေးနေရတာပါ။ ဒီ ကဏ္ဍ သုံးရပ်ထဲက ကဏ္ဍ တစ်ရပ်ရပ်က လည်ပတ်နိုင်စွမ်းမရှိတော့ရင် (ဒါမှမဟုတ်) အပြည့်အဝလည်ပတ်နိုင်စွမ်းမရှိတော့ရင် ဒီမိုကရေစီစနစ်ဟာ အင်ဂျင်စွမ်းရည်ကျ ဟောင်းနွမ်းနေတဲ့ မော်တော်ကားလို့ မကြာခဏ ထ ထ ဖောက်ပြီး အဆုံးတစ်နေ့မှာ ထိုးရပ်တဲ့ ဘဝကို ဆိုက်ရောက်သွားနိုင်ပါတယ်။

ဒါကြောင့် အနှစ်ချုပ်ပြောရရင် လူ့အဖွဲ့အစည်းတစ်ရပ်မှာ လွတ်လွတ်လပ်လပ်ရွေးချယ် ဆုံးဖြတ် လုပ်ကိုင်နိုင်ခွင့် ပျောက်ဆုံးနေခဲ့ရင် တရားဥပဒေစိုးမိုးနိုင်တဲ့ တည်ငြိမ် ငြိမ်းချမ်းမှုမျိုး မရှိခဲ့ရင် လောကပါလ တရားတွေကင်းမဲ့ပြီး ဒီမိုကရေစီစနစ်လည်း ရှင်သန်နိုင်စွမ်း မရှိတော့ပါဘူး။

  • လင်းလက်