• Today is: Monday, May 27, 2024

ကယန်းပြည်သစ်ပါတီ လုံခြုံရေးဂိတ်အပါအဝင် ၆ နေရာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၁ ရက်၊ ၂၀၂၃။

ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ် ကရင်နီ မိုးဗြဲမြို့ အနောက်ဘက်ခြမ်း မိုးဗြဲ-ပီကင်းသွားတဲ့ လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ကယန်းပြည်သစ်ပါတီ (KNLP) ရဲ့ တပ်တွေ အထိုင်ချထားတဲ့ လုံခြုံရေးဂိတ်ကို ဒီကနေ့ (ဇွန်လ ၁ ရက်) မနက် ၄ နာရီကျော်ခန့်မှာ စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကယန်းပြည်သစ်ပါတီဝင် တဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို အတည်ပြု ပြောဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်စောပိုင်းမှာ စစ်ကောင်စီ လေကြောင်းဖြင့် လာရောက် ဗုံးကြဲတဲ့အထဲမှာတော့ မိုးဗြဲ- ပီကင်း လမ်းမ ကြီးပေါ်က ကယန်းပြည်သစ် ဂိတ်အပါအဝင် ဖယ်ခုံ-ပင်လောင်းနယ်စပ်က ခေါင်းအိ၊ လွယ်လုံ၊ ဖယ်ခုံ၊ မြေနီကုန်း၊ စက်တော် စတဲ့နေရာတွေကိုလည်း စစ်ကောင်စီရဲ့ လေယာဉ် ၅ စီးက ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကယန်းပြည်သစ် ပါတီဝင် တဦး ပြောတာက “ကျနော်တို့ ကယန်းပြည်သစ်ပါတီ(KNLP) ရဲ့ တပ်စခန်း လုံခြုံရေး ဂိတ်ကို လေကြောင်းနဲ့ ၂ ကြိမ် လာပစ် သွားလို့ ဂိတ်တစ်ခုလုံး ပျက်စီးသွားတယ်၊ ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘူး၊ ကြိုတင်သတင်းရလို့ မနေ့ညကတည်းက ကြိုရှောင်ထားကြတယ်”လို့ ပြောပါတယ်။

ကယန်းပြည်သစ်ပါတီ(KNLP)ရဲ့ ဂိတ်စခန်းနဲ့အနီး တပ်စခန်းတချို့ကိုလည်း လေကြောင်းဖြစ် လာရောက် ပစ်ခတ်မှု ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

KNDF တပ်ဖွဲ့ ဥက္ကဌ ခွန်းဘီထူးကတော့ “ ကယန်းပြည်သစ်ပါတီ(KNLP)ရဲ့လုံခြုံရေး ဂိတ်စခန်း လေကြောင်း ပစ်ခတ်ခံရမှုနဲ့ စပ်လျဉ်းပြီး စစ်ကောင်စီက PDF တွေရှိတဲ့ နေရာလို့ မှန်းပြီး ကယန်းပြည်သစ်ပါတီ (KNLP)ရဲ့ လုံခြုံရေး ဂိတ်စခန်းအပါအဝင် အနီးအနားက နေရာ ၄ ခုကို ရမ်းပစ်သွားတာ ဖြစ်သလို စစ်ကောင်စီရဲ့ အခြေအနေဟာ သူရဲ့ တပ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အပြင်၊ သူတို့နဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ တပ်ဖွဲ့တွေကိုတောင် စစ်ရေးအရ လုပ်သင့်မလုပ်သင့် ဆိုတာမျိုးကိုလည်း မစဉ်းစားနိုင်တော့ထိ ပျက်စီးနေပြီ”လို့ မှတ်ချက် ပြုပါတယ်။

အခု ကယန်းပြည်သစ်ပါတီ(KNLP)ရဲ့ လုံခြုံရေး ဂိတ်ကို စစ်ကောင်စီက ဘာကြောင့် အခုလို လေကြောင်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်တာလည်း ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကယန်းပြည်သစ်ပါတီဟာ ယခင်စစ်အစိုးရလက်ထက် ၁၉၉၄ ခုနစ်ကတည်းက အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၂၀၀၉ မှ စတင်ကာ ပြည်သူ့စစ်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့်အဖွဲ့ ဖြစ်တယ်လို့ သိရ ပါတယ်။