• Today is: Monday, May 27, 2024

တော်လှန်ရေးအရုဏ်ဦးက ကြယ်တစ်ပွင့် (သို့မဟုတ်) ဗိုလ်မှူးကြီးဗထူး

တော်လှန်ရေးအရုဏ်ဦးက ကြယ်တစ်ပွင့် (သို့မဟုတ်) ဗိုလ်မှူးကြီးဗထူး”

မိုးစက် | အတွေးအမြင်

  • ဓာတ်ပုံ- ဗိုလ်မှူးကြီးကျဆုံးခြင်း (၇၇) နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား

ဗမာပြည်လွတ်လပ်ရေးအတွက် သူ့အသက်ကိုပေးလှူသွားခဲ့တာ ဒီနှစ်(၂၀၂၃ ခုနှစ်) ဆို ၇၈ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ အင်မတန်ခေါင်တဲ့ တောရွာလေးတစ်ရွာမှာမွေးဖွားခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ်ထွက် သခင်ကျောင်းသားကြီးတွေနဲ့ရင်ပေါင်တန်းပြီး တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးအရုဏ်ဦးက ကြယ်တပွင့်(သို့) ဗိုလ်မှူးကြီးဗထူးပါပဲ။

သူကျဆုံးတဲ့ ဇွန်လ(၂)ရက်နေ့ကို ‘ဗထူးနေ့’ အဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း(၇၇)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားမှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ မော်ကွန်းရေးထိုး ကြေညာခဲ့ပါတယ်။

ဗိုလ်မှူးကြီးဗထူး ကျဆုံးတဲ့ ဇွန်လ ၂ ရက်နေ့ကို လာမယ့်ပြည်ထောင်စုက ဗထူးနေ့အဖြစ် အသိမှတ်ပြုဖို့ကတော့ DDMSC နဲ့ ထားဝယ်လူမျိုးတွေအတွက် ဆက်ပြီးလုပ်ဆောင်ရမယ့် တာဝန်တစ်ခုအဖြစ် ရှိနေမှာပါ။

ဗိုလ်ဗထူးဟာ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်တစ်နှစ်ငယ်တယ်။ ၁၉၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှာ အဘ ဦးဘထွန်း၊ မိခင် ဒေါ်စိန်မြရင်တို့မှ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာမှာ မွေးဖွားသန့်စင်ခဲ့တယ်။ သတ္တမတန်းအောင်မြင်ခဲ့ပြီး အချိန်မှာ ပညာဆက်သင်ဖို့ မိဘတွေခွင့်ပြုပေမယ့် မိသားစုကို ငဲ့ကွက်လိုတဲ့စိတ်နဲ့ စာသင်ကျောင်းကို ကျောခိုင်းထွက်ခွာ လာခဲ့တယ်။ ပြီးတော့ သူနဲ့ဦးလေးတော်စပ်သူတစ်ယောက်နဲ့အတူ ဟိန္ဒားသတ္တုတွင်းသို့လိုက်လာပြီး ဆီထိုးသမားတစ်ယောက်အဖြစ် အလုပ်စတင်ဝင်ရောက်ခဲ့တယ်။

အဲဒီနောက် အလုပ်ကြိုးစားမှု၊ ရိုးသားဖြောင့်မတ်မှုနဲ့ ကြံရည်ဉာဏ်ရည်ရှိမှုတွေကြောင့် အလုပ်သမား ကြီးကြပ်ရေးမှူး တစ်ယောက်ဖြစ်လာပြီး ဆင်းရဲသား အခြေခံအလုပ်သမားတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ အလုပ်သမား စာကြည့်တိုက်မှူးတစ်ယောက်အဖြစ်လည်း ဆောင်ရွက်ခဲ့တယ်။

အဲဒီအခါ နဂါးနီသင်းမှထုတ်ဝေတဲ့ လက်ဝဲစာပေတွေကို ဖတ်ရှုလေ့လာရင်း အရင်းရှင်ဘူဇွာအုပ်စုတွေကနေ ဆင်းရဲသား အလုပ်သမား အခြေခံလူတန်းစားတွေအပေါ် သွေးစုပ်ခြယ်လှယ် နေတာတွေကို သိမြင်လာပြီး ဖိနှိပ်ခံအလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ အဲဒါကြောင့် သတ္တုတွင်း ကုမ္ပဏီပိုင်ရှင်တွေက သူ့ကို အလုပ်ကနေ ထုတ်ပစ်လိုက်ကြပါတယ်။ ဒီဟာက ဖိနှိပ်ခံကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ဖို့ လိုတယ်ဆိုတဲ့ သူ့ရဲ့ယုံကြည်မှုကို ပိုပြီးခိုင်ခံ့သွားအောင် အားဖြည့်ပေးလိုက်သလိုဖြစ်စေခဲ့ပါတယ်။

ဗိုလ်ဗထူးဟာ သူ့ရဲ့မိသားစုဝင်တွေနဲ့ အကျွမ်းတဝင်ရှိတဲ့ မအုန်းတင်ကို လက်ထပ်ခဲ့ပြီး သားသမီး(၃)ယောက် ထွန်းကားခဲ့တယ်။ အကြီးဆုံးသားကတော့ မောင်ဖေဝင်း (ဗိုလ်မှူးမြင့်ထူး- နောင်တွင် စစ်အစိုးရ၏ ဖမ်းဆီးညှဉ်းပမ်း မှုကြောင့် စစ်ကြောရေးစခန်းတွင် ကျဆုံးခဲ့ရသူ)ဖြစ်ပြီး သားငယ် မောင်စန်းဝင်း(ဦးစန်းထူး၊ ဒုတိယ အုပ်ချုပ်ရေးအရာရှိ၊ ရေနံ)နဲ့ သမီး မခင်ဝင်း(ဒေါ်မိမိလေး)တို့ ဖြစ်ကြတယ်။

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကို ဖွဲ့စည်းထူထောင်ပြီး ဂျပန်တပ်တွေနဲ့အတူ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာခဲ့တယ်။ ဗိုလ်လက်ျာ(သခင်သိန်းဖေ) ဦးဆောင်တဲ့စစ်ကြောင်းကြီး ထားဝယ်ကိုသိမ်းပိုက်စဉ်မှာ ဗိုလ်ဗထူးဟာ ဗမာပြည်လွတ်လပ်ရေးအတွက် တပ်မတော်ထဲဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် သူသိပ်ချစ်တဲ့ မိဘတွေနဲ့ဇနီးသည်ကို တောင်းပန်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)သို့ ခြေစုံပစ်ဝင်လိုက်တော့တယ်။

ဗြိတိသျှတပ်တွေ ဗမာပြည်ထဲက ထွက်ခွာသွားပြီးနောက် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၇ မှာတော့ BIA ကို ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ အဲဒီချိန်က BDA မှာ တပ်ရင်း ၃ ရင်းသာရှိခဲ့တာပါ။ ဗိုလ်ဗထူးဟာ ဗိုလ်မှူးရန်နိုင် ဦးဆောင်တဲ့ ပျဉ်းမနားမြို့၊ အမှတ်(၂)ခြေလျင်တပ်ရင်း၊ တပ်ခွဲ(၃)မှာ ဗိုလ်ကြီးအဆင့်နဲ့ တပ်ခွဲမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

ဗိုလ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၃ နှစ်ဆန်းပိုင်းလောက်မှာ ဗိုလ်မှူးအဆင့်သို့ ရာထူးတိုးမြှင့်ခံရပြီး ပျဉ်းမနားမြို့ အမှတ်(၁)စက်မှုလက်မှုတပ်ရင်းမှာ တပ်ရင်းမှူးအဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဗြိတိသျှလေထီးတပ်တွေ စစ်ရေးလှုပ်ရှားမှုလုပ်လာချိန်မှာတော့ ဗိုလ်မှူးဗထူးဟာ သူရဲ့ အမှတ်(၁)တပ်ရင်းနဲ့ စစ်ချီတက်ဖို့ရာလိုအပ်တဲ့ လမ်း‌တံတားတွေကို ဖောက်လုပ်ပြီး ဗြိတိသျှတပ်တွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ မြောက်ပိုင်းစစ်ဒေသသို့ ထွက်ခွာလာခဲ့ပါတယ်။ ရာသီဥတုနဲ့ နယ်မြေကြမ်းလွန်းတာတွေကြောင့် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်တွေ့ကြုံနေရပြီး ဆက်သွယ်ရေးပင် ပြတ်တောက်နေသည့်အတွက် ဂျပန်တွေလွတ်လပ်ပေးတာတောင် မသိလိုက်ခဲ့ပေ။

ဖက်ဆစ်ဂျပန်ဟာ ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှာ  မြန်မာနိုင်ငံကို ဒိုမီနီယမ်နိုင်ငံတစ်နိုင်ငံအဖြစ်ကြေညာပြီး ရွှေရည်စိမ်လွတ်လပ်ရေး ပေးခဲ့တယ်။ ၁၉၄၄ ခုနှစ်မှာတော့ ဗမာ့တပ်မတော်ကို အင်အားတိုးချဲ့တဲ့အနေနဲ့ နယ်မြေအလိုက် တိုင်းစစ်ဒေသများ ခွဲခြားသတ်မှတ်တဲ့အခါ ဗိုလ်မှူးဗထူးဟာ ဗမာပြည်အထက်ဘက် အနောက်မြောက်စစ်ဒေသရဲ့ စစ်တိုင်းမှူး တစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီနောက် ဗမာ့တပ်မတော်နဲ့ တော်လှန်ရေးအုပ်စုတွေက ဗမာပြည် လုံးဝလွတ်လပ်ရေးအတွက် မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး ဖက်ဆစ်ဂျပန်တပ်တွေကို တိုက်ထုတ်ဖို့ ကြိုးပမ်းလာခဲ့တယ်။   

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီမှာ ဖက်ဆစ်ဂျပန်ကို ဗမာတပြည်လုံးတော်လှန်ကြဖို့ လျှို့ဝှက်ဆွေးနွေးမှုတွေလုပ်ပြီး ဧပြီလ ၂ ရက်‌နေ့ကို စတင်တော်လှန်ကြဖို့ သဘောတူလိုက်ကြတယ်။ ထိုနှစ် ၁၉၄၅ ခုနှစ် နှစ်ဦးပိုင်းလောက်မှာပဲ မဟာမိတ်တပ်တွေက ‌ဗမာပြည်မြောက်ပိုင်းကနေ ဝင်လာပြီး မန္တလေးသို့ ချီတက်လာခဲ့ကြတယ်။

မဟာမိတ်တပ်တွေ မန္တလေး- မတ္တရာတဝှိုက်သို့ ရောက်ရှိလာတော့ ဗိုလ်မှူးဗထူးအနေနဲ့ မူလသဘောတူထားတဲ့အတိုင်း ဧပြီလ ၂ ရက်နေ့အထိ စောင့်မနေတော့ဘဲ မတ်လ ၈ ရက်နေ့မှာ ဂျပန်တော်လှန်ရေး စတင်တော်လှန်တော့မယ့် စီရင်ခံစာတစ်စောင် ရေးသားပြီး စစ်သေနာပတိဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းထံ ပေးပို့ခဲ့တယ်။

ပြီးတော့ တပ်မတော်ခေါင်းဆောင်တွေနဲ့ ဂျပန်‌တော်လှန်ရေးအတွက် အဆင်သင့်မဖြစ်သေးတဲ့ အောက်ဗမာပြည်တပ်ဖွဲ့တွေ အခက်မတွေ့စေဖို့ဆိုပြီး နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ ဆက်သွယ်မလုပ်ဘဲ ဗမာ့တော်လှန်ရေးအဖွဲ့ကြီးနဲ့သာ ပူးပေါင်းဆောင်ရွက် ကြောင်း ထုတ်ပြန်လိုက်တယ်။ ဗိုလ်မှူးဗထူးရဲ့ အခုလို စစ်ရေးစစ်ရာ နည်းပရိယာယ်ကြွယ်ဝမှုတွေကြောင့် အောက်ဗမာပြည် တပ်ဖွဲ့တွေအနေနဲ့ အစီအစဉ်တကျလုပ်ဆောင်နိုင်ခဲ့ပြီး ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ကို ဗမာတနိုင်ငံလုံး တော်လှန်ကြဖို့ ကြေညာနိုင်ခဲ့ တာပါ။

ဗိုလ်မှူးဗထူးဟာ မဟာမိတ်တပ်တွေနဲ့အတူ မန္တလေးကို ပြန်လည်သိမ်းယူပြီးနောက်မှာတော့ ကျောက်ဆည်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဆက်လက်ချီတက်လာခဲ့တယ်။ အဲဒီနောက် ဂျပန်တပ်တွေကို ရွပ်ရွပ်ချွန်ချွန် လိုက်လံတိုက်ထုတ် နေစဉ်မှာပဲ ငှက်ဖျားဖြစ်ပြီး ရောဂါဝေဒနာအပြင်းထန် ခံစားလာရတယ်။ သို့သော် ဆေးကုသဖို့ အချိန်မပေးနိုင်တာရယ် ဆေးဝါး မလုံလောက်တာတွေရယ်ကြောင့် ၁၉၄၅ ခု၊ ဇွန်လ ‌၂ ရက်‌နေ့၊ ညဉ့်ဦးပိုင်းလောက်မှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြင်းကြာဒိုးရွာအနီးအနားက တာလူးစခန်းမှာ သေဆုံးခဲ့ပါတယ်။

ဗိုလ်မှူးကြီးဗထူးဟာ ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ စတင်ဝင်ရောက်အချိန်ကစပြီး သေဆုံးတဲ့အချိန်ထိ သူချစ်တဲ့ မိဘ ဇနီး သားသမီးတွေကို သွားရောက်တွေ့ဆုံဖို့ပင် တစ်ခါတစ်ခေါက်မျှ ခွင့်မယူပဲ ဗမာပြည်လွတ်လပ်ရေးအတွက် မနားမနေကြိုးပမ်းရင်း ကျဆုံးသွားရှာတဲ့ မြန်မာ့လွတ်လပ်ရေးသူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

ဒါအပြင် (၁. ၅. ၁၉၄၅) ရက်စွဲနဲ့ ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုးပြီး ခန့်အပ်ချီးမြှင့်လိုက်တဲ့ ဗိုလ်မှူးကြီးအဆင့်ခန့်အပ်လွှာ အမိန့်စာကို မမြင်လိုက်ရတဲ့အပြင် ဗိုလ်မှူးအဆင့်ကနေ ဒု-ဗိုလ်မှူးကြီးအဆင့်ကိုကျော်ပြီး  ဗိုလ်မှူးကြီးအဆင့်သို့ ရာထူးနှစ်ဆင့်တိုးမြှင့်ခန့်အပ်ခံလိုက်ရသည်ပင် မသိလိုက်ဘဲ ကြွေခဲ့ရတဲ့ တော်လှန်ရေးအရုဏ်ဦးက ကြယ်တပွင့်ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက– ဗိုလ်မှူးကြီးဗထူးရဲ့ ရဲစွမ်းသတ္တိနဲ့ပတ်သက်ပြီး မဟာမိတ်တပ်တွေသာ သေချာကြုံတွေ့ရရင် သူရသတ္တိ အတွက် အမြင့်ဆုံး ဝိတိုရိယ ကရော့စ် (Victoria Cross)ဆုတံဆိပ်ကို ရရှိမှာမလွဲဟု ထင်မိကြောင်း ချီးကျူးခဲ့တယ်။

မဟာမိတ်တပ်မှူး လက်ဖတင်နင် ဂျင်နရယ် ဆာဝီလျံဆလင်းက– အင်မတန်မှပြင်းထန်တဲ့ မန္တလေးတိုက်ပွဲမှာ ဗိုလ်မှူးဗထူးတပ်တွေရဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်မှုတွေကြောင့်သာ အောင်မြင်မှုခဲ့ရကြောင်း ချီးကျူးပြောဆိုခဲ့တယ်။

အမေလူထုဒေါ်အမာက– ဗိုလ်မှူးကြီးဗထူးဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ထွန်းလင်းတောက်ပတဲ့ သောက်ရှူးကြယ်ကြီး တစ်လုံးနဲ့တူတယ်လို့ ဂုဏ်ပြုရေးသားဖူးခဲ့တယ်။

  • ဗိုလ်မှူးကြီးဗထူး သေဆုံးတာနဲ့ပတ်သက်ပြီး မူကွဲတစ်ခုရှိပါတယ်။ တချို့မှတ်တမ်းတွေမှာ မြင်းကြာဒိုးရွာခံ ရှေုးလူကြီးတွေ ပြောပြချက်အရ ဗိုလ်မှူးကြီးဗထူးဟာ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်တာမဟုတ်ဘဲ ငယ်ပါကို ဗုံးဆံမှန်ပြီး ကျဆုံးသွားတယ်လို့ ဖော်ပြထားတာလည်း တွေ့ရတယ်။

ဗိုလ်မှူးကြီးဗထူးအား ဦးညွှတ်လျှက်