• Today is: Monday, May 27, 2024

စစ်ကိုင်းဖိုရမ်အကြောင်း သိကောင်းစရာများ

စစ်ကိုင်းဖိုရမ်အကြောင်း သိကောင်းစရာများ

ကိုခန့်ဝေဖြိုး(ပြောရေးဆိုခွင့်ရှိသူ)နဲ့ သီးသန့် ဆက်သွယ်မေးမြန်းချက်

မေး။ ။ စစ်ကိုင်းဖိုရမ်ကို ဘာကြောင့် ကျင်းပဖို့ စီစဉ်ခဲ့ပါသလဲ။ ပဏာမရည်ရွယ်ချက်က ဘာတွေလဲ။

ဖြေ။ ။စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအရ အားကောင်းတဲ့ ဒေသဖြစ်တယ်။ တော်လှန်ရေး အားကောင်းသလို ကျနော်တို့ကြားထဲမှာ နိုင်ငံရေး အရပဲ ဖြစ်ဖြစ်၊ စစ်ရေးအရပဲ ဖြစ်ဖြစ် ပေါင်းစပ်ညှိနှိုင်းမှုတွေ အားနည်းနေတယ်။

တိုင်းတွင်း အရေးအရာကိစ္စတွေနဲ့ ပြဿနာတွေကို ပေါင်းစပ်ညှိနှိုင်းအဖြေရှာနိုင်မယ့် ယန္တရားတခု ပေါ်ပေါက်ဖို့ လိုတယ်လို့ မြင်တဲ့အတွက် တတိုင်းလုံးကို လွှမ်းခြုံနိုင်မယ့် နိုင်ငံရေး အစုအဖွဲ့ တခု (သို့) တိုင်းအတိုင်ပင်ခံကောင်စီ တခု မဖြစ်မနေ ရှိဖို့ အချိန်ရောက်လာပြီလို့ ယုံကြည်တဲ့အတွက် စစ်ကိုင်းဖိုရမ်ကို ကျင်းပရခြင်းဖြစ်ပါတယ်ဗျ။

ပဏာမရည်ရွယ်ချက်ကတော့ တိုင်းတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ အထွေထွေကဏ္ဍတွေအပေါ်မှာ သူတို့ရဲ့ အမြင်သဘောထားတွေကို စုစည်းရယူပြီးတော့ အားလုံးရဲ့ ဘုံသဘော တူညီချက်တွေ၊ တိုင်းနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေ ဖော်ထုတ်ဖို့ ရည်ရွယ်ပါတယ်။

မေး။ ။ စစ်ကိုင်းဖိုရမ် ကျင်းပနေစဉ်ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမှ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် စစ်ကိုင်းတိုင်းအနေနဲ့ ဖက်ဒရယ်ယူနစ်တစ်ခု သို့မဟုတ် ဖက်ဒရယ်ယူနစ် တည်‌ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ယုံကြည်ကြောင်း ပေးပို့ကြတဲ့အပေါ်မှာ စစ်ကိုင်းဖိုရမ် အနေနဲ့ ဘယ်လိုအားထုတ်ပေးနိုင်ခဲ့သလဲ။

ဖြေ။ ။ နွေဦးတော်လှန်ရေးမှာ လူမျိုးပေါင်းစုံ ပြည်သူလူထုက အသက်တွေ၊ ဘဝတွေ ပေးပြီး ပြတ်ပြတ်သားသား တောင်းဆိုတာက ဒီနိုင်ငံက ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရမယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမယ်ဆိုတာပဲဗျ။

အဲ့တော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ပြည်သူလူထုက တခဲနက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့ အခုလိုအချိန်ကာလမှာ စစ်ကိုင်းတိုင်းအနေနဲ့လည်း ဖက်ဒရယ် ယူနစ်တခုအဖြစ် တည်ဆောက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။

အဲ့တာကြောင့် ကျနော်တို့ ဒေသတွင်းမှာ နေထိုင်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးကလည်း စစ်ကိုင်းဖိုရမ်ကနေတဆင့် ဖက်ဒရယ် ယူနစ်တခု ပီပီပြင်ပြင် ဖြစ်ပေါ်လာဖို့ ကြိုးပမ်းအားထုတ်ရမှာက ကျနော်တို့တွေရဲ့ သမိုင်းကပေးတဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ လက်ရှိတည်နေဆဲ စစ်ကိုင်းတိုင်းနယ်နိမိတ်အတိုင်း ချည်းကပ်ဆောင်ရွက်တယ်ဆိုတာက လက်တွေ့အရှိတရားအပေါ် အခြေခံပြီး တော်လှန်ရေး အရွေ့ပိုမို မြန်ဆန်အောင် ကြိုးပမ်းအားထုတ်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်ဗျ။ အသွင်ကူးပြောင်းရေးကာလရောက်မှ ဖက်ဒရယ် ယူနစ်တွေကို ဘယ်လို သတ်မှတ်မလဲဆိုတာက အသွင်ကုးပြောင်းကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သွားရမယ့် အနာဂတ် လုပ်ငန်းစဥ်ဖြစ်တယ်လို့ မြင်ပါတယ်။ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်က အဓိကပါပဲဗျ။

အဲ့တော့ ကျနော်တို့အနေနဲ့ လက်ရှိတော်လှန်ရေးကာလမှာ စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်အဖြစ် အစပျိုး လုပ်ဆောင်န်ုင်ဖို့အတွက် သက်ဆိုင်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ရော၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို ထည့်သွင်းစဥ်းစား ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။

စစ်ကိုင်းတိုင်းအနေနဲ့ ဖက်ဒရယ် ယူနစ် တည်ဆောက်နိုင်ရေးတို့အတွက် ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာက De Jure Power ကို ကိုင်ထားတဲ့ CRSH တို့လို တိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နိုင်ငံရေးအရ အမြင်ကျယ်မှု၊ ဖက်ဒရယ် ပြည်ထောင်စုကို အမှန်တကယ် လိုလားတဲ့ စိတ်၊ ဒါတွေကို အ​ခြေခံပြီး De Facto power ဖြစ်ပေါ်လာအောင် တိုက်ပွဲဝင်နေတဲ့ မြေပြင် တော်လှန်ရေးအင်အားစုတွေကြား ဘယ်လောက်ထိ ညှိနှိုင်းနိုင်မလဲအပေါ် မူတည်ပါတယ်။

တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကတော့ စစ်ကိုင်းတိုင်းအနေနဲ့ ဖက်ဒရယ်ယူနစ် တည်ဆောက်နိုင်ဖို့ အားပေးနေကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ အဲ့အတိုင်းဖြစ်အောင် အားထုတ်လုပ်ဆောင်ရမှာက တိုင်းအတွင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တာဝန်လို့ မြင်ပါတယ်။

မေး။ ။ စစ်ကိုင်းဖိုရမ်အနေနဲ့ ကဏ္ဍလေးရပ် ဆွေးနွေးခြင်းကနေ ဖက်ဒရယ်တည်ဆောက်ရေးနှင့် တော်လှန်ရေး အောင်မြင်ဖို့အတွက် ဘာတွေ ဆွေးနွေးခဲ့ကြသလဲ။

ဖြေ။ ။ ပထမအကြိမ် စစ်ကိုင်းဖိုရမ်မှာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ အထွေထွေကဏ္ဍတွေအပေါ်မှာ သူတိူ့ရဲ့ အမြင်သဘောထားတွေကို ကနဦး စတင် စုစည်းတဲ့ အဆင့်ဖြစ်ပါတယ်။

တိုင်းအတွင်း ရှေ့ဆက်ရမယ့် အရေးကြီးလိုအပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဥ်တွေအဖြစ် တိုင်းအဆင့် အသွင်ကူးပြောင်းရေးကာလ အစီအမံတွေ ပေါ်ပေါက်ဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့် မူဝါဒတွေ ရေးဆွဲနိုင်ဖို့၊ ဒေသတွင်း ကာကွယ်ရေးတပ်တွေ စုစည်းအားကောင်းနိုင်ဖို့ ဒီအချက်တွေကို ဖက်ဒရယ် ပဋိညာဥ်အတိုင်း သွားကြဖို့ သဘောထားပေးခဲ့ကြပါတယ်။

ဒါ့အပြင် အားလုံးပေါင်းစပ်ညှိနှိုင်းအဖြေရှာ ဆုံးဖြတ်ချက် ချနိုင်မယ့် ယန္တရားတခုတည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ပြိုကျဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် ကြိုတင်ပြင်ဆင်ဖို့ပေါ့ဗျာ။ အဲ့တာတွေကိုတော့ ဆွေးနွေးခဲ့ကြပါတယ်ဗျ။

အဲ့ဒီ သဘောထားစုစည်းချက်တွေအပေါ် မူတည်ပြီး ရှေ့ဆက် ဖက်ဒရယ် ယူနစ် တခုဖြစ်ပေါ်လာရေးနဲ့ တော်လှန်ရေး အရွေ့ပိုမို ဖြစ်ပေါ်ဖို့အတွက် တူညီတဲ့ ဘုံသဘောထားဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုပါသေးတယ်။ ဒီလို ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ကတော့ လာမယ့် ဖိုရမ်တွေမှာ အကြေအလည် ဆွေးနွေးပြီး သွားရဦးမှာဗျ။

ဖြည့်စွက်ချက်

ဖြေ။ ။ စစ်ကိုင်းဖိုရမ်ကို တက်ရောက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ အမြင့်ဆုံး သဘောတူညီထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် အတိုင်း သွားကြဖို့ သဘောထားပေးထားတာမို့ စစ်ကိုင်းဖိုရမ်ကို မစိုးရိမ်ပဲ အမျိုးသားညီညွတ်ရေးအစိုးရတို့ အပါအဝင် တော်လှန်ရေး အင်အားစုအသီးသီးက တတ်နိုင်တဲ့ဘက်ကနေ ဝန်းရံကူညီကြဖို့ပဲ မေတ္တာရပ်ခံချင်ပါတယ်ဗျ။