• Today is: Tuesday, April 16, 2024

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသများက အခြေအနေများ လစဉ်အစီရင်ခံစာ(၂၀၂၃ ခုနှစ် မေလ)

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသများက အခြေအနေများ

လစဉ်အစီရင်ခံစာ (၂၀၂၃ ခုနှစ် မေလ)
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာပြုစုပေါင်းချုပ်၍ ထုတ်ပြန်လျက်ရှိသည်။
ဤတစ်ကြိမ်တွင် ၂၀၂၃ ခုနှစ် မေလအတွင်း အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်း သားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာများကို အောက်ပါအတိုင်း စုစည်းတင်ပြထားပါသည်။
 
– အပိုင်း (၁)
 
ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့်လုံခြုံရေး နောက်ဆက်တွဲအခြေအနေများ
 
(က) တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဘက်စစ်သားသေဆုံးမှု
၂၀၂၃ ခုနှစ် ၂၀၂၃ ခုနှစ် မေလအတွင်း တိုင်းရင်း သားပြည်နယ်ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီးတိုက် ပွဲငယ် အကြိမ်ပေါင်း (၂၉၃) ကျော် ဖြစ်ပွားခဲ့ရာ ကရင်ပြည်တွင် (၂၃၃) ကျော်ဝန်းကျင်ဖြင့် တိုက်ပွဲ အများဆုံးဖြစ်ပွားခဲ့သည်။
ကရင်ပြည်တစ်ခုတည်းတွင် (၂၂၃) ကြိမ်ခန့်၊ ကရင်နီပြည်တွင် (၃၆) ကြိမ်ထက် မနည်း၊ ရှမ်းပြည်တွင် (၁၄) ကြိမ်ဝန်းကျင်၊ ကချင် ပြည် နှင့် ချင်းပြည်တွင် (၉) ကြိမ်ဝန်းကျင်စီ အသီးသီးဖြစ်ပွားခဲ့ပြီးး မွန်ပြည်တွင် (၃) ကြိမ်နှင့် အထက်ဖြစ်ပွားသည်။
မေလအတွင်း စစ်ကောင်စီတပ်သား‌ ပေါင်း (၃၂၆) ကျော် သေဆုံးခဲ့ပြီး ကရင်ပြည်တစ်ခုတည်းတွင် (၁၆၈) ကျော်နှင့် ကရင်နီပြည်တွင် (၇၃) ကျော်ဝန်းကျင်ဖြင့် အများဆုံးသေဆုံးပါသည်။ ချင်းပြည်တွင် စကစတပ်သား (၅၃) ဝန်းကျင်၊ ကချင်တွင် (၂၂) ကျော်ခန့်၊ ရှမ်းတွင် (၈) ဦးကျော် နှင့် မွန်ပြည်တွင် (၂) ဦးထက် မနည်း၊ အသီးသီး စကစစစ်သားများ သေဆုံးပါသည်။ တိုင်းရင်းသားဒေသများတွင် တော်လှန်ရေး တပ်သားပေါင်း (၇၀) ဝန်းကျင်ကျဆုံးခဲ့ပြီး ကရင်နီပြည်တွင် (၃၃) ဦးကျော်ဖြင့် အများဆုံးကျဆုံးမှုရှိပါသည်။
– တိုက်ပွဲဖြစ်ပွားမှု ဒေသများ
 
၁) ကချင်ပြည်နယ် နှင့် ထိစပ်ဒေသများ
 
၂၀၂၃ မေလအတွင်း ကချင်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကချင်လွတ် မြောက်ရေး တပ်မတော် (KIA)တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့သလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ ကာကွယ်ရေး တပ်(PDF) ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဘက် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
 
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများသည် ကချင် ဒေသများ ထဲက ဗန်းမော်ခရိုင် ရွှေကူမြို့၊ ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ၊ ဖားကန့်မြို့နယ် ကံဆီ‌ဒေသတို့ အပြင် ကချင်-စစ်ကိုင်း နယ်စပ် ဒေသများဖြစ်တဲ့ ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့် စသော မြို့နယ်များ နှင့် ကချင်-ရှမ်း-မြောက် ဒေသရှိ ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်၊ နောင်ချို စသော မြို့နယ်များသို့လည်း KIA တပ်မဟာများ၏ စစ်ရေးကွပ်ကဲမှုများဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်များနှင့် ပူးပေါင်း စစ်ဆင်လျှက် ရှိပါ သည်။
 
(၂) ကယား(ကရင်နီ)ပြည်နယ်နှင့် ထိစပ်ဒေသများ
 
၂၀၂၃ မေလအတွင်း ကရင်နီပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော် (KA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သကဲ့သို့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ ရေးတပ်(KNDF)၊ အခြားကရင်နီဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီ တပ်တို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ များသည် ကရင်နီပြည်နယ်ထဲကဒေသများအပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသ များဖြစ်သော ဖယ်ခုံမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်တို့မှာလည်း စစ်မျက်နှာဖွင့်ကာ မိုးဗြဲပြည်သူ့ ကာကွယ်ရေး တပ်(Mobye-PDF)၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF)၊ ရှမ်း-ကရင်နီနယ်စပ်အခြေပြု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (Pekhon-PDF) နှင့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် (PNDF) တို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်လျှက်ရှိသည်။
 
(၃) ချင်းပြည်နယ် နှင့် ထိစပ်ဒေသများ
၂၀၂၃ မေလအတွင်း ချင်းပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ချင်းအမျိုး သားတပ်မတော်(CNA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သလို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းကာ ကွယ်ရေးတပ်ဖွဲ့ (CDF) ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့မှုများရှိခဲ့သည်။
ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော်(CNA)သည် စစ်ရေးလှုပ်ရှားမှုများအတွက် အဓိကကျသော အဖွဲ့အစည်းဖြစ်ပြီး ချင်းကာကွယ်ရေးပူးတွဲကော်မတီ (CJDC) အဖွဲ့ဝင်များဖြစ်သော မြို့နယ်/လူမျိုးစု အခြေပြု ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့နှင့် ပူးပေါင်းတိုက်ပွဲဖော်ဆောင်လျှက်ရှိသည်။
ချင်းကာပူးပေါင်းတပ်ဖွဲ့များသည် ချင်းပြည်နယ်နှင့်ထိစပ်နေသည့် မကွေးတိုင်းဒေသရှိ ကန့်ကော ဒေသတစ်ဝိုက် နှင့် စစ်ကိုင်းတိုင်းမြောက်ဖက်ဒေသများဖြစ်သော ကလေးကဘော်ဒေသများတွင်လည်း စစ်ရေးလှုပ်ရှားမှုရှိသည်။
 
(၄) ကရင်ပြည်နယ် နှင့် ထိစပ်ဒေသ
၂၀၂၃ ခုနှစ် မေလအတွင်း ကရင်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်မျိုး သားလွတ်မြောက်တပ်မတော် (KNLA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သလို ကရင်မျိုးသားလွတ်မြောက် တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ကော်သူးလေအုပ်ချုပ်နယ်မြေခေါ် ကရင်မျိုးသားလွတ်မြောက်တပ်မတော် (KNLA) ၏ ထိန်းချုပ် နယ်မြေဖြစ်သော ကရင်ပြည်နယ်မြို့နယ်များအပါအဝင် မွန်-ကရင်နယ်စပ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များတွင် ကရင်မျိုးသားလွတ်မြောက်တပ်မတော်(KNLA) ၏ စစ်ရေးကွပ်ကဲမှုဖြင့် သထုံပြည် သူ့ကာကွယ်ရေးတပ် – TPDF၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ခမ်းဒေါင်း (PPDF-KD)၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – PDF၊ ကရင်တော်လှန်ရေးတပ်ဖွဲ့- KRF စသည့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်လျှက် ရှိပါသည်။
 
မှတ်ချက်။ ထိစပ်ဒေသကတိုက်ပွဲဆိုင်ရာ အချက်အလက်များကို သက်ဆိုင်ရာပြည်နယ်များ၏ စာရင်းတွင် ထည့်သွင်းထားပါသည်။
 
– အပိုင်း (၂)
 
အရပ်သားပြည်သူအပေါ်တိုက်ပွဲ၏ အကျိုးဆက်များ
 
(က) အရပ်သားပြည်သူ သေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှု
၂၀၂၃ မေလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် မဆင်မခြင်ရမ်းသမ်းပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှုနှင့် တိုက်ပွဲအတွင်းပစ်ခတ်သတ်ဖြတ်မှုကြောင့် တိုင်းရင်းသားဒေသအတွင်း အရပ်သားပြည်သူများ စုစုပေါင်းသေဆုံးမှု (၆၆) ဝန်းကျင်ခန့် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၀၃)ဦးကျော် ဝန်းကျင်ခန့်ရှိသည်။
ကရင်ပြည်တွင် အရပ်သားသေဆုံးမှုအများဆုံးဖြစ်ပြီး (၄၂) ဦးဝန်းကျင်ခန့် သေဆုံးခဲ့ပါသည်။ ကရင်နီပြည်တွင် ဒုတိယအများဆုံးဖြစ်ကာ (၉) ဦးခန့်၊ မွန်ပြည်နယ်တွင် (၇) ဦးထက်မနည်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် (၄) ဦးစီဖြင့် အသီးသီးသေဆုံးမှုရှိပါသည်။
 
(ခ) အိုးအိမ်ပျက်စီးမှု
၂၀၂၃ ခုနှစ် မေလအတွင်း တိုင်းရင်းသားဒေသအသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီးထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်များ အိမ်ခြေ (၂၀၈) ကျော်ခန့် ပျက်စီးခဲ့ရသည်။
ကရင်ပြည်တွင် (၉၈) ကျော်နှင့် ကရင်နီပြည်တွင် (၆၆)ကျော်ဖြင့် ပထမနှင့် ဒုတိယအများဆုံး နေအိမ်ပျက် စီးမှုအသီးသီးဖြစ်ပွားပြီး အလားတူ ချင်းပြည်တွင် (၃၁)ကျော်ခန့် ၊ ရှမ်းပြည်တွင် (၁၀) ဝန်းကျင်၊ မွန်ပြည်တွင် (၃) အိမ်ခန့် အသီးသီးပျက်စီးရှုံးဆုံးမှုရှိပါသည်။
 
ကိုးကားချက်များ –
 
၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) အမျိုးသားညီညွတ်ရေး အစိုးရ (NUG)
၃) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ
၄) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ
၅) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ
 

ဖက်ဒရယ်ဂျာနယ် မြန်မာ စုစည်းတင်ပြသည်။