• Today is: Thursday, April 18, 2024

တန့်ဆည်မြို့နယ်ပကဖ တာဝန်ခံနှင့်အတူ ဖမ်းဆီးခံသူများကို ပြန်လည်လွှတ်ပေးရေး မိသားစုဝင်များ တောင်းဆို

ဓါတ်ပုံ – Getty Images (ပုံဟောင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ။
ဇွန်လ ၂၆ရက်၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်ရှိ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏တာဝန်ခံဖြစ်သူ ကိုတောက်ထွန်းလင်းနှင့် သူ၏အဖွဲ့ဝင် ၄ ဦးကို ရွှေဘိုခရိုင် အမှတ် ၁ စစ်ဒေသရုံးမှ ဖမ်းဆီးထားခြင်း အပေါ် ပြန်လွှတ်ပေးရန် မိသားစုဝင်များမှ ယနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့ပါတယ်။

26.04.2022 ရက်နေ့တွင် ကိုတောက်ထွန်းလင်းနှင့် အဖွဲ့ ၄ဦး ကို မင်္ဂလာဆောင်တစ်ခုတွင် တွေ့ဆုံပြီး ဆွေးနွေးလိုကြောင်း ပြောသဖြင့် လိုက်သွားရာ ရွှေဘိုခရိုင် အမှတ်(၁)စစ်ဒေသရုံး လက် အောက် ခံ ကိုအာကာမောင်မောင်မှ ဦးဆောင်ကာ လူအင်အား ၅၀ ကျော်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

ကိုတောက်ထွန်းလင်းတို့ကို ဖမ်းဆီးထားသည့် အကြောင်းအရင်းကိုလည်း မသိရသေးလို မည်သည့်ပြစ်မှုနဲ့ စွဲဆိုထားခြင်းကိုလည်း မသိရသော်လည်း ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ၁ နှစ်နဲ့ ၂ လ ရှိပြီး ဖြစ်ပါတယ်။

မိသားစုဝင်များအနေဖြင့် ကိုတောက်ထွန်းလင်းနဲ့ မေလ ၈ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်စကားပြောခွင့် ရခဲ့တဲ့ အချိန်မှာ ကိုတောက်ထွန်းလင်းအား ညှင်းပန်းနှိပ်စက်မှုများနှင့် ၁၅/၅/၂၀၂၂ မှာ စစ်ခုံရုံးတပ်ရတယ်လို့ဆိုကာ မျက်လုံးမှိတ်ပြီး လက်မှတ်ထိုး ခိုင်းခြင်းများ ရှိတယ်လို့ သိခဲ့ရသော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းကိုတော့ မသိခဲ့ရပါ။

ဖမ်းဆီးထားသော ကိုတောက်ထွန်းလင်းတို့အား ပြန်လည်လွှတ်ပေးဖို့ ကျေးရွာ ၈အုပ်စု မှ လက်မှတ် ထိုးတောင်းဆိုခဲ့သော်လည်း အဆိုပါတောင်းဆိုသူ ရွာသားများနှင့် မိသားစုဝင်များကိုပါ ခြိမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

ကိုတောက်ထွန်းလင်းအနေဖြင့် ဖမ်းဆီးထားခြင်းဟာ အချိန်ကြာမြင့်ပြီ ဖြစ်သောကြောင့် အမှုကို အမြန် စစ်ဆေးပြီး အပြစ်ကင်းစင်ပါက ပြန်လွှတ်ပေးရန်နှင့် အပြစ်ရှိပါက တရားသဖြင့် အမြန်စီရင်ပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။

မိသားစုဝင်များအနေဖြင့်လည်း သားဖြစ်သူ ကိုတောက်ထွန်းလင်းနှင့် တွေ့ဆုံခွင့်၊ အစားအသောက်ပို့ဆောင်ခွင့်နှင့် အမှုကြားနာခွင့်ကို ရရှိလိုကြောင်း တောင်းဆိုထားပါတယ်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး မိသားစုဝင်များမှ NUG ၏ တရားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာနများထံ အသိပေးတိုင်ကြားခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာ တုန့်ပြန်မှု မရှိခဲ့ကြောင်း မိသားစုဝင်များ ထံမှ သိရပါတယ်။

” NUG ကိုယုံကြည်ပြီး တော်လှန်ရေး လုပ်တယ်။ အခုလို အခြေအနေက ကျွန်တော်တို့ အနေနဲ့ ဘယ်သူ့ကို အားကိုးပြီး ဘယ်လို ဆက်လုပ် ရမလဲ။ NUG က အမှန်တရားကို ဆုံးဖြတ်ပိုင်ခွင့် မရှိတာလား။ ” စတဲ့ မေးခွန်းမျိုးကို မိသားစုဝင်များမှ ပြောကြားခဲ့ပါတယ်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် NUG မှ ကာကွယ်ရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာန နှင့် အခြားသက်ဆိုင်ရာ ဌာနများကို ဖိတ်ကြားထားခဲ့သော်လည်း တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါ။