• Today is: Thursday, April 18, 2024

နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီ အမြန်ဆုံးဆောင်ရွက်ပေးဖို့ နိုင်ငံတကာသို့ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း တောင်းဆို

ဓါတ်ပုံ – မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (ပုံဟောင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂၆ ရက်၊ ၂၀၂၃။

နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီ အမြန်ဆုံးဆောင်ရွက်ပေးဖို့ နိုင်ငံတကာသို့ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းက တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒေသအတွင်း အဖွဲ့အစည်းများနှင့် လက်တွဲပြီး လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ် လိုအပ်နေတဲ့ လူထုထံသို့ အထိရောက်ဆုံး ထောက်ပံ့ပေးဖို့လည်းတောင်းဆိုထားသလို ကျန်းမာရေး အကူအညီများ လိုအပ်နေတဲ့ ပြည်သူများကိုဘေးကင်းလုံခြုံစွာ စောင့်ရှောက်နိုင်ရေးအတွက် အကူအညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ အသိအမှတ်မပြုဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဆေးပညာရှင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ချက်ချင်းပြန်လွတ်မြောက် လာရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းများကို တောင်းဆိုထားပါတယ်။

အခုတောင်းဆိုချက်များကိုတော့ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့ ကနေ ၂၄ ရက်နေ့ထိ ထိုင်းမြန်မာနယ်စပ် တနေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၏ (၁၁) ကြိမ်မြောက် ညီလာခံ ကနေ ထုတ်ပြန် တောင်းဆို ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆေးပညာရှင်များအသင်းဟာ လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုဌာနချုပ်ဖြစ်တဲ့ မာနယ်ပလော လွတ်မြောက်ဒေသမှာ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့တဲ့ အမျိုးသားကျန်းမာရေးညီလာခံကြီးရဲ့ လမ်းညွန်မှုဖြင့် ၁၉၉၁ ခုနှစ် ဇွန်လ (၈) ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။