• Today is: Thursday, April 18, 2024

လူမျိုးအခြေပြုဖက်ဒရယ်လား၊ ကိုလိုနီစနစ်အခြေပြုဖက်ဒရယ်လား

လူမျိုးအခြေပြုဖက်ဒရယ်လား၊ ကိုလိုနီစနစ်အခြေပြုဖက်ဒရယ်လား

နွေဦးတမန်တော် | အတွေးအမြင် 

မြန်မာနိုင်ငံမှာ စစ်တပ်မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။ နွေဦးတော်လှန်ရေးနိုင်သွားပြီး နောက်ပိုင်း မှာလည်း အသစ်တက်လာတဲ့သူတွေ နိုင်ငံရေးသဘောထား ကောင်းတယ်၊ မကောင်းဘူး။ အလုပ်ဖြစ် နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာသိဖို့ နောက်ထပ် နှစ်ငါးဆယ်၊ နှစ်ခုနစ်ဆယ်လည်း မရင်းချင်တော့ပါဘူး။ ဒါကြောင့် ကိုယ့်ပြဿနာကိုယ်ရှင်းကြမယ့်၊ အမျိုးသားတန်းတူတဲ့ နိုင်ငံရေးယူနစ်တွေကို ဖက်ဒရယ်အခြေပြုပြီးဖွဲ့စည်းဖို့ လိုပါတယ်။ 

ကျွန်ုပ်တို့က နှစ်ခုနစ်ဆယ်ဒုက္ခခံထားပြီးသား အမျိုးသားလူထုတွေ ဖြစ်နေလို့ပါပဲ။ သမိုင်းကိုပြန်မပြော ချင်လောက်အောင် နာကျည်းခဲ့တာက ကျွန်ုပ်တို့ ဖြစ်တယ်။ သမိုင်းကို ပြန်မပြောပါနဲ့တော့လို့ ငြင်းနေတဲ့ ဗမာတွေအတွက် တရားမျှတမှု ရှေ့ရှုလို့သာ နားဆင်ကြဖို့ တိုက်တွန်းရမှာပါပဲ။

၁၉၃၀ ခုနှစ်တွင် တို့ဗမာအစည်းအရုံးက “ဗမာ” ဆိုတာသုံးရတဲ့အကြောင်း ရှင်းပြချိန်မှာ ” မြန်မာဟူသော စကားမှာ မြန်သည်၊ မာသည် ဟူသော အဓိပ္ပာယ်ကို ဆောင်သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ ငုံမိစေရန် “ဗမာ” ဟူသော စကားလုံးကို ရွေးသည်” လို့ ဖော်ပြပါတယ်။ “ဘ” ကို မသုံးပဲ “ဗ” ကိုသုံးရခြင်းမှာလည်း အသံထွက် စိတ်ချရစေရန်လို့ ရေးပါတယ်။

ဒီအသုံးအနှုန်းကို အငြင်းပွားတာလည်း မတွေ့ရပါဘူး။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလည်း ဒါကို သဘောတူခဲ့တာပါပဲ။ နောက်တခုက ဗမာတိုင်းကိုစဉ်းစားရာမှာ တောင်တန်း၊ မြေပြန့်၊ တိုင်းရင်းသား အလုံးစုံကို ခြုံငုံပြီး ဗမာလို့ ခေါ်ကြစို့လို့ သတ်မှတ်တာဟာ ဗမာတွေက သတ်မှတ်တာဖြစ်ပြီး အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးကတော့ ဒီလိုသတ်မှတ်တာမဟုတ်ပါဘူး။

အင်္ဂလိပ်အတွက်တော့ ဗမာဆိုတာ ဒေသတခုလုံးကို ခြုံခေါ်တာဖြစ်ပြီး တောင်တန်းဒေသတွေကို ခေတ်နောက်ကျကျန်ဒေသများနဲ့ လူမျိုးစုများအဖြစ် သီးသန့်အုပ်ချုပ်ပါတယ်။ အမေရိကန်တော်လှန်ရေးမတိုင်ခင် မူလကလည်း ကိုလိုနီ ၁၃ ယူနစ်ကို အုပ်ချုပ်ရေးဌာန ၃ ပိုင်းခွဲအုပ်ချုပ်ခဲ့ပြီး အမေရိကန် တော်လှန်ရေးအပြီးမှာလည်း ပြည်နယ် ၁၃ ခုထွက်လာတဲ့သဘောမျိုးနဲ့ ဆင်တူပါတယ်။ Burma Act ဟာ အုပ်ချုပ်ရေးအတွက်ပါ။ တိုင်းရင်းသားတွေက သူတို့ကိုယ်ကို ဗမာလို့ မစဉ်းစားခဲ့ဖူးပါဘူး။

သျှမ်းပြည်ဘက်မှာ ပဒေသရာဇ်တော်လှန်ရေးတွေ အရှိန်ရလာတာနောက်ပိုင်း တရုတ်မှာ ပြည်တွင်းစစ်ကို မော်စီတုန်းတို့ နိုင်ပြီး ကူမင်တန်တွေ ကျိုင်းတုံဘက်ပိုင်းတွေကို ရောက်လာခဲ့တယ်။ ကိုရီးယားစစ်ပွဲဘက်ကနေ တရုတ်အာရုံကိုခွဲထုတ်ချင်တဲ့ အမေရိကန်က ကူမင်တန်တွေကို ခိုးကူပါတယ်။ အဲ့သည်အချိန်မှာ ဖဆပလ အစိုးရအနေနဲ့ မွစာကျဲနေတဲ့ တော်လှန်ရေးပေါင်းများစွာကို ကြုံရတဲ့အချိန်လည်း ဖြစ်တယ်။ ကရင်နဲ့ အခြားလူမျိုးစုတော်လှန်ရေးစုံ၊ ဗကပ၊ ရဲဘော်ဖြူ၊ အလံနီ၊ ရခိုင်မှာမူဂျာဟစ် စုံအောင်ကြုံရတဲ့ အချိန်လည်းဖြစ်တယ်။

ကူမင်တန်ကိုတိုက်ဖို့ ဗမာ့တပ်တွေ အလုံးအရင်းနဲ့ သျှမ်းပြည်ထဲ ဝင်လာတယ်။ ကူမင်တန်ကို တိုက်ထုတ်နိုင်ပြီး  နောက်ပိုင်းတွင်လည်း သံလွင်နောက်ခြမ်းဒေသတွေအပါအဝင် သျှမ်းပြည်ကို စစ်အုပ်ချုပ်ရေးလုပ်လိုက်ပြီးနောက် ဗမာစစ်တပ်မှ အပြီးတိုင် အခြေစိုက်လိုက်ပါတယ်။  ပြန်လည်းမထွက်တော့ဘူး။

စော်ဘွားတွေနဲ့လည်း မတည့်ဘူး။ သျှမ်းစော်ဘွားတွေကို အာဏာစွန့်ခိုင်းတယ်။ ပဒေသရာဇ်တော်လှန်ရေးကို အခွင့်ကောင်းယူပြီး ပြည်နယ်တွင်းက တခြားလူမျိုးစုတွေရဲ့ “တို့သျှမ်းပြည်သား” ဆိုတဲ့ အမျိုးသားဝိဉာဉ်ကို အားနည်းအောင် ဗမာတွေတစတစ လုပ်တာပဲ။ နောက်တော့ ခွဲထွက်မှာစိုးလို့ဆိုပြီး အာဏာသိမ်းလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက်မှာ အမျိုးသားခေါင်းဆောင်အားလုံးကို ဖမ်းဆီးလိုက်ပြီး တနိုင်ငံလုံး စစ်အုပ်ချုပ်ရေး ကြေညာလိုက် တာကြောင့် သျှမ်း၊ ကရင်နီ၊ ကချင်၊ ချင်းဒေသတွေကို ဗမာပြည်မထဲ ဆွဲယူသွားတာ ခံလိုက်ပါတယ်။

ဗိုလ်နေဝင်းက ဗမာပြည်ကြီးကို တပြည်ထောင်စနစ်ဖြစ်အောင် အာဏာသိမ်းလိုက်တာပါ။ ဗမာပြည်၊ သျှမ်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည် နှင့် ချင်းဝိသေသတိုင်း အားလုံးက နဂိုက အုပ်ချုပ်ရေးပုံစံတွေ မတူပါဘူး။ တပုံစံတူအောင်နေဝင်းက အာဏာသိမ်းခဲ့တာဖြစ်တယ်။ ဒီနေ့ခေတ်ကြတော့ နေဝင်းလုပ်ခဲ့တာ ဘာကောင်းလဲဆိုတာကို ဗမာနိုင်ငံရေးသမားတွေ ထုတ်မပြောဖြစ်ကြပေမယ့် သိကြပါတယ်။

ကရင်နီလောပိတရေတံခွန်က မီးကို ကရင်နီရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အောက်မထားပဲ ဝိုင်းသုံးတုန်းက ကရင်နီကြမ္မာ ကရင်နီဖန်တီးရေး ဘယ်ဗမာနိုင်ငံရေးသမားမှ မပြောပါဘူး။ ဘာလို့လဲဆိုတော့ ဗမာတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟာ ဘယ်မှာလဲမေးရင် တနိုင်ငံလုံးကို လက်ညှိုးထိုးပြတတ်ကြတဲ့သူတွေမို့ပါပဲ။ ခုမှ မဟုတ်ပါဘူး။

တို့ဗမာသီချင်းမှာ “တကောင်းအဘိရာဇာ၊ တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊ များစွာပတိုင်းများကိုပါ တိုက်ခိုက်ခါ…အောင်ခဲ့တာ တို့ဗမာ” လို့ ပါဝင်တယ်။ တခြားတိုင်းနိုင်ငံတွေကို ဗမာက တိုက်ခိုက်အောင်ခဲ့တာ၊ ပိုင်ဆိုင်မှု (Trophy) တခုအနေနဲ့ မြင်တတ်ကြတယ်။ Right of Conquest တိုက်နိုင်လို့ယူတဲ့ဝါဒကို ကျင့်သုံးကြတယ်။

ဘိုးတော်လက်ထက်က ရခိုင်ကို နိုင်တဲ့အခါ စစ်တကောင်းဝင်ပြေးသွားတဲ့ ရခိုင်တွေကို အင်္ဂလိပ်အစိုးရဆီက သွားပြန်တောင်းဖို့ တော်ဝင်အမိန့်လွှာမှာ ငါတို့ကျွန်တွေ ဝင်ပြေးရှောင်လာတာကို ပြန်ထုတ်ပေးဆိုတဲ့ အသုံးအနှုန်းမျိုးကို သုံးပါတယ်။

အဲ့သည်လိုပြောတော့ အမျိုးသားလူထု လူမျိုးလို့ပြောရင် ဗမာနိုင်ငံရေးသမားတွေဘက်က ပဒေသရာဇ်ခေတ်ကဟာကို ပြန်ပြောနေတာလားလို့ မေးပါလေရော။ ပဒေသရာဇ်တော်လှန်ရေးကို တိုင်းရင်းသားတွေ လုပ်ခဲ့ပါတယ်။

ဗမာက ကိုယ့်ဘုရင်စနစ်ကို ကိုယ်မတော်လှန်ရုံမဟုတ်ဘူး၊ လွတ်လပ်ရေးရတဲ့အထိ မျှော်ခဲ့တဲ့သူတွေရှိပါတယ်။ ပဒေသရာဇ်ချင်းတူတောင် ဗမာဘုရင်တွေကျတော့ နိုင်ငံတည်ထောင်တဲ့ မင်းကောင်းတွေလို ပုံဖော်ခံရပြီး တိုင်းရင်းသားပဒေသရာဇ်တွေမှာတော့ လူဆိုးတွေဖြစ်ရပါတယ်။ ပဒေသရာဇ်ကို မလိုချင်ပါဘူး။

အမျိုးသားလူထုတွေမှာ သမိုင်းကအစိတ်အပိုင်းတခုဖြစ်ပေမယ့် ဒါကတခုတည်းသောအရာမဟုတ်ဘူး။ အမျိုးသားလူထုတခုဖြစ်ဖို့ နိုင်ငံရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှုဆက်စပ်မှုတွေ ရှိဖို့လိုတယ်။ ဗမာက အားလုံးကို ဗမာဇာတ်သွင်းဗမာ့လူနေမှုကို ဖြန့်ဝေတာကိုတော့ ဗမာလူမျိုးကြီးမဟုတ်ကြောင်းငြင်းကြပေမယ့် တိုင်းရင်းသားတွေ မိမိတို့ ယဉ်ကျေးမှုကို ထွန်းကားစေဖို့ပြုရင်တော့ ရှေးရိုးစွဲတွေအဖြစ် ပုံဖော်ခံကြရပါတယ်။

တိုင်းရင်းသားတွေရဲ့ ကိုယ့်ဒေသအပေါ်အခြေခံတဲ့ အမျိုးသားဝိဉာဉ်အားနည်းအောင် ဗမာတွေပဲ လုပ်ခဲ့တာဖြစ်တယ်။ ဗမာနိုင်ငံရေးသမားတွေနဲ့ ဗမာစစ်တပ်က လုပ်ခဲ့တာပါပဲ။ ဒါကို ဗမာစစ်တပ်တခုတည်း ထိုးကျွေးဖို့ ဗမာနိုင်ငံရေးသမားတွေက လုပ်ကြတယ်။ ဗမာနိုင်ငံရေးသမားတွေဘက်တော့ တာဝန်ယူတာ မတွေ့ဘူး။ ဘယ်လိုပြန်ချောက်လဲဆိုတော့ လူမျိုးအခြေပြုဖက်ဒရယ်တည်ဆောက်လို့ အဆင်မပြေရင် တိုက်တွန်းသူတွေဟာ သမိုင်းတရားခံဖြစ်မယ်လို့ ပြန်ချောက်ပါတယ်။

အခု တိုင်းရင်းသားဒေသတွေ မောင်ပိုင်စီးခံရတဲ့ပြဿနာရဲ့ သမိုင်းတရားခံဖြစ်မှုကိုတော့ ဘယ်ဗမာနိုင်ငံရေးသမားမှ တာဝန်မခံပါဘူး။ တောင်းပန်ပါတယ်လို့ ပြောရင်တော့ “ငါတို့လုပ်ခဲ့တာမဟုတ်လို့ စိတ်မကောင်းဘူး၊ ဒါပေမယ့် ငါတို့ရဲ့ ဘဝနေနည်းက အကောင်းဆုံးဖြစ်လို့ ဆက်ယူပါ” လို့ပဲပြောကြတာပါ။ ဒါကို အကျိုးခံစားခွင့်ရတယ်လို့ပဲ ပြောရမှာပါ။

ဗမာဇာတ်သွင်းခံထားရတဲ့ကလေးတွေအနေနဲ့ ကျောင်းသွားတက်ရင် ပိုအဆင်ပြေပြီး ငါတို့အကြောင်း၊ ငါတို့ဘဝအတွက် သင်ပေးနေတယ်လို့ ခံစားရပါတယ်။ တိုင်းရင်းသားတွေကတော့ နားလည်းမလည်တဲ့ ဘာသာစကားတွေနဲ့ သူတို့အကြောင်းမဟုတ်တဲ့ သမိုင်းတွေကို သင်ရပါသေးတယ်။

မွန်တွေဆို သူတို့ဘိုးဘေးတွေကို မျိုးတုန်းသတ်ခဲ့တဲ့ဦးအောင်ဇေယျကို တတိယမြန်မာနိုင်ငံတည်ထောင်တဲ့ ဘုရင်ကြီးအဖြစ် သင်ကြရတာပါပဲ။ နောက်တခုက တိုင်းရင်းသားတွေက သမိုင်းတွေသင်ဖို့ ပြောတဲ့အခါ “သမိုင်း” လို့ မပြောပဲ “ရာဇဝင်ဟာ ဘုရင်တွေအကြောင်းဖြစ်လို့ ဒီနေ့နဲ့ လိုက်လျောညီထွေဖြစ်တာမဟုတ်ဘူး” လို့ ရောချပါတော့တယ်။ “ရာဇဝင်” ဆိုတာကို ဘုရင်အကြောင်းလို့ ဘာသာပြန်ရင် “ရာဇသတ်၊ ရာဇဝတ်” ကို ကျွန်ုပ်တို့ မကျင့်သုံးသင့်တော့ဘူးလားလို့သာ ပြန်မေးရပါတော့မယ်။

တော်လှန်ရေးအစိုးရချင်းတူတောင် တိုင်းရင်းသားတော်လှန်ရေးအစိုးရတွေက တဆင့်နိမ့်သယောင်ဖြစ်ပြီး နေဝင်းစုခဲ့တဲ့ဒေသစု တပြည်ထောင်အောက်က မဲပေးမှုတွေကနေ ပေါ်လာတဲ့ NUG က တိုင်းရင်းသားတော်လှန်ရေးအစိုးရတွေထက် ပိုအဆင့်မြင့်တယ်လို့ ဖြစ်နေပြန်ပါသေးတယ်။

ခုထိကဘာကိုပြောချင်နေတာလဲဆို တိုင်းရင်းသားတွေဟာ ဗမာပြည်မ၊ ဗမာ့ယဉ်ကျေးမှု၊ ဗမာ့နိုင်ငံရေးသမားတွေနဲ့ ဗမာ့စစ်တပ်ရဲ့ ကိုလိုနီပြု၊ အတင်းသိမ်းသွင်းခံထားရတာကို ပြန်မြင်ယောင်နိုင်ဖို့ပါ။ ဗမာဇာတ်သွင်းခံရတဲ့ နှစ်တွေကြာလာတာနဲ့ တိုင်းရင်းသားလူမျိုး မျိုးဇာတ်သစ်တွေတောင် ဗမာ့လူနေမှုဘဝကို ပိုရင်းနှီးကုန်ကြပါပြီ။

အမျိုးသားဝိဉာဉ်ကို ဖက်ဆစ်လို့ ထင်ကုန်ကြတယ်။ တကယ်တော့ ဖိနှိပ်သူတွေရဲ့ အမျိုးသားရေးဝါဒဟာ ဖက်ဆစ်စနစ်ဖြစ်ပြီး ဖိနှိပ်ခံတွေရဲ့ အမျိုးသားဝိဉာဉ်စိတ်ဟာ လိုအပ်ချက်ရှိလို့ တုန့်ပြန်လာတဲ့ ကာကွယ်လိုစိတ်၊ ကျင့်ဝတ်သီလနဲ့ ပြည်စုံတဲ့ ဆုံးဖြတ်ချက် (Moral Decision) ဖြစ်တယ်။ ကိုယ့်အမျိုးသားရေးလက္ခဏာဖိနှိပ်ခံရရင် ဖိနှိပ်သူတို့နဲ့ ပူးပေါင်းခြင်းဟာ Immoral Choice ဖြစ်တယ်လို့ ကွဲပြားစွာ သိမြင်ဖို့ လိုပါတယ်။

တိုင်းရင်းသားတွေက ဖက်ဒရယ်တောင်းတဲ့အခါ သူတို့ရဲ့ဖက်ဒရယ်ဟာ ဗမာ့ကိုလိုနီစနစ်ကို အခြေမခံတဲ့ Decolonized Federal ကို တောင်းဆိုတော်လှန်ခဲ့တာဖြစ်ပြီး ဗမာက ဖက်ဒရယ်လို့ပြောတဲ့အခါ “တို့ဖိနှိပ်ခဲ့တာတွေမေ့ပြီး ငါတို့တည်ဆောက်တဲ့ ဘဝလူနေမှုစနစ်ထဲပေါင်းလာပေးပါ”လို့ ဆိုလိုရင်းဖြစ်တဲ့ Depoliticized Federal ကို လိုချင်နေကြတာလို့ ကွဲပြားစွာ ရှုမြင်ဖို့လိုပါတယ်။

Decolonized Federal ဟာ ဖက်ဆစ်စနစ်လုံးဝမဟုတ်ပါဘူး။ ဖက်ဆစ်စနစ်ကို တကယ်နားလည်ချင်ရင် သူ့ကိုတည်ထောင်တဲ့ မူဆိုလီနီရဲ့ မိန့်ခွန်းတွေကို ပြန်ဖတ်ကြည့်ဖို့လိုပါတယ်။ မူဆိုလီနီက အီတလီမှာ လူမျိုးစုဆိုတာမရှိရဘူး၊ အီတလီလူမျိုး အီတလီနိုင်ငံသားတမျိုးတည်းရှိရမယ်လို့ ပြောခဲ့တာပါ။ ဖက်ဆစ်ဝါဒရဲ့ဖခင်ကြီး မူဆိုလီနီနဲ့ မူရင်ဒဿနပညာရှင်ကြီး ဂျီအိုဗာနီဂျန်တီလီသို့က ဖက်ဆစ်ဆိုတာ အမျိုးသားလက်ဝဲဝါဒလို့ ပြောခဲ့တာကို ပြန်ကြည့်ရမှာပါ။

ခုခေတ်မှာ ဖက်ဆစ်ကို လက်ယာစွန်းဝါဒလို့ ပြောနေတာတဲ့သူတွေက Decolonized ကိုလိုနီစနစ်ဖြုတ်ထားတဲ့ ဖက်ဒရယ်ကို ဖက်ဆစ်လိုပြောလာတာဟာ သမိုင်းနဲ့ ဒဿနကို ချိန်ထိုးရင် အဓိပ္ပာယ်မရှိဘူးလို့သာ တုန့်ပြန်ရမှာပါပဲ။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအတွက် စစ်အာဏာရှင်ကိုဖယ်ရင် ရွေးစရာစနစ်နှစ်ခုရှိပါတယ်။ အဲ့ဒါက

(၁) Decolonized Federal ခေါ်တဲ့ ကိုလိုနီအငွေ့အသက်မရှိတဲ့ ဖက်ဒရယ်၊ မိမိတို့ရဲ့ မူရင်းဒေသ နိုင်ငံရေးစုဖွဲ့မှုတွေကို အခြေခံတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ national ဒေသတွေကို အခြေခံတဲ့ Coming Together Federal ပြည်ထောင်စုကနေ အမျိုးသားတန်းတူညီမျှမှု ဖန်တီးဖို့

(၂) Depoliticized Federal ခေါ်တဲ့ နိုင်ငံရဲ့သမိုင်းတွေ၊ အမျိုးသားလက္ခဏာဖိနှိပ်ခံရမှုတွေကိုမေ့ပစ်ပြီး ကိုယ့်အမျိုးသားလက္ခဏာကို အခြေမထားတဲ့ ဗမာ့လူနေမှုစနစ်ကိုအခြေပြု တည်ဆောက်ထားတဲ့ ဒေသစုနိုင်ငံ Holding Together Federal စနစ် ဖြစ်တယ်။

ဘယ်စနစ်ပိုကောင်းတယ်ဆိုတာတော့ အငြင်းပွားလို့ရပါတယ်။ ကျွန်ုပ်တို့က ပြည်ထောင်စုသမားဖြစ်ပါတယ်။ ဒေသစုနိုင်ငံ Holding Together, Geographic-Ethnic Mixed အရေးဖြစ်နေလည်း အမျိုးသားလွှတ်တော်မှာ ဗမာနဲ့ အခြားအမျိုးသားလူထု  (လူမျိုးစု ၁၃၅ မျိုးကို ပြောတာမဟုတ်၊ Right Bearing Capacity ရပိုင်ခွင့်ကို ထိန်းသိမ်းစုစည်းနိုင်တဲ့ အမျိုးသားလူထုများကိုသာဆိုလို) ကိုယ်စားလှယ်အရေအတွက်အတူအညီဖြစ်ဖို့ အားလုံး သဘောတူရင်ရပါတယ်။

သို့သော်လည်း အမျိုးသားတန်းတူညီမျှမှုမရှိသမျှ လက်နက်ကိုင်တော်လှန်မယ်ဆိုတဲ့ တိုင်းရင်းသားတော်လှန်ရေး တွေက ဗမာအမျိုးသားလူထုက ကိုယ်စားပြုကိုယ်စားလှယ်အရေအတွက် လျှော့မချမချင်း သို့မဟုတ် ဗမာပြည်နယ်ပေါ်လာပြီး ပြည်ထောင်စုမဖြစ်မချင်း တော်လှန်နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိရင် ဒါဟာလည်း ကျင့်ဝတ်ကိုထိန်းသိမ်းတဲ့ Moral Decision သာဖြစ်တယ်လို့ မှတ်ယူရမှာပါပဲ။

အချုပ်ပြန်ပြောရရင် ဗမာ့စစ်တပ်ရဲ့ ရက်စက်မှုကို အားလုံးသိပြီးသားမို့ ငြင်းစရာမရှိပါ။ တိုင်းရင်းသားတွေ တည်ဆောက်လိုတာဟာ ဗမာ့လက်ရာ ဗမာ့ကိုလိုနီစနစ်ကို ဖျက်သိမ်းထားတဲ့ Decolonized Federal ကိုဖြစ်ပြီး ဗမာတွေကတော့ ဗမာ့လူနေမှုကိုစံယူထားတဲ့ Depoliticized Federal ကိုလိုချင်ကြပါတယ်။

တော်လှန်ရေးအစိုးရချင်းတူတောင် ၂၀၀၈ အောက်က မဲပေးရာကနေပေါ်လာတဲ့အစိုးရတွေက တရားဝင်မှုမြင့်ပြီး၊ နဂိုဒေသအုပ်ချုပ်သူတွေကနေ ပေါ်လာတဲ့ တိုင်းရင်းသားတော်လှန်ရေးအစိုးရတွေက တရားမဝင်ဖြစ်နေတဲ့ သဘော ဆက်ဆံပြောဆိုကြတာတွေဟာ ဗမာဇာတ်သွင်းတာရဲ့ ပြယုဂ်တွေပါပဲ။ ဒါတွေကို ဖျောက်ဖို့လိုပါတယ်။ ခြုံကြည့်ရင် တကယ့်အမျိုးသားလက္ခဏာဖိနှိပ်ခံခဲ့ရတဲ့ တရားမျှတမှုကင်းမဲ့ခြင်းတွေအတွက် ဘယ်လိုအစီအမံ တွေနဲ့များ တရားမျှတမှုကို ရှာကြဦးမလဲဆိုတာ အရေးကြီးတဲ့အဆင့်တခုဖြစ်ပါလိမ့်မယ်။ 

နွေဦးတမန်တော်