• Today is: Monday, April 15, 2024

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် | အပိုင်း (၁)

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် (consociationalism)၊ centripetalism စနစ်နှင့် ဘုံဝါဒ communalism စနစ်များကို နှိုင်းယှဉ်ခြင်း

အပိုင်း (၁)

ရေးသူ | ဘင်ဂျမင် ရေလီ (Benjamin Reilly)

Crawford School of Economics and Government, The Australian National University,

အကွဲအပြဲများလွန်းသော လူ့အဖွဲအစည်းများ၊ အထူးသဖြင့် လူမျိုးစုဖြစ်တည်မှုအရ သို့မဟုတ် ယဉ်ကျေးမှုအရ ကွာဟမှုများရှိကြသော နေရာများတွင် ဒီမိုကရေစီ အင်စတီကျူးရှင်း အသစ်များထူထောင်ရေး ဒီဇိုင်းဆွဲကြရာတွင် မည်သို့ ပြုကြရမည်ကို ပညာရပ်ပိုင်းဆိုင်ရာ အငြင်းအခုံများ အသည်းအသန်ရှိခဲ့သည်။

ယခုစာတမ်းသည် လူမျိုးစုအဖုံဖုံတည်ရှိကြသော ဒီမိုကရေစီများ တည်တံ့နိုင်ရေး အတွက် ထင်ရှားသော မော်ဒယ်များထဲမှ consociationalism, centripetalism နှင့် communalism အစရှိသော မော်ဒယ်သုံးရပ်နှင့် ယင်းတို့တွင်ပါရှိသည့် အဓိက စရိုက်လက္ခဏာများကို သုံးသပ်ထားသည့် စာတမ်းဖြစ်ပါသည်။ လက်တွေ့ အသုံးချရာတွင် တွေ့ရှိရသည်များကို ထောက်ရှုသောအခါ ထိုမော်ဒယ်သုံးခုသည် တစ်ခုနှင့်တစ်ခု နှီးနွှယ် ရောယှက်နေကြသည်များကိုလည်း ခပ်စိတ်စိတ်တွေ့နိုင်ကြောင်း ဆန်းစစ်မိပေသည်။

စစ်အေးကာလပြီးသောအခါတွင် ကမ္ဘာ့နိုင်ငံရေးကို အပြန်အလှန်လွှမ်းမိုးသော အခြင်းအရာ နှစ်ခုရှိသည်။ တစ်ခုမှာ အာဏာရှင်များကို ဖယ်ရှားနိုင်ပြီးနောက် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် အစိုးရများကျယ်ပြန့်လာခြင်း နှင့် နိုင်ငံအချင်းချင်းကြားတွင် စစ်မဖြစ်ဘဲ နေရာများစွာတွင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ပြွမ်းနေခြင်းဖြစ်သည်။ ၁၉၇၄ တွင် စပိန်နှင့် ပေါ်တူဂီတို့တွင် အာဏာရှင် အစိုးရများ ပြိုကျခဲ့သည်မှစကာ အရှေ့ဥရောပ၊ လက်တင်အမေရိက၊ အာဖရိက နှင့် အာရှတို့သို့ ဒီမိုကရေစီစနစ်ကူးစက်သွားသည်။

ဆင်မြူရယ်ပေါလ် ဟန်တင်တန် တင်စားခဲ့သော ဒီမိုကရေစီ “တတိယလှိုင်း”အတွင်း တစ်ကမ္ဘာလုံးတွင် ဒီမိုကရေစီနိုင်ငံပေါင်း အရေအတွက် သုံးဆမျှ တိုးလာခဲ့သည်။ သို့သော်လည်း တစ်ချိန်တည်းတွင်  ပြည်တွင်းရေးပဋိပက္ခများ ယခင်ကကဲ့သို့ နိုင်ငံအချင်းချင်းကြားဖြစ်သော စစ်များမရှိတော့သည့်တိုင်အောင် သွေးထွက်သံယို အကြီးအကျယ် ဖြစ်သော ပဋိပက္ခများပြွမ်းသည့် ပြည်တွင်းစစ်များအကြီးစားများကို ကမ္ဘာက ကြုံလာရသည်။

(Huntington, 1991). အကျိုးဆက်မှာ ဒီမိုကရေစီပြန့်ပွားရေးနှင့်အတူ  ပဋိပက္ခများဖြေရှင်းရေးသည် နိုင်ငံတကာ အစီအစဉ်များတွင် ထိပ်ဆုံးက ပါဝင်လာတော့သည်။ ထိုအဖြစ်အပျက်များကြောင့် လူမျိုးစုအဖုံဖုံရှိသည့် နေရာများတွင် ဒီမိုကရေစီ အတတ်နိုင်ဆုံး ခိုင်မာလာစေရန် မည်ကဲ့သို့ ဆောင်ရွက်သင့်ကြသည်ကို ပညာရှင်အသိုင်းအဝိုင်းနှင့် မူဝါဒရေးရာ နယ်ပယ်များတွင်လည်း ဆွေးနွေးလာကြသည်။ ဒီမိုကရေစီ တတိယလှိုင်းထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်များ များစွာရေးဆွဲဖြစ်ခဲ့ကြသကဲ့သို့ နိုင်ငံရေးစနစ် အသစ်များ လည်း ပေါ်ထွန်းလာကြသည်။

နုနယ်လှသော ဒီမိုကရေစီအကူးအပြောင်းပြုဆဲနိုင်ငံများနှင့်  ပဋိပက္ခအလွန် နိုင်ငံထူထောင်ကြသော အခါများတွင် ဒီမိုကရေစီ ရေရည်အမြစ်တွယ်ခိုင်မာစေရေးအတွက် နည်းလမ်းများကို ရှာဖွေကြရန်လည်း များစွာ စိတ်အားထက်သန်လာကြသည်။

ကျွဲကူးရေပါဆိုသလိုပဲ ထိုအပြောင်းအလဲများနောက်တွင်ကပ်ပါလာသော ခေတ်ရေစီးတစ်ခုမှာ ကုလသမဂ္ဂကဲ့သို့  နိုင်ငံစုံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေး အ‌ထောက်အကူများလည်း ပါဝင်ပေသည်။ အာဖရိက၊ အာရှ၊ အရှေ့ဥရောပနှင့်လက်တင်အမေရိကတို့မှ  အာဏာရှင် နိုင်ငံဟောင်းများ အာဏာရှင်လက်အောက်မှ လွတ်မြောက်လာခဲ့ပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းသည် ဒီမိုကရေစီ မြှင့်တင်ရေးဆိုသော အယူအဆနှင့်အတူ ရွေးကောက်ပွဲ ဆိုင်ရာ အထောက်အပံ့များ ပေးရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေခံကျသည့် အုပ်ချုပ်မှု စနစ်ကောင်းများ ပေါ်ပေါက်ရေး၊ တည်ငြိမ်ပြီး ငြိမ်းချမ်းသော နိုင်ငံများပေါ်ပေါက်လာရေး အစရှိသည့် အရေးအရာများအပေါ် အကြီးအကျယ်  အရင်းအနှီး ထည့်ဝင်လာကြသည်။

၁၉၉၀ ကျော်တွင် ဒီမိုကရေစီနိုင်ငံသစ်များမှ အင်စတီးကျူးရှင်းများ၏ ဖွဲ့စည်းပုံဒီဇိုင်းကို များစွာ စိတ်ဝင်စားမှုပိုလာကြရာ အထူးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ရင်းနှီးမြှုပ်နှံမှုပိုမိုထည့်ဝင်ထားသော နေရာများတွင် သိသာစွာ အာရုံစိုက်လာခဲ့ကြသည်။ ဒီမိုကရေစီနိုင်ငံများ ဖြစ်ထွန်းရေးမှာ အချို့ နေရာများတွင် ဆယ်စုနှစ်နှင့် ချီပြီး ကြာခဲ့သည်များရှိသလို အနောက်ကမ္ဘာတွင်ပင် အချို့နိုင်ငံများသည် ရာစုနှစ်ပေါက်အောင် ကြာမြင့်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဗိသုကာခိုင်မာမှုများ သို့မဟုတ် နိုင်ငံရေးပါတီများ စနစ်တကျ ဖြစ်ထွန်းပေါ်ပေါက် လာစေသော အခင်းအကျင်းများ အစရှိသည်ဖြင့် ယခင် အချိန်ကြာမြင့်စွာ ယူပြီးတည်ဆောက်ခဲ့ရသည့်အရာများကို နှစ်အနည်းငယ်အတွင်း မြေတောင်မြှောက်ပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

လူမျိုးစုပဋိပက္ခများတွင် အချိန်ယူလေ့လာခဲ့ကြသော ပညာရှင်များကမူ  ကွန်စတီကျူးရှင်းဆိုင်ရာ အင်ဂျီနီယာ ပညာရပ်ဟုပင်  ထင်ထင်ပေါ်ပေါ် ဇန်းတင်ခဲ့ကြသည်။ လူမျိုးစုများ ကွဲပြားစုံလင်သော မသင့်မြတ်သည့် လူ့အဖွဲ့အစည်းမှာ ပင်လျှင် ဒီမိုကရေစီမှာ ဖွဲ့စည်းပုံကောင်းကောင်းဖြင့် တည်ငြိမ်စေနိုင်လိမ့်မည်ဟု အယူရှိခဲ့ကြသည်။

မူဝါဒရေးဆွဲသူများကလည်း ထိုပညာရှင်များနှင့် တစ်လေသံတည်းပင်ဖြစ်သည်။ နိုင်ငံရေးအင်စတီကျူးရှင်းများက အရေးကြီးကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဒီဇိုင်းများက အခရာဖြစ်ကြောင်း  တညီတညာ လက်ခံခဲ့ ကြသည်။ (Harris and Reilly, 1998).

ထိုအမြင်ကို ဆော်သြခဲ့ကြသည့်အထဲတွင် လူ့အဖွဲ့အစည်းကြား မသင့်မြတ်မှုများကို ဖြေရှင်းရေး အတွက် နိုင်ငံရေးအရ ဖွဲ့စည်းပုံများ၏ အရေးပါပုံကို ထောက်ပြသော  အယူအဆနှစ်ခုက အကယ်ဒမစ် စာပေများတွင် ထင်ရှားခဲ့သည်။ ထိုနှစ်ခုကား ဝိရောဓိဖြစ်နေသည့် သဘောလည်း ဆောင်သည်။ 

ပထမမော်ဒယ်တစ်ခုမှာ ပညာရှင်များက ယုံကြည်နေကြသည့်အတိုင်း လူမျိုးစု အသီးသီးမှ သက်ဆိုင်ရာ အီလစ်များ၏ ပူးပေါင်းဆောင်ရွက်မှာအပေါ်များစွာ မူတည်နေသော ပြည်ထောင်စုမူ consociationalism ဖြစ်သည်။

ထိုမူမှာ အင်စတီကျူးရှင်းပိုင်းမှကြည့်လျှင် အစိုးရအဖွဲ့ကို ညွန့်ပေါင်းဖြစ်အောင် မည်သို့ဖွဲ့စည်းမည်၊ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို မည်သို့ စည်းကမ်းများဖြင့် အသုံးပြုမည်၊ လူနည်းစုများကို ဗီတိုအာဏာပေးပိုင်ခွင့် အပ်နှင်းထားပြီး လူမျိုးစုတိုင်းသည် တစ်စုကိုတစ်စု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်နေစေသောစနစ်များအားဖြင့် အပြန်အလှန် သြဇာသက်ရောက်စေသည့် ကိုယ် ပိုင်ပြဌာန်းခွင့်မျိုး ထားရှိကြမည် စသည့်အချက်များအပေါ် အခြေတည်သောမော်ဒယ်ဖြစ်သည်။

နောက်မော်ဒယ် တစ်မျိုးမှာ centripetalismဟုခေါ်ပြီး ယခင် consociationalism ပြည်ထောင်စုမူ နှင့်မတူအောင် ရေးဆွဲထားသည်။ ထိုမော်ဒယ်၌ နိုင်ငံရေးအင်စတီကျူးရှင်းများဖွဲ့ရာတွင် ကွဲပြားခြားနားနေသော အုပ်စုအချင်းချင်းကြား သင့်မြတ်ရလေအောင် လူမျိုးစုံပါကို ပါဝင်ရသည့် နိုင်ငံရေးပါတီများကို ဦးစားပေးသည်။ ရွေးကောက်ပွဲကို လူမျိုးစုံပါဝင်နိုင်အောင် မက်လုံးထည့်သွင်း ဖန်တီးထားသည်။ အုပ်စုအချင်းချင်း တစ်ဖက်ကို တစ်ဖက် မဖြစ်မနေ နေရာပေးရသည့် အစီအမံမျိုးကို အားပေးသည်။

ပထမနည်းမှာ လူမျိုးစု သိမှတ်ပုံ အမှတ်သညှာ (Identity) ကို ရှင်းလင်းစွာ ပြဌာန်းပေးထားသည့် သဘောဖြစ်ပြီး လူ့အဖွဲ့အစည်းကို ပဒေသာစုံ လူ့အဖွဲ့အစည်းဖြစ်အောင် စုံလင်ကွဲပြားမှုကို တမင်တကာပင် အသိအမှတ်ပြု ထားသည့်  မဟာဗျူဟာဖြစ်သည် (Lijphart, 1977) ။

ဒုတိယနည်းကမူ လူမျိုးစု သိမှတ်ပုံ အမှတ်သညှာ (Identity) ကို အခြေတည်ပြီး မစဉ်းစားဘဲ လူမျိုးစုအချင်းချင်း ပြိုင်ဆိုင် သြဇာထူထောင်မှုကို လျှော့ချပစ်လိုက်သော စနစ်ဖြစ်သည်။ တစ်ချိန်တည်းတွင် လူမျိုးစုံအတူယှဉ်တွဲ နေထိုင်နိုင်သောအဖွဲ့အစည်းမျိုး ဖြစ်လာအောင်ကြိုးစားသည်။

တတိယနည်းလမ်းတစ်ခုကမူ လူမျိုးစုတစ်ခုနှင့် တစ်ခုကြား ပြတ်ပြတ်သားသား ကျောသားရင်သားခွဲ၍ သတ်မှတ်ထားကြခြင်းကို ပိုမိုခိုင်မာစေကာ ပါတီတစ်ခုက လူမျိုးစုတစ်ခုကို ကိုယ်စားပြုပြီး မဲဆန္ဒရှင်များတွင် လည်း မည်သည့် အချက်အလက်များနှင့် ပြည့်စုံမှ ထိုအုပ်စုဝင် တိုင်းရင်းသားဖြစ်မည်ဟု တိတိပပ ပြဌာန်းထား သော စနစ်ဖြစ်သည်။

ဤစနစ်မှာ ခေတ်သစ်ကမ္ဘာတွင် နေရာအတော်များများ၌ စွန့်လွှတ်ခဲ့ကြပြီးသော နိုင်ငံရေး အခင်းအကျင်းတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ယခင်ကိုလိုနီနိုင်ငံဟောင်းအချို့နှင့် ဗဟိုဥရောပနိုင်ငံအနည်းငယ်တွင် ထိုစနစ် အကြွင်းအကျန်များကို ထိန်းသိမ်းထားကြဆဲဖြစ်သည်။

ယခုစာတမ်းတွင် လူမျိုးစု ကွဲပြားခြားနားကြသော ဒေသများတွင် ထိုမော်ဒယ် သုံးခုအရ နိုင်ငံတည် ဆောက်ယူကြပုံများကို တစ်လှည့်စီ ဖော်ပြဆန်းစစ်သွားပါမည်။ ဒီမိုကရေစီစနစ်တွင် အခြေခံကျသော အင်စတီကျူးရှင်းများဖြစ်ကြသည့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စနစ်များနှင့် လွှတ်တော်ကို ဖွဲ့စည်းထားပုံများအား အလေးထား ထောက်ပြသွားပါမည်။

(Reilly, 2006).

————————–

Benjamin Reilly သည် East-West Center ၏ adjunct Senior Fellow တစ်ဦးဖြစ်သည်။ အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး သုတေသနပြုသူတစ်ယောက် ဖြစ်သည်။ ထို့ပြင် the University of Western Australia, Dean of the Sir Walter Murdoch School တို့တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Centre for Democratic Institutions in the Crawford School of Public Policy at the Australian National University တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဩစတေးလျအစိုးရ၊ ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း လုပ်ကိုင်လျက်ရှိသည်။ ထို့ပြင် သူသည် democratization, comparative politics and political development ဘာသာရပ်တွေကို အထူးပြုပြီး လေ့လာနေသော နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၂၀ ကျော်အား ရွေးကောက်ပွဲစနစ်နှင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများကို အကြံပေးလျက်ရှိသည်။