• Today is: Monday, April 15, 2024

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် | အပိုင်း (၂)

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် (consociationalism)၊ centripetalism စနစ်နှင့် ဘုံဝါဒ communalism စနစ်များကို နှိုင်းယှဉ်ခြင်း | အပိုင်း (၂)

ရေးသူ | ဘင်ဂျမင် ရေလီ (Benjamin Reilly)

Crawford School of Economics and Government, The Australian National University,

CONSOCIATIONALISM-

ဒီမိုကရေစီစနစ်များကို အခြေခံအားဖြင့် အမျိုးအစားခွဲခြားသောအခါ နှစ်မျိုးရှိပါသည်။ တစ်မျိုးမှာ နိုင်သူအကုန်ယူစတမ်းစနစ် နှင့် တလုံးတဝအားလုံး သဘောတူသည်အထိညှိယူမှသာ အုပ်ချုပ်နိုင်သော ဒီမိုကရေစီစနစ်ဖြစ်သည်။

(Lijphart, 1984). အနိုင်ရသူ အကုန်ယူစနစ်တွင် ရှုံးရသော လူနည်းစုသည် ပါလီမန်တွင် ကိုယ်စားမပြုနိုင်သောကြောင့် ထိုစနစ်မျိုးမှာ တိုင်းရင်းသားလူမျိုးများကွဲပြားနေသော လူ့အဖွဲ့အစည်းများအတွက် မသင့်တော်ဟု ဆိုသည်။ ဥပမာ- အနိုင်ရသူ အကုန်ယူစနစ်ကို အင်္ဂလန် Westminster အစဉ်အလာ ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော နေရာများတွင်တွေ့ရပြီး လူမျိုးစု အကွဲအပြဲရှိနေခဲ့သော နိုင်ငံဖြစ်ခဲ့ပါလျှင် လူမျိုးတစ်စုက တစ်စုကို သို့မဟုတ် ပါတီတစ်ခုက တစ်ခုကို မရမက အနိုင်ယူလိုသည့် အစဉ်အလာ အလွယ်တကူ အမြစ်တွယ်တတ်ပါသည်။

အကွဲအပြဲများသော လူ့အဖွဲ့အစည်းတွင် ယှဉ်ပြိုင်မှုအားကြီးလွန်းသော ဒီမိုကရေစီသည် အလွန်ကောင်းမွန်မျှတသည့် ရွေးကောက်ပွဲမျိုးကို ကျင်းပနိုင်သည့်အခါမျိုးတွင်ပင် အားနည်းသူ အချို့ကို ဖယ်ထုတ်ပြီး အားကြီးသူအချို့ကို နေရာပေးသော စနစ်ကြီးကို ထာဝရ မြဲမြံစေလေသည်။

ထို့ကြောင့်ပင် ပဒေသာစုံလူ့အဖွဲ့အစည်း ဖြစ်ထွန်းဖို့ဆိုလျှင် နိုင်ငံရေး အင်စတီကျူးရှင်းတို့၏ ဒီဇိုင်းများက အရေးကြီးကြောင်း ဆိုကြပေသည်။ အစိုးရရာထူးကြီးများတွင် လူမျိုးစုံ အချိုးအစား ကျနစွာပါဝင်နိုင်အောင်ရေးဆွဲကြရန်၊ လွှတ်တော်ထဲတွင် လူမျိုးအစုအဖွဲ့ အသီးသီးတို့က ကိုယ်စားပြုခွင့်ရ‌ရေးကို အလေးပေးကြရန်၊ အစိုးရဌာန အသီးသီးတွင်  အာဏာခွဲဝေယူကြရာတွင် လူမျိုးစုံ ခံစားခွင့်ရစေရန် အင်စတီကျူးရှင်းများနှင့် လုပ်ထုံးလုပ်နည်းများတွင် သင့်လျော်သည့် ဒီဇိုင်းများရှိနေကြရမည်။  Consociationalism မော်ဒယ်တွင် ထိုအစိတ်အပိုင်းများ ခိုင်မာစွာ အားကောင်းစွာ ပါဝင်ပေသည်။

Consociationalism အရ ကုစားပုံများတွင် လူမျိုးစုတိုင်းတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ ခံစားပိုင်ခွင့်ရှိရမည်၊ မိမိတို့လူမျိုးစုအဖွဲ့ဝင်များ ထိခိုက်နိုင်သည့်အရေးကိစ္စများတွင် ဗီတိုပေးပြီး ဆုံးဖြတ်ခွင့်ရှိရမည်ဟူသော မူအပေါ်တွင် အခြေခံထားသည်။

လူမျိုးစုများအချင်းချင်းကြား အုပ်စုသဘောဆောင်သော လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီ ရှင်သန်နိုင်ရေးအတွက် ဆိုလျှင် လူမျိုးစုထဲမှ အကြီးအကဲ အီလစ်များကြား ပူးပေါင်းဆောင်ရွက်မှုကို အလေးကဲရမည်ဟူသော သဘောထားလည်း ရှိသည်။ Consociationalism ၏ သဘောတွင် လူအဖွဲ့အစည်း၏ အုပ်စုအသီးသီးကြားထဲတွင် မသာလွန်း မနာလွန်းရလေအောင် ပိုင်းခြားထားသော အာဏာခွဲဝေမှုများ ရှင်းရှင်းလင်းလင်း ပြဌာန်းထားသည်။

ထိုပြဌာန်းမှုများကို  အသိအမှတ်ပြုခံရသော အုပ်စုအသီးသီးကို ကိုယ်စားပြုသည့် လူမျိုးစုခေါင်းဆောင်များက ဒီမိုကရေစီအကျိုးဆောင်များအဖြစ် ဆောင်ရွက်ကြမည်ဟု မျှော်လင့်ကြသည်။ consociation မော်ဒယ်များနှင့်တွဲပြီး လူသိများသော Arend Lijphart, ဆိုသည့် ပညာရှင်ကမူ နယ်သာလန်၊ ဘယ်ဂျီယံနှင့် ဆွစ်ဇာလန် အစရှိသည့် ဥရောပနိုင်ငံများမှာ ဒီမိုကရေစီစနစ်များတွင် ထည့်သွင်းထားသော အာဏာခွဲဝေပုံလုပ်နည်းကိုင်နည်းများကို အသေးစိတ် လေ့လာခဲ့သည်။

သို့ရာတွင် ထို ဥရောပမှလုပ်နည်းကိုင်နည်းများသည် အခြား ဒေသများတွင် အလုပ်ဖြစ်မဖြစ် ဆိုသည်နှင့်ပတ်သက်၍မူ များစွာပင် အငြင်းအခုံများရှိကြသည်။ သို့သော် consociationalism သည် ပဒေသာစုံလူ့အဖွဲ့အစည်းများအတွက်ဆိုလျှင် လူသုံးအများဆုံး အာဏာခွဲဝေပုံ မော်ဒယ်တစ်ခုဆိုလျှင် သံသယများစွာဖြစ်စရာလိုမည်မထင်ပေ။

Lijphart ၏ အဆိုအရမူ ‘လူ့အဖွဲ့အစည်းများသည် ဘာသာရေး၊ နိုင်ငံရေးအယူဝါဒ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် လူမျိုးစု အမျိုးမျိုးရှိပုံကို အခြေခံကာ အစုစုကွဲလျှက် ကိုယ့် အစုနှင့်ကိုယ် ၊ ကိုယ့် နိုင်ငံရေးပါတီနှင့်ကိုယ်၊ ကိုယ့် မီဒီယာဆက်သွယ်မှုပုံစံနှင့် ကိုယ် အသီးသီး တည်ရှိနေကြသည်။ ထိုဖွင့်ဆိုမှုက ဥရောပတွင် ဖြစ်ထွန်းသော consociationalismပုံစံကို ရည်ညွှန်းနိုင်ရုံသာမဟုတ်၊ အခြားကမ္ဘာ့ ဒေသကြီးများမှ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ တစ်စုနှင့်တစ်စု သက်သက်စီကွဲနေခြင်းမဟုတ်ဘဲ အုပ်စုလိုက်ရှိနေကြသော၊ ရောယှက်နေသည့်တိုင် တသားတည်းလည်း မဖြစ်နေကြသော တိုင်းရင်းသားစုံ လူ့အဖွဲ့အစည်းမျိုးကိုလည်း ရည်ညွှန်းနေပေသည်။ ထိုကဲ့သို့သော လူ့အဖွဲ့အစည်းများ တွင် ဤမော်ဒယ်မျိုးကို ကျင့်သုံးသောအခါ အလိုလို ကပ်ပါလာတတ်သော အခက်အခဲများလည်း ရှိမြဲပင် (Furnivall, 1948: 304)။

နိုင်ငံရေးကို အုတ်မြစ်ချကြရာတွင် consociationalists များအဖို့  အချက်အချာကျသော ဒီမိုကရက်တစ် အင်စတီးကျူးရှင်းများကို အလေးပေးသည်။ ဥပမာ- နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစနစ်များ၊ ကက်ဘိနက်အဖွဲ့ နေရာချပုံများနှင့် ဖယ်ဒရယ် အစီအစဉ်ဖြင့် နယ်မြေအပိုင်းအခြားအလိုက် အာဏာကို ခွဲဝေကျင့်သုံးပုံများကို အစရှိသည်တို့ကို အာရုံစိုက်ကြသည်။

နိုင်ငံတိုင်းတွင် တွေ့ရတတ်သည်မှာ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအသီးသီးတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို မည်သို့ မည်ပုံ ပြဌာန်းပေးမည်နည်း၊ မည်သို့ မည်ပုံခိုင်မာအားကောင်းစေမည်နည်းဟူသော ပြဿနာဖြစ်သည်။ ဥပမာ နိုင်ငံရေးပါတီများအနေနှင့်  consociationနည်းအရ ဆိုလျှင် တိုင်းရင်းသားအုပ်စု/ အင်အားစုများ အသီးသီးအတွက် ဆိုင်ရာပါတီများ သတ်သတ်မှတ်မှတ်ရှိပြီး ထိုအင်အားစုအချင်းချင်းကြားတွင် တံတားထိုးရုံမျှဖြင့် မလုံလောက်၊ Pippa Norris ရည်ညွှန်းသကဲ့သို့ပင် တစ်စုနှင့် တစ်စုကြား  သွေးစည်းခြင်း (bonding) ကို ဖြစ်လာစေရန် ရည်စူးကြသည်။ သို့ဖြစ်ရာ အစိတ်စိတ် ဖြစ်လျှက်တည်ရှိနေသော မဲပေးသူ လူစုများကြားတွင် နိုင်ငံရေးပါတီများသည် မိမိတို့ သက်ဆိုင်ရာအုပ်စုထဲမှ ဆွေမဲ မျိုးမဲ များကို ရရှိရန်ကြိုးစားကြသည်။

(Norris, 2004: 10). ထိုကဲ့သို့သော consociationပုံစံတွေ တည်ရှိရမည့် မျှော်မှန်းနိုင်ငံရေးပါတီပုံစံမှာ အုပ်စုအထိုင်ပေါ်တွင် အခြေခံပြီး တည်ထားခြင်းဖြစ်သည်။ ထိုအထဲတွင် မိမိတို့နယ်တွင်ရှိသော လူမျိုးငယ် အုပ်စုဝင်များလည်း ပါဝင်ကြပြီး ထိုသူတို့သည်လည်း ဤပါတီမှာ မိမိတို့နှင့် သက်ဆိုင်သော ပါတီဟူ၍ သတ်မှတ်ထားတတ်ကြခြင်းကလည်း အကျုံးဝင်သည်။

သို့ဖြစ်ရာ consociation မူတွင် အုပ်စု အသီးသီးကို ကိုယ်စားပြုသော နိုင်ငံရေးပါတီများ အသီးသီးရှိလာပြီးချိန်တွင် အတိမ်းအစောင်းမခံသော လူမျိုးရေးကိစ္စများကို ခေါင်းဆောင်နိုင်ငံရေးအီလစ်များ အချင်းချင်းက တာဝန်ယူကာ ညှိနှိုင်းစရာများကို ထိထိရောက်ရောက် ညှိနှိုင်းကြသည့် မော်ဒယ်မျိုးဖြစ်သည်။ (Lijphart, 1995).

ပါတီတစ်ခုချင်းစီအတွက် မျှတသော ကိုယ်စားပြုမှုရှိသည့် စနစ်မျိုးဖြစ်စေရန်အတွက် consociation မူ တွင် အဆိုပြုတတ်သည်မှာ PR စနစ် ရွေးကောက်ပွဲမူကို ကျင့်သုံးရန်ဖြစ်သည်။ ပါတီအသီးသီးတို့ ရွေးကောက်ခံကြသည့်အခါ ပါတီတစ်ခုက အနိုင်ရသော မဲအရေအတွက်နှင့်  ပါလီမန်တွင် ကိုယ်စားပြုခွင့်ရရှိမှု မကွာဟနေစေရန် ကြိုးစားထားသည်။

သို့ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများသည် ပါတီက ရွေးချယ်ထားပြီးသား ကိုယ်စားလှယ်များကို ရွေးကာ မဲထည့်ကြရပေသည်။ ဥပမာ- Lijphart  က တစိုက်မတ်မတ် ရည်ညွှန်းသည်မှာ အစိတ်စိတ်ကွဲနေသော လူ့အဖွဲ့အစည်းများအတွက် အသင့်လျော်ဆုံး ရွေးကောက်ပွဲစနစ်မှာ  အချိုးကျကိုယ်စားပြုရေးစနစ် PR ဖြစ်သည်ဟူ၏။

ထိုအဆိုမှာ PR ၏ ရည်ရွယ်ချက်ကိုက  ပါတီအများစု ပါလီမန်ထဲတွင် ရှိနေနိုင်ရန်အတွက်ဖြစ်ပြီး ထိုသို့ပါတီအများစု လွှတ်တော်ထဲဝင်ထိုင်နေနိုင်မှသာ တိုင်းပြည်အတွင်း ရှိနေကြသော ကွဲပြားနေသည့် လူမျိုးစု အစုအဖွဲ့အသီးသီးတို့အနေနှင့်ကိုယ်စားပြုနိုင်ကြမည်ဟု ယူဆသည်။

စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်တွင် မဲပေးသူများအနေနှင့် မိမိတို့ နှစ်သက်သည့် အမတ်ကို တမင်ရွေးချယ်ပြီး မဲပေးနိုင်သည့် အခွင့်မရှိပေ။ (သို့ဖြစ်ရာ ပါတီခေါင်းဆောင်များ၏ လုပ်ပိုင်ခွင့်ကို အတန်ပင် ခိုင်ခိုင်မာမာပေးထားသည့် သဘောဖြစ်သည်။)  ကျယ်ပြန့်လှသော မဲဆန္ဒနယ်မြေအသီးသီးမှ တစ်ခုထက်မက ပိုသော အနိုင်ရပါတီအသီးသီးတို့က ကိုယ်စားပြုမှု အထိုက်အလျောက်ရစေသည့် စနစ်မျိုးကို ဖော်ထုတ်နိုင်သည်။ PR စနစ်အပြင် consociation သမားတို့ နောက်ထပ် အဆိုပြုသည်က မဟာညွန်ပေါင်းအစိုးရများ ဖြစ်စေလိုကြခြင်းပင်ဖြစ်သည်။

ထိုညွန့်ပေါင်းမျိုးဖြစ်လာခဲ့လျှင် ပါတီကြီးတို့သည် အုပ်ချုပ်ရေးအာဏာကို ဝေမျှယူကြရမည်ဖြစ်သည်။ တစ်ချိန်တည်းတွင်  လူနည်းစု ကိုယ်စားပြု ပါတီတို့ကလည်း မိမိတို့ လူမျိုးကို ထိခိုက်လာနိုင်သည့် ကိစ္စမျိုးကို ဗီတိုသုံး၍ ပယ်ချနိုင်ကြသည့် အနေအထားကို ဖန်တီးပေးရမည်ဟု ဆိုသည်။

Lijphartက ၁၉၉၄ တောင်အာဖရိက ကြားကာလ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နမူနာအဖြစ် ရည်ညွှန်းသည့် အကြောင်းမှာ ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ အနည်းဆုံး ပါလီမန်သို့ ဝင်ရောက်ရန် အမတ်နေရာ ၅ ရာခိုင်နှုန်းရရှိကြသည့် ပါတီအားလုံးသည် အုပ်ချုပ်ရေးဘက်တွင် အာဏာနှင့်ရာထူးရယူ နိုင်သည့် အခွင့်အာဏာကို ရသည်။ သို့ဖြစ်ရာ ကက်ဘိနက်အဖွဲ့သည် အာဏာကို အကျယ်ပြန့်ဆုံး ခွဲဝေကျင့်သုံးနိုင်သည့်အဆင့်သို့ ရောက်ရှိနိုင်ပေသည်။ (Lijphart, 1994: 222).

အခြားသော မဟာညွန့်ပေါင်းစနစ် နမူနာများကိုမူ ဘော့စနီးယား ဒေတန်သဘောတူညီချက် ၁၉၉၅ တွင်လည်းကောင်း၊ အိုင်ယာလန်မြောက်ပိုင်း ဂွတ်ဖရိုင်းဒေး သဘောတူညီချက် ၁၉၉၈ တွင်လည်းကောင်း၊ ဘာရွန်ဒီနိုင်ငံ ငြိမ်းချမ်းရေးနှင့်အမျိုးသားရင်ကြားစေ့ရေး အာရူရှာစာချုပ် ၂၀၀၀ တွင်လည်းကောင်း၊ အခြား နေရာများတွင် လည်းကောင်း တွေ့နိုင်ပေသည်။ (Jarstad, 2008). ဤစနစ်ကို ဆက်လက် လိုလားနေကြမြဲဖြစ်သော်လည်း ၂၀ ရာစုကုန်ခါနီးအချိန်တွင်မူ ပညာရှင်လောက၌ ၎င်းမော်ဒယ် ထိရောက်မှုကို လက်ငင်းအကျိုးဖြစ်ထွန်းမှုများအပေါ် ထောက်ပြီး ပြန်လည်သုံးသပ်မှုများ ပြုလုပ်လာကြခြင်းလည်းရှိပါသည်။

Roeder and Rothchild (2005) တို့ တည်းဖြတ်ခဲ့သည့် စာအုပ်တွင်လည်းကောင်း၊ Jarstad and Sisk (2008) တို့၏ စာအုပ်တွင်လည်းကောင်း ထိုသို့ ဆန်းစစ်သည့် မေးခွန်းများ ပါဝင်ပေသည်။ ယခင်က ဆိုထားခဲ့ကြသကဲ့သို့ အာဏာခွဲဝေကျင့်သုံးမှုများတွင် ယေဘုယျတွေ့ရှိရသောအချက်များနှင့် consociationalism ကျင့်သုံးရာတွင် ပေါ်ပေါက်လာသည်များကို ဆန်းစစ်ထားကြသည်။

အခြား ဆန်းစစ်မှုများတွင်မူ ထို consociationalism မော်ဒယ်မှာ မျှော်လင့်ထားသလောက် အလုပ်မဖြစ်ဟု ထောက်ပြကြသည်။ လူနည်းစုလူမျိုးများ ကိုယ်စားပြုမှုရရှိလေလေ ဒီမိုကရေစီစနစ်ပိုမို အားကောင်းလာလေလေ ဆိုသည်မှာ မမှန်ဟု ဆိုကြပြန်သည်။ (Norris, 2004).

မည်သို့ပင်ဖြစ်စေ ထိုမော်ဒယ်ဖြင့် အာဏာခွဲဝေမှုနှင့်  PR စနစ်တို့သည် ကုလသမဂ္ဂက ထောက်ခံ စီစဉ်ပေးခဲ့သော ရွေးကောက်ပွဲတိုင်းတွင် အမြဲလိုပင် တွေ့ရသည်။ ဥပမာ နမီးဗီးယား (၁၉၈၉)၊ နီကာရာဂွာ (၁၉၉၀)၊ ကမ္ဘောဒီးယား (၁၉၉၃)၊ မိုဇမ်ဘစ် (၁၉၉၄)၊ ဘော့စနီးယား (၁၉၉၆)၊ ကိုဆိုဗို (၂၀၀၁)၊ အရှေ့တီမော (၂၀၀၁) နှင့်  အီရတ် (၂၀၀၅) တို့တွင် ဖြစ်သည်။ (Reilly, 2004).

(Reilly, 2006).

————————–

Benjamin Reilly သည် East-West Center adjunct Senior Fellow တစ်ဦးဖြစ်သည်။ အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး သုတေသနပြုသူတစ်ယောက် ဖြစ်သည်။ ထို့ပြင် the University of Western Australia, Dean of the Sir Walter Murdoch School တို့တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Centre for Democratic Institutions in the Crawford School of Public Policy at the Australian National University တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဩစတေးလျအစိုးရ၊ ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း လုပ်ကိုင်လျက်ရှိသည်။

ထို့ပြင် သူသည် democratization, comparative politics and political development ဘာသာရပ်တွေကို အထူးပြုပြီး လေ့လာနေသော နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၂၀ ကျော်အား ရွေးကောက်ပွဲစနစ်နှင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများကို အကြံပေးလျက်ရှိသည်။