• Today is: Monday, April 15, 2024

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် | အပိုင်း (၃)

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် (consociationalism)၊ centripetalism စနစ်နှင့် ဘုံဝါဒ communalism စနစ်များကို နှိုင်းယှဉ်ခြင်း | အပိုင်း (၃)

ရေးသူ | ဘင်ဂျမင် ရေလီ (Benjamin Reilly)

Crawford School of Economics and Government, The Australian National University,

(Reilly, 2006).

CENTRIPETALISM

အကွဲအပြဲများသော လူ့အဖွဲ့အစည်းများအတွက် consociationalism ကဲ့သို့ နောက်ထပ် အသုံးများသော နည်းလမ်းတစ်ခုမှာ centripetalism ဖြစ်သည်။ ဤစနစ်တွင် ပါတီများအသီးသီးကို ပျော့ပျောင်းသော၊ အပေးအယူပြုရန် ဝန်မလေးသော အစီအမံများဖြင့် လည်ပတ်စေသည်။ 

အကွဲအပြဲများရှိနေသည့် တိုင်းပြည်တွင်ပင် လူအများဆုံးကြိုက်နှစ်သက်နိုင်သည့် ဘုံမူဝါဒများကို မဟာမိတ်ပါတီများက ဦးတည်ကြကာ နိုင်ငံရေးအပေးအယူ သဘောတူညီချက်များ အရယူခြင်းဖြင့် အကွဲအဟကို ပြန်ထိန်းပေးထားသော စနစ်မျိုးဖြစ်သည်။

ထိုသို့ မဲဆန္ဒရှင်လူအများစုနှင့် အကျုံးဝင်စေမည့် ကိစ္စများတွင် ပါတီများက ခေါင်းချင်း လာဆိုင်နိုင်ကြသော ဗဟိုချက်တစ်ခုကို ဖန်တီးကြပြီး အလျှော့အတင်းများညှိယူကြသည့်ဒီဇိုင်းမျိုး ကို ဦးတည်သည်။  (Sisk,1995: 19). ဤစနစ်တွင် အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍအရေးကြီးပုံကို အလေးပေးပြီး  လူမျိုးစုအဖုံဖုံတို့ကြား ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ တစ်စုကိုတစ်စုနေရာပေးနိုင်ခြင်း၊ လက်ရည်တပြင်တည်းစုစည်းနိုင်ကြခြင်းကို အလေးကဲသည်။

သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုးများကြား အကွဲအပြဲများရှိနေကြခြင်းကို ချေဖျက်ပစ်ရန် ကြိုးစားသည်။ အခြေခံကျကျ ကိုယ်စားပြု ပါဝင်ခွင့်ကို ဖွဲ့စည်းပုံများအားဖြင့် ပါတီများကြား ပူးပေါင်းဆောင်ရွက်မှုကို ရလာ‌အောင် ပြုပြင်ယူသည်။

consociation မော်ဒယ်က အဆိုပြုထားသည်များနှင့် လုံးလုံးဆန့်ကျင်နေသော အချက်မှာ အုပ်စုအကွဲအပြဲ များရှိနေသော လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီကို တည်ဆောက်ကြခြင်း၌ လက်ရှိလူမျိုးဖြစ်တည်မှုအရ ကွဲပြား ခြားနား နေခြင်းကို လွှတ်တော်နှင့် အခြားကိုယ်စားပြုပါဝင်ရသည့် အစိုးရအဖွဲ့အစည်းများထဲအထိ သယ်မလာ တော့ ခြင်းအားဖြင့် လူမျိုးခြားနားကွဲပြားမှုကို နိုင်ငံရေးထဲ ပါမလာအောင် စီမံလိုက်ခြင်း ဖြစ်သည်။ ပြိုင်ဖက်လူမျိုး တစ်စုကို တစ်စုက မည်မျှအထိ ထောက်ခံပေးကြသည်ကို သိနိုင်အောင် လူမျိုးမတူသည့်နေရာမှ ဆန္ဒမဲကိုပါ ရ‌မှသာ ထိုပါတီကို ရွေးကောက်ပွဲတွင် အနိုင်ပေးသည့်စနစ်ကို ကျင့်သုံးကြသည်။

လူမျိုးမတူသည့်နေရာများမှ ထောက်ခံမဲများကို ပါတီများနှင့် အမတ်များက စုယူနိုင်မှသာ ပြီးမြောက်စေသည့် အင်စတီကျူးရှင်း ပုံစံမျိုးဖွဲ့စည်း ထားရာ အချင်းချင်းပူးပေါင်းမှုများ ပေါ်ပေါက်လာနိုင်ကြသည့် ဒီဇိုင်းဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသား လူမျိုးစုများအနေနှင့် ငါ့လူမျိုးဟု ဇောကပ်သော လူမျိုးစုနိုင်ငံရေးဇောကို ရွေးကောက်ပွဲထဲမှ ထုတ်ပစ်လိုက်သည့် သဘောဖြစ်သည်။ (Horowitz, 1985, 1991).

အကွဲအပြဲများသော လူ့အဖွဲ့အစည်းအတွက် အံဝင်ခွင်ကျဖြစ်အောင် ရွေးကောက်ပွဲစနစ်များကို ကျင်းပရေးနှင့် ပတ်သက်၍ အစောပိုင်းရေးခဲ့သော စာအုပ်တစ်အုပ်တွင် ဤစာရေးသူက centripetalism ကို ယခုကဲ့သို့ အတိုချုံးပြီး အဓိပ္ပါယ်ဖွင့်ခဲ့ပါသည်။

Centripetalism သည် နိုင်ငံရေးပါတီများကြား အပြိုင်အဆိုင်စနစ်ကို သင့်တော်ရုံမျှ ပျော့ပျော့ ပျောင်းပျောင်း သာဖြစ်စေပြီး အလွန့်အလွန် ပြင်းထန်ခြင်းမျိုးထိ ရောက်မသွားစေရန် ထိန်းထားပေးသည်။

ထိုသို့ဖြစ်နေစေရန် ထိန်းထားပေးသော အချက်သုံးချက်မှာ- (၁) နိုင်ငံရေးသမားများသည် မဲဆွယ်ရာတွင် မိမိတို့လူမျိုးစု ဆွေမဲ မျိုးမဲများကိုသာမဟုတ်ဘဲအခြားလူမျိုးစုများထဲမှ မိမိကိုထောက်ခံမဲများ ရရ လေအောင် မဖြစ်မနေ မဲဆွယ်ရသောစနစ်ကို ထည့်သွင်းထားခြင်းဖြစ်ရာ ဝင်ရောက်ယှဉ်ပြိုင်သူတို့သည် မိမိတို့၏ လူမျိုးစုကိုမဲဆွယ်ရန် အလို့ငှာ သွေးခွဲသည့် စကားများပြောပြီး တရားဟောခြင်းများ လျော့နည်းသွားစေပြီး နိုင်ငံရေးရပ်တည်ချက်ကိုကျယ်ကျယ်ပြန့်ပြန့်ထားကြရသည်။

(၂) လွှတ်တော်နှင့် အစိုးရထဲတွင် တိုင်းရင်းသားလူမျိုးစုများ အကျိုးအကြောင်းဝင်ရောက်ငြင်းခုံဆွေးနွေးနိုင်သည့် အစီအမံများထားရှိပြီး  ထိုစားပွဲဝိုင်းများတွင် အစုအဖွဲ့အသီးသီးက လာရောက် စုဆုံဆွေးနွေး ဖြစ်လာစေမည့် ခွင်များကိုလည်း မက်လုံးပေး ဖန်တီးထားရမည်။ အစုအဖွဲ့တစ်ခုနှင့် တစ်ခုကြား ရွေးကောက်ပွဲဆိုင်ရာ အပေးအယူများ အပြန်အလှန်ညှိနှိုင်းနိုင်ကြရန် ထိုစားပွဲဝိုင်းများ လိုအပ်မည်ဖြစ်သလို မူဝါဒပိုင်းတွင်လည်း ထိရောက်သော အပြောင်းအလဲများ ပေါ်ထွက်လာနိုင်ရန် ထိုဝိုင်းများက အရေးကြီးပေသည်။

(၃) မဲဆန္ဒရှင်အများစုကြီးက ထောက်ခံကြမည့်ကိစ္စများတွင် တူသည်ကို ပေါင်းလုပ်ကြရန် အလေးကဲသည့် ပါတီများ၊ မတူသူများကို စုစည်းပေးနိုင်သည့် ပါတီများ၊ တိုင်းရင်းသား လူမျိုးစုံပါဝင်သော ပါတီများ၊ သို့မဟုတ် တိုင်းရင်းသားညွန့်ပေါင်းပါတီများ ဖြစ်သောကြောင့် တိုင်းရင်းသားလူမျိုးများတစ်ခု၏ အကျိုးထက်မျှော်သော မူဝါဒများကို ချပြနိုင်ကြမည်။ မလွယ်ကူသော်လည်း ပြဿနာတစ်ခုကိုဖြေရှင်းရန် ဖြစ်နိုင်ခြေ မူအမျိုးမျိုးကို မဲဆန္ဒရှင်များထံ တင်ပြနိုင်လာကြမည်။ (Reilly, 2001: 11).

Consociationalism မော်ဒယ်မှာကဲ့သို့ပင် centripetal သမားတို့ကလည်း လူမျိုးရေး ပဋိပက္ခများကိုဖြေရှင်းရာတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်များ အစရှိသည့် အင်စတီကျူးရှင်းများကို အလားအလာ အရှိဆုံးနေရာများဟု မြင်ကြသည်။ သို့ရာတွင် နိုင်ငံရေးအင်စတီကျူးရှင်းများ ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး သူတို့ဘက်ကပေးသော အကြံဉာဏ်များကမူ consociationalists များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။ ဥပမာ- တိုင်းရင်းသားလူမျိုးစု အသီးသီးတို့ကို ကိုယ်စားပြုခွင့်မျှတစွာ ပါဝင်စေရန်ပြုလုပ်ထားသည့် အစီအမံများအစား centripetalists တို့က တိုင်းရင်းသားလူမျိုးစုံ ပါဝင်အောင် ဖွဲ့စည်းထားသော ပါတီများဖြစ်နေစေရန် အားပေးသည်။

လူမျိုးစု တစ်ခုအာဏာရရန် နောက်လူမျိုးစုတစ်ခုက မဲပေးမှာသာ တရားဝင်ဖြစ်နိုင်သည်ဟူသော မူမျိုးကို ပေါ်ပေါက်စေသည်။ consociation သမားများက အချိုးကျကိုယ်စားပြုသော ‌ရွေးကောက်ပွဲများ ကျင်းပရန် ဦးစားပေးချိန်တွင် centripetal သမားများက  မတူသောအုပ်စုများအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စုစည်းမိသော ညွန့်ပေါင်း အင်အားစုဖြစ်လာခြင်းကို အားပေးသည်။ consociation သမားများကဲ့သို့ လူမျိုးစုကိုယ်စားပြုမှုကို ကိုယ်စားလှယ်အရေအတွက်ဖြင့် အတိအကျ သတ်မှတ်ထားသော ပုံစံမရှိပေ။

သို့ဖြစ်ရာ Horowitz (1985, 1991) က ဤမူမှာ ပူးပေါင်းဆောင်ရွက်ခြင်းကို သက်သေပြနိုင်သည့် နိုင်ငံရေးမဟာဗျူဟာရှိသူကို ရွေးကောက်ပွဲတွင် အနိုင်ရစေခြင်းက ဤမူ၏ လိုရင်းဖြစ်ပြီး ကစားပွဲကိုလည်း ထိုပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ချီးမြှောက်သည့် စည်းကမ်းဖြင့် ကစားစေသည်။

ရာထူးကိုရယူမည့် ရွေးကောက်ခံများကြား အပြိုင်အဆိုင်ဖြစ်နေကြခြင်းမျိုးထက် အချင်းချင်းမဟာမိတ် ဖွဲ့ညှိနှိုင်းကာ အပေးအယူပြုခြင်းအားဖြင့်  ငါ့လူမျိုးမှ ငါ့လူမျိုးဟု ခြားထားသည့် စည်းကိုကျော်နိုင်ပြီး အပြန်အလှန် အထောက်အပံ့ပေးကြရမှ အောင်မြင်သည့်ရွေးကောက်ပွဲစနစ်ကို ပြဌာန်းသည်။

ထိုကဲ့သို့မတူသောအုပ်စုများကြား အချင်းချင်း ဖေးမကူညီကြသော အမူအကျင့်များမရှိကြရာမှနေ ကျယ်ပြန့်ထွန်း ကားလာအောင် မည်သို့အားပေးကြမည်နည်း။

နည်းလမ်းတစ်ခုမှာ အင်စတီကျူးရှင်းများကို စည်းမျဉ်းစည်းကမ်းဖြင့်နေရာချကြရာတွင် ထိုကဲ့သို့ တိုင်းရင်းသား လူမျိုးစု အချင်းချင်းအပေးအယူ ညှိနှိုင်းမှုများလုပ်ကြမှာသာ အထမြောက် နိုင်မည်ဟူသော အခြေခံဖြင့် တည်ဆောက် ကြရမည်။ သို့မှသာ တစ်စုကိုတစ်စု၊ တစ်ပါတီနှင့်တစ်ပါတီ၊ အမတ်တစ်ဦးနှင့် တစ်ဦး အပြန်အလှန် နေရာပေးကြမည်ဖြစ်ပြီး အပြိုင်အဆိုင်လျော့ပါးလာကြမည်။

Centripetalists သမားတို့သည် နိုင်ငံရေးသမားများအနေနှင့် မိမိတို့ လူမျိုးစု အပြင်ဘက်မှရနိုင်သည့် မဲများကို လျစ်လျူမရှုနိုင်အောင် ရွေးကောက်ပွဲအစီအမံများကို ရေးဆွဲကြဖို့ တိုက်တွန်းသည်။ တိုင်းရင်းသားပါတီတစ်ခုသည် မိမိလူမျိုးများထံမှ မဲဖြင့်မလုံလောက် အခြား လူမျိုးစုများကပါ မိမိကို မဲထည့်မှသာ ရွေးကောက်ပွဲကို အနိုင်ရမည်ဖြစ်ရာ အခြားတိုင်းရင်းသားလူထုကိုပါ မျက်နှာချိုသွေးပြီး တည့်အောင် ပေါင်းကြရပေသည်။ ဥပမာ- ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို နေရာချရာတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် အမတ်တစ်ဦးသည် နိုင်ငံအနှံ့အပြားရှိ အရပ်ရပ်မှ ထောက်ခံမဲများကို ရရှိမှသာ ရွေးကောက်ခံအဖြစ် အောင်မြင်နိုင်မည်ဖြစ်ရာ မိမိပြည်နယ်တွင် လူကြိုက်များပြီး မိမိပြည်နယ် အကျိုးကိုသာ မျှော်ကိုးခြင်းအားဖြင့် အောင်နိုင်မည်မဟုတ်ပေ။

ဒေသန္တရမဲသည် သူ့အတွက်မလုံလောက်။ ဥပမာ နိုင်ဂျီးရီးယားနှင့် အင်ဒိုနီးရှားတို့တွင် သမ္မတအဖြစ်အရွေးခံသူသည် တိုင်းလုံး နယ်လုံးအနှံ့ မဲအရေအတွက် အောက်ထစ်မည်မျှရရှိမှသာ သမ္မတဖြစ်ခွင့်ရှိသည်ဟူသော စည်းကမ်းကို သတ်မှတ်ထားသည့် စနစ်မျိုးဖြစ်သည်။

ပိုပြီးပြတ်သားသော centripetal မူမျိုးတွင်မူ ရွေးကောက်ပွဲစနစ်ဒီဇိုင်းက မဲထည့်သူများကို မိမိ အနှစ်သက်ဆုံး အမတ်များကို တစ်ဦးထက်ပို၍ အစဉ်အတိုင်းဖော်ပြခွင့်ပေးသောစနစ်၊ သို့မဟုတ်လျှင် အမတ် (က) မဟုတ်လျှင် အမတ် (ခ)ဟု တစ်ဦးထက်ပို၍ ရွေးချယ်စေသောနစ်မျိုးဖြစ်သည်။

အချို့စနစ်များတွင် ပထမအကြိုက်ဆုံးအပြင် ဒုတိယအကြိုက်ဆုံးနှင့် တတိယအကြိုက်ဆုံး အစရှိသည်ဖြင့် ရွေးချယ်ခွင့်ပေးထားပါသည်။ မည်သည့်ပါတီက အမတ်ကမျှ   ၎င်းတို့ရထားသော မဲအရေအတွက်ဖြင့် လူများစုထောက်ခံမှုကို ပြနိုင်လောက်အောင် မဲပြတ်သည့် အနေအထားဖြင့် အနိုင်မရသောအခါမျိုးတွင်၊ အခြားဒုတိယ၊ တတိယနေရာက အမတ်များကို မိမိတို့ထက်မဲရထားသူများထံ အစဉ်အတိုင်း ‌ပေါင်းထည့် ပေးကြရသည်။ 

သို့ဖြစ်ရာ ဤစနစ်တွင် ပါတီအသီးသီးက ရွေးကောက်ခံအမတ်များသည် မိမိတို့ပြိုင်ဖက်များ အချင်းချင်း တစ်ဦးကို တစ်ဦးမှီခိုနေကြရသည့် သဘောရှိသည်။ သို့မှသာ ပါတီတစ်ခုသည် မဲအပြတ် မနိုင်ခဲ့သည်ရှိသော် နံပတ်နှစ် ဦးစားပေးနေရာမှ မဲများကို ရထားသောပါတီကို အားကိုးအားထား ပြုနိုင်ပြီး မိမိအား ပြည်သူ့ ထောက်ခံမှုကို များနိုင်သမျှ များအောင် စုယူ နိုင်မည်ဖြစ်သည်။ လူမျိုးစု အကွဲအပြဲများရှိနေသော ပစိဖိတ်ကျွန်းနိုင်ငံ ပါပူဝါနယူးဂီနီနှင့်ဖီဂျီတို့တွင်လည်း ဤစနစ်မျိုးကိုကျင့်သုံးခဲ့ရာ ဖီဂျီထက်စာလျှင် ပါပူဝါနယူးဂီနီတွင် ပို၍ အောင်မြင်သည်ဟု ဆိုနိုင်သည်။  (Reilly, 2007).

တိုင်းရင်းသားလူမျိုးစု အုပ်စုကွဲများရှိနေကြခြင်းကြောင့် ဖြစ်နိုင်သော ပဋိပက္ခကိုလျှော့ချလေ့ရှိကြသည့် နောက်ထပ်နည်းလမ်းများတွင် နိုင်ငံရေးပါတီများကို တစ်နိုင်ငံလုံး တစ်ပြည်နယ်လုံး အတိုင်းအတာ ရွေးကောက်ပွဲများတွင် လူမျိုးစုအုပ်စုအသီးသီးမှ အမတ်များပါဝင်ရမည်ဟူ၍ ပြဌာန်း ပေးလိုက်ခြင်းကလည်း တစ်နည်းဖြစ်သည်။

ထိုသို့ ပါဝင်စေခြင်းအားဖြင့် မဲဆန္ဒရှင်များအနေနှင့် ရွေးချယ်ချိန်တွင် သူ့လူမျိုး ငါ့လူမျိုးဖြစ်သောကြောင့်ဟု အမတ်ကို စဉ်းစားစရာမလိုတော့ဘဲ အခြားသော မူဝါဒကိစ္စများအပေါ်တွင်သာ မူတည်ပြီး စဉ်းစားရွေးချယ် ကြရပေမည်။

စင်ကာပူ၊ နီပေါနှင့် ဂျဘူတီကဲ့သို့ လူမျိုးကွဲများသော နိုင်ငံများတွင် ရွေးကောက်ပွဲဥပဒေအရ ပါတီများသည် လူမျိုးစုများစွာ နေထိုင်သော မဲဆန္ဒနယ်မြေများတွင် အရွေးခံလျှင် ရွေးကောက်ပွဲစနစ်၏ သတ်မှတ်ထားချက်အရ မိမိလူမျိုးများ၏ ထောက်ခံမဲသာမဟုတ်ဘဲ အခြားလူမျိုးများ၏ ထောက်ခံမဲကို ရမှာသာ အောင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ စနစ်ကို အသက်သွင်းရာတွင် တွေ့ရတတ်သည်မှာ အမှန်တကယ် ပီပီပြင်ပြင် လူမျိုးစုနိုင်ငံရေးကို ဦးစားမပေးသောစနစ်မျိုး မပေါ်ပေါက်လာတတ်ဘဲ ဟန်ပြမဲနိုင်ရုံ လုပ်တတ်ကြသည့် အဖြစ်မျိုး တွင်ကျယ်လာတတ်ခြင်းပင်။ ဥပမာ စင်ကာပူကိုကြည့်လျှင် ပါတီများနှင့် မဟာမိတ်များတို့အနေနှင့် “အုပ်စုလိုက် ကိုယ်စားပြုနိုင်သော မဲဆန္ဒနယ်မြေများ”ဟု သတ်မှတ် ထားသော အမတ်တစ်ဦးထက် ပိုပြီးရွေးချယ်ရသော နေရာများရှိသည်။

ထိုအစီအမံအရ ပါတီက အမတ်လောင်းကို ရွေးချယ်သောအခါ ထိုအရပ်တွင်နေထိုင်သူ လူမျိုးကို ကိုယ်စားပြုသည့် အမတ်လောင်းတစ်ဦးကို ထည့်သွင်းရွေးချယ်ခြင်းဖြင့် လူနည်းစုလူမျိုးများ ကိုယ်စားပြုခွင့်ရစေသည်။ အနိမ့်ဆုံးအောက်ထစ် ပါတီတစ်ခုကို လူမျိုးတူများအပြင် လူမျိုးကွဲများကလည်း ထောက်ခံစေသည့် အစီအမံကို ထားရှိသည်။

သို့ရာတွင် စင်ကာပူကိုကြည့်လျှင် ပြည်သူ့ပါတီ လှုပ်ရှားမှုပါတီကသာလျှင် ကာလကြာမြင့်စွာ တစ်ပါတီတည်း ကြီးစိုးခဲ့သည်ကိုတွေ့နိုင်သည်။ (Tan, 2005). အထက်ပါ စနစ်နှစ်ခုတွင် ရွေးကောက်ပွဲကျင်းပပုံစနစ်များက ကွဲပြားကြသည်ကိုတွေ့မြင်ရမည်။

လူမျိုးစုပဋိပက္ခများကို ဖြေရှင်းနိုင်အောင် ကြိုးစားကြရာတွင်လည်း consociational နှင့် centripetal မူများကြား အရေးကြီးသည့် ကွဲပြားချက်တစ်ခုမှာ နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း၍ ဖြစ်သည်။

အထက်တွင်ဖော်ပြထားသည့်အတိုင်း consociational သမားများက တိုင်းရင်းသား လူမျိုးစုပါတီများနှင့် လူမျိုးစု အထိုင်ပေါ်မှ အခြေပြုစဉ်းစားသော ရွေးကောက်ပွဲကို အကြံပေးတတ်ကြသည်။  ဆုပ်ဆုပ်ကိုင်ကိုင် စုစည်းမိသော လူမျိုးစုမှန်သမျှ ကိုယ်စားပြုခွင့်ရကြပြီး ပါတီနိုင်ငံရေး အခင်းအကျင်းတွင် လူမျိုးစုပါတီများ အလုံအလောက် ကိုယ်စားပြုခွင့်ရှိရေးကို အလေးပေးသော စနစ်ဖြစ်သည်။ centripetalists တို့ကမူ သူတို့နှင့်မတူ။

လူမျိုးစုပဋိပက္ခကို ဖြေရှင်းရာတွင် ခပ်ကြမ်းကြမ်းနည်းကို သုံးလိုသူများဖြစ်သည်။ ထို့ကြောင့် လူမျိုးတစ်စုကို ဦး‌ဆောင်သောပါတီထက် လူမျိုးပေါင်းစုံ ပါဝင်ခြင်းရှိကိုရှိရမည့် ပါတီများနှင့် မဟာမိတ် ညွန့်ပေါင်းဖွဲ့စည်းမှုများကို အဆိုပြုကြသည်။

ထိုကဲ့သို့ ပါတီနိုင်ငံရေးစနစ် ဖွဲ့စည်းပုံ၏ ရလဒ်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ လူမျိုးစု အကွဲအပြဲများ နိုင်ငံရေးပြဿနာအဖြစ် ဆက်လက်တည်ရှိနေခြင်း တစစလျော့နည်းလာမည်ဟု ဆိုကြသည်။  လူမျိုးစုတစ်ခုနှင့် တစ်ခုကြား စည်းခြားထားခြင်းများ လျော့ပါးလာပြီး နိုင်ငံရေးအရ လူမျိုးမတူလည်း ထောက်ခံကြသည့်ဓလေ့ပေါ်ထွန်းလာနိုင်မည်ဟု မျှော်လင့်ကြသည်။

မတူသည့် နိုင်ငံရေးအင်အားစုများ စုစည်းပေးနိုင်သည့် ဗဟိုကျကျစဉ်းစားသော နိုင်ငံရေးပါတီများနှင့် ပါတီစုံညွန့်ပေါင်းအစိုးရများ ပေါ်ထွက်လာစေရန် အားထုတ်ကြသည့်အခါ အုပ်စုတစ်စု သို့မဟုတ် လူမျိုးစုတစ်စုက ကိုယ်သန်ရာ ပါတီဖွဲ့၍ ခွဲထွက်ခြင်းမျိုးကို အားမပေးပေ။ သို့ရာတွင် ထိုသို့ လူမျိုးစု သို့မဟုတ် အုပ်စုတစ်ခုက မိမိတို့ဘာသာ သီးသန့်ပါတီထောင်ကြခြင်းသည် ပဋိပက္ခ ပြွမ်းသော အာရှနှင့် လက်တင်အမေရိကနိုင်ငံ များတွင်တွေ့ရလေ့ရှိသော ပေါ်လွင်သည့် စရိုက်လက္ခဏာတစ်ရပ်ပင်။ (Reilly and Nordlund ,2008).

ဤတွင် တံတားထိုးပေါင်းကူးပေးတတ်သည့် နိုင်ငံရေးပါတီများကို မွေးမြူသောစနစ်နှင့် သွေးစည်းခြင်းကို ဖြစ်စေသော နိုင်ငံရေးပါတီများအား ပျိုးထောင်သောစနစ်တို့ ကွာခြားပုံကို သတိပြုရန် အရေးကြီးပေသည်။ အစဉ်အလာအားဖြင့် နိုင်ငံရေးသိပ္ပံပညာရှင်တို့က အနိုင်ရသူ အကုန်ယူ ရွေးကောက်ပွဲစနစ်ကို တည်ထောင် ခြင်းအားဖြင့် အချိန်ကြာလာသည်နှင့်အမျှ တစ်နေ့တွင် နှစ်ပါတီတည်း ယှဉ်ပြိုင်စရာရှိတော့သော နိုင်ငံရေးစနစ် ဖြစ်ထွန်းလာမည်ဟု ယုံကြည်ကြသည်။ (Duverger, 1954). ထိုကဲ့သို့ နှစ်ပါတီသာကျန်ရစ်အောင် ကျုံ့သွားစေနိုင်သည့် လက်သည်မှာ တစ်ခုက စက်ယန္တရားဆန်ဆန် ဖွဲ့စည်းပုံကြောင့် ကျုံ့ဝင်သွားခြင်းဖြစ်ပြီး နောက်တစ်ခုကမူ မဲဆန္ဒရှင်များ၏ စိတ်ပိုင်းဆိုင်ရာကို နိုင်ငံရေးစနစ်က လွှမ်းမိုးသွားသောကြောင့်ဖြစ်သည်။

အမတ်တစ်ဦးကိုသာ အောင်နိုင်သူအဖြစ် ရွေးချယ်မည့် မဲဆန္ဒနယ်မြေများတွင်  အနိုင်ရသူအကုန်ယူဟူသော စနစ်ဖြင့် အမတ်များကို ရွေးကောက်တင်မြှောက်ကြသောအခါတွင် နောက်ဆုံးပြိုင်ပွဲသဘောအရ ကိုယ်စားပြုသူ အမတ်များစွာနိုင်သော ပါတီကသာ ကျန်ရစ်ပြီး ကိုယ်စားလှယ်များစွာ အရွေးကောက်မခံရသော ပါတီများ၊ မဲဆန္ဒနယ်ကျဲကျဲတွင်သာ အရွေးခံရသော ပါတီများက ပြုတ်ကျန်ခဲ့သည်။

ထိုသို့အနိုင်ရသူ အကုန်ယူစနစ်ကြီးတွင် အနိုင်ရနေကျ ပါတီကြီးများကသာ အရွေးခံရရန် သေချာနေသောအခါ မဲဆန္ဒရှင်တို့၏ စိတ်ထဲတွင်လည်း မျက်နှာသာပေးလိုသည့် ပါတီက ပြောင်းလာသည်။ မိမိတို့၏ မဲများကို မနိုင်မည့် ပါတီကိုပေးခြင်းအားဖြင့် ဖြုန်းတီးမည့်အစား ပါတီကြီးများအနက် အာဏာရနိုင်ခြေရှိသည့် ပါတီတစ်ခုခုကို ရွေးလိုက်မည်ဟုသာ ပိုင်းဖြတ်ကြတော့မည်။

ထိုသို့ ဖွဲ့စည်းပုံကြောင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်ဖြစ်စေ ဖြစ်လာသောအကျိုးဆက်များသည် ပါတီကြီးများကိုသာ အမြတ်ထွက်စေပြီး ပါတီအသေးများကို ခွဲခြားဆက်ဆံသည့် သဘောဖြစ်သည်။ သီအိုရီအရ ထိုသို့ ခွဲခြားဆက်ဆံခြင်းက အဆုံးအဖြတ်ပိုမိုပြတ်သားသော၊ စွမ်းဆောင်ရည်ထက်မြက်သော အစိုးရများကို ဖြစ်စေပြီး တည်ငြိမ်သော၊ တာဝန်ခံသော၊ မည်သည့်ခြေလှမ်းလှမ်းမည်ကို မှန်းနိုင်သော လူများစုကြီး၏ ‌ထောက်ခံမှုရထားသော အုပ်ချုပ်ရေးမျိုး အဖတ်တင်မည်ဟု ယူဆကြသည်။

နောက်ထပ်သီအိုရီတစ်ခုကမူ ဂိမ်းသီအိုရီ၏ အခြေခံရှုထောင့်မှလာသည်။ ထိုဘက်က အမြင်၌မူ ပါတီကြီးနှစ်ခု အပြိုင်အဆိုင်ရွေးကောက်ခံပြီး တိုင်းပြည်ကိုအုပ်ချုပ်နိုင်အောင်ကြိုးစားကြရာတွင် မည်သည့်ပါတီကမျှ အစွန်းအသီးသီးတွင် ရပ်နေကြမည်မဟုတ်ဘဲ လူအများစုကြိုက်သည့် ဗဟိုတွင်သာ လာစုဖို့ ဖြစ်နိုင်ခြေများမည်ဟု ယူဆကြခြင်းဖြစ်သည်။

ထိုအခါ အယူဝါဒအရ အကွဲအပြဲများနှင့် အခြားသောပုံစံများဖြင့် အစွန်းတစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်ကြခြင်းများကိုလျှော့ ချနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ Anthony Downs ၏ ထင်ရှားသော အဆိုတစ်ခုမှာ ပဒေသာစုံလူ့အဖွဲ့အစည်းကို မျှော်ရည်သော ရွေးကောက်ပွဲစည်းကမ်းများနှင့် လက်ဝဲလက်ယာ နှစ်ဖက်စလုံးနှင့် ပွတ်တိုက်စရာမလိုသော ပေါ်လစီအခင်းအကျင်းမျိုးရှိလာသည့်အခါ  ရွေးကောက်ခံ ပါတီကြီးနှစ်ခုအဖို့ အာရုံစိုက်စရာလိုသည်မှာ  လက်ဝဲဘက်တွင်လည်းမရှိ လက်ယာဘက်တွင် ရပ်မနေသော အလယ်က လူအုပ်ကြီး၏ မဲကို အရယူနိုင်ရန်သာဖြစ်သည်ဟု ဆိုသည်။ (Downs, 1957). နှစ်ပါတီစနစ်တွင် အောင်မြင်မှုအကြီးမားဆုံးရသောပါတီများသည် ထို အလယ်လူအုပ်ကြီး၏ မဲကိုသိမ်းကျုံးယူနိုင်သောသူများ ဖြစ်ကြသည်။

အကျိုးဆက်မှာ ထိုရွေးကောက်ပွဲစနစ်မျိုးတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များသည် လက်ဝဲလက်ယာ အစွန်းကင်းသော မူဝါဒများကို  တင်သွင်းကြရပြီး လူအများစုကြီး၏ အကျိုးစီးပွားနှင့် သက်ဆိုင်သော မူများကို ပစ်မှတ်ထားကြရသည်။ မည်သည့်အစွန်းကိုမျှ ကပ်မသွားသော ပြုပြင်ရေးမူများကို ချဉ်းကပ်ကြရသည်။ ဥပမာ- စီးပွားရေးတိုးတက်စေရန်၊ အစိုးရဗြူရိုကရေစီယန္တရားများ ထက်မြက်ထိရောက် လာစေရန်၊ အစိုးရများ သန့်ရှင်းစေရန် အစရှိသည်ဖြင့် တောင်းဆိုမှုများပြုကြသည်။

သို့ဖြစ်ရာ သီအိုရီအရ အနိုင်ရသူ အကုန်ယူရွေးကောက်ပွဲ စနစ်နှင့် နှစ်ပါတီတည်းယှဉ်ပြိုင်စရာရှိသောစနစ်များတွင် မူဝါဒအရ ဗဟိုချက်တွင် ရွေးပြီး လူကြိုက်အများဆုံးဖြစ်ရလေအောင် ဗဟိုချက်ကပ်ပြီးနေသော centripetal နိုင်ငံရေး မျိုးထွက်ပေါ်လာရန် အကြောင်းရှိပေသည်။ သို့ရာတွင် ထိုနိုင်ငံရေးမျိုးကို ဝေဖန်ကြသူများကမူ  တကယ့် လက်တွေ့တွင် ဤစနစ်မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ပါဟု ဆိုသည်။ နိုင်ငံများစွာကို နှိုင်းယှဉ်သုံးသပ်ကြသည့် သုတေသနများစွာတွင် တွေ့ရှိသည်မှာ ဒီမိုကရေစီ အမြစ်တွယ်ခိုင်မာနေသော နေရာများတွင်လည်းကောင်း၊ အသစ်ပေါ်လာသော ဒီမိုကရေစီနိုင်ငံများတွင်လည်းကောင်း၊ လူများစုပါတီက  အနိုင်ရသူအကုန်ယူစနစ် ကျင့်သုံးခြင်းကြောင့် လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးအကွဲအပြဲများ အားနည်းလာကြသည်ဆိုခြင်းမှာ  မဆိုင်လှဟူသော ကိစ္စပင်ဖြစ်သည်။ (Norris, 2004).

Consociational မူ နှင့်  centripetal မူတို့ သဘောထားကွဲကြသည့် နောက်ကိစ္စတစ်ခုမှာ ညွန့်ပေါင်းအစိုးရကို မည်သို့ဖွဲ့ကြမည်နည်းဟူသော အရေးပင်။ Consociational တို့က အဆိုပြုသည်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို တတ်နိုင်သမျှ ပါသင့်ပါထိုက်သည့် လူမျိုးစုများပါဝင်‌ရေးဖြစ်ပြီး centripetalists တို့ကမူ မူလကပင် လူမျိုးစုံလင်စွာ ဖွဲ့ထားသောပါတီများ၏ မဟာမိတ်ဖြစ်မှုက မဖြစ်မနေ လိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။

ပဋိပက္ခများ အေးငြိမ်းနိုင်သည့် အခြေအနေမှာ အုပ်စုအသီးသီးက ကိုယ်စားပြုမှုမစုံလင်သရွေ့ မဖြစ်နိုင်။ နှစ်ဖက်စလုံး၏ အဆိုတွင် အုပ်ချုပ်ရေးအာဏာကို တိုင်းရင်းသားလူမျိုးစုများ မျှဝေသုံးစွဲနိုင်ကြရေးကို အလေးထားကြသော်လည်း ထိုသို့ လူမျိုးစု ကိုယ်စားပြုမှု အကျယ်အပြန့်ဖြစ်ရလေအောင် မည်သို့ဆောင်ရွက်ရမည်ဟူသော နည်းလမ်းများတွင် သဘောကွဲကြသည်။

ယခင်ဆိုခဲ့ပါအတိုင်း consociationalists ဘက်ကို အားပေးသူများက မဟာညွန့်ပေါင်းကြီးများဖွဲ့ကာ အထင်ကရပါတီများ ( တိုင်းရင်းသားပါတီကြီးများ) ကက်ဘိနက်ထဲတွင် ပါဝင်နိုင်အောင် ပြုခြင်းကို တိုက်တွန်းကြသည်။

လိုအပ်လျှင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲတွင် မဖြစ်မနေ အာဏာခွဲဝေပေးရေးမူများကို သတ်မှတ်ကာ ပြဌာန်းထားရန် နှိုးဆော်ကြသည်။ Centripetalists တို့ကမူ ထိုသူတို့နှင့်မတူဘဲ မဟာညွန့်ပေါင်းများသည် နိုင်ငံရေးသဘောတရားအရ ပဋိပက္ခဖြေရှင်းရေးအတွက် အကျိုးသက်ရောက်မှု မနက်ရှိုင်းလှဟုထင်သည်။ အားတက်သရော ညှိကြနှိုင်းကြ ညွန့်ပေါင်းဖွဲ့ကြရန် မဖြစ်နိုင်လျှင် ထိုပြည်ထောင်စုမူမှာ ကွဲကြပြဲကြရုံသာရှိသည်။

အငြင်းအခုံဖြစ်ကြရာတွင် တစ်ဖက်နှင့်တစ်ဖက် အကျိုးစီးပွားထိခိုက်စရာများရှိလာနိုင်က မူလရည်ရွယ်ထားသလို မဟုတ်ဘဲ ပိုစိတ်ဝမ်းကွဲနိုင်သည်ကို သတိချပ်ရပေမည်။ မူလဖွဲ့စည်းကတည်းကပင် လူမျိုးစုံပါဝင်သော ပါတီများဖြစ်ရန် စည်းကမ်းသတ်မှတ်ပေးခြင်း သို့မဟုတ် ဘုံရပ်တည်ချက် ဘုံအကျိုးစီးပွားတူသော ပါတီများ ညွန့်ပေါင်းဖွဲ့ကြခြင်းနှင့် ရွေးကောက်ခံတစ်ဦး အနှေင့် လူမျိုးတူ အုပ်စုတူချင်းက မဲသာမဟုတ် လူမျိုးခြား၊ အုပ်စုခြားများက ထောက်ခံမသောမဲရရှိရမည်ဟု သတ်မှတ်ထားခြင်း အစရှိသည်တို့ဖြင့် ရန်သူပြိုင်ဖက်အဖြစ် စောင်နေနိုင်ကြသော အုပ်စုများကြားတွင် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းများ ဖြစ်ထွန်းစေကြောင်း ဆန်းစစ်ထားကြပါသည်။

Horowitz ဆိုသူကမူ ရွေးကောက်ပွဲမတိုင်ခင်ကပင် ပါတီများအချင်းချင်း အပေးအယူညှိနှိုင်းက သဘောတူညီချက် ရယူထားခြင်း၊ သို့မဟုတ် တိုင်းရင်းသားလူမျိုးစုံပါသော ညွန့်ပေါင်းဖွဲ့ထားခြင်းအားဖြင့်  ညွန့်ပေါင်းအစိုးရတစ်ရပ် ထူထောင်နိုင်ရန် အလားအလာကောင်းကိုဖြစ်စေပြီး အဆင်ပြေသလို ရွေးကောက်ပွဲရလဒ် ထွက်ခါမှ ကြုံရာဆွဲဖွဲ့စည်းရသော တကယ်အစည်းမကပ်သော ညွန့်ပေါင်းမျိုးကို ရှောင်ရှားနိုင်ကြမည်ဟု ဆိုသည်။ (Horowitz, 1991: 365).

အချင်းချင်း တင်းမာတတ်သော ကိစ္စနောက်တစ်ခုမှာ ခေါင်းဆောင်နေရာကို မည်သူယူမည်နည်း ဟူသောအချက်ဖြစ်သည်။ Consociationalism တွင် ဉာဏ်ရှိသော လူမျိုးစုနိုင်ငံရေးအီလစ်များက မိမိတို့လူမျိုး၏ အကျိုးစီးပွားမယုတ်လျော့စေရေးကို အားထုတ်သည့်နေရာမှာတင်မရပ်ဘဲ ပြိုင်ဘက်များအပေါ်တွင်လည်း အသာတကြည်စဉ်းစားပေးပြီး လူမျိုးအုပ်စုများကြား တင်းမာနေသော လူ့အဖွဲ့အစည်းမျိုးကို ရင်ကြားစေ့ရန် ဦးဆောင်မှုပေးနိုင်ကြလိမ့်မည်ဟု ထင်သည်။ Centripetalism သမားတို့ကမူ ထိုသို့ မယူဆပေ။

လူမျိုးစုနိုင်ငံရေးအီလစ်များ၏ ပျော့ပျောင်းစွာ စဉ်းစားပေးမည့် အရေးကို အယုံအကြည်မရှိလှ။ တကယ့်လက်တွေ့ လေ့လာချက်များအရ တွေ့ရသည်မှာ ထိုသူတို့သည် လူ့အဖွဲ့အစည်းကို ကိုယ့်ဘက်ကိုယ် တင်းတင်းမာမာယက်တတ်သောလူ့အဖွဲ့အစည်းဖြစ်လာအောင် အဓိက မီးထိုးပေးနိုင်သူများဖြစ်နေကြပြီး ဒီမိုကရေစီစနစ် ပျက်ပြားခြင်း၏ လက်သည်များလည်း ဖြစ်နေတတ်ခြင်းပင်။ (Bermeo,2003). Centripetalists,  လူအများဆုံးသဘောတူနိုင်သော အထိုင်ပေါ်တွင် မူဝါဒကို နေရာချသူတို့ကမူ ရွေးကောက်ပွဲအတွင်း မဲဆွယ်ပုံမဲဆွယ်နည်းများကို ဂရုစိုက်ကြရသည့်အပြင် ၎င်းတို့ကိုထောက်ခံသူတို့ကလည်း လူမျိုးစုအုပ်စု အချင်းချင်းကြား အကွဲအပြဲဖြစ်‌အောင် သွေးထိုးမြှောက်ပင့်ခြင်းများဘက်သို့ မရောက်သွားအောင်နေရသည်။

မဲဆန္ဒရှင်များသည် ၎င်းတို့ထောက်ခံသော နိုင်ငံရေးခေါင်းဆောင်က ဦးဆောင်သည့်နောက်သို့ လိုက်တတ်ကြသည်ဖြစ်ရာ မိမိပါတီကမဲများများရပြီး အခြား တိုင်းရင်းသားအုပ်စုများ၏ ထောက်ခံမဲကိုပါ သိမ်းကျုံးယူနိုင်အောင် ခေါင်းဆောင်က တိုက်တွန်းသည့်အတိုင်း စိတ်ဝမ်းမကွဲအောင် ပြုမူပြောဆိုကြရသည်။

မလေးရှားနိုင်ငံတွင် လူမျိုးစုံပါဝင်သော ညွန့်ပေါင်းအစိုးရဖွဲ့ရာတွင် မလေးလူမျိုး ရွေးကောက်ခံအမတ်များကို မလေးမဟုတ်သည့် တရုတ်များက မည်မျှအားကြိုးမာန်တက် ထောက်ခံကြသည်ကို ထည့်သွင်းစဉ်းစားခြင်းမှာ ထိုမော်ဒယ်ဖြင့် မဲများအောင် လိုက်စုရခြင်းတစ်မျိုးဟု နမူနာပြကြလေ့ရှိသည်။ (Horowitz, 1991).

Consociational သမားများ၏ အကြံပြုချက်များတွင် လူမျိုးစုအငယ်များတွင်လည်း ဗီတိုသုံးခွင့်ရှိသည်ဟု ခွင့်ပြုထားရာ ၎င်းတို့၏ ရှုမြင်ပုံမှာ  အချင်းချင်းရန်ဖြစ်နိုင်သည့် ကိစ္စမျိုးကို  ကာကွယ်ထိန်းချုပ်သည့်နည်းဖြင့် ထိန်းရန် စဉ်းစားသည့်မူဖြစ်သည်။

Centripetal မော်ဒယ်မှ ချဉ်းကပ်ပုံတွင်မူ မိမိကိုထောက်ခံသူများကို နောက်ထပ်လူမျိုးစု အသိုင်းအဝိုင်းများတွင်ပါ ရရှိရလေအောင် ဒုတိယအဆင့် စဉ်းစားနေရသဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မဖြစ်ဖြစ်ရလေအောင် ခြူယူသည့် သဘောဖြစ်သည်။ ဤအချက်၌ centripetalသည် consociational မော်ဒယ်နှင့်မတူ လုံးဝကွဲထွက်သွား လေသည်။

၎င်းတို့နှစ်ခုမတူသော နောက်ဆုံးတစ်ချက်မှာ နယ်မြေခွဲခြားစိတ်ဖြာမှုဖြစ်သည်။ ဖယ်ဒရယ်စနစ်အရ ဗဟိုမှ အာဏာခွဲဝေ ပေးမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်စီမံနိုင်ခွင့်ရရှိနိုင်မှုတို့ကို ဆောင်ရွက်ကြရာတွင် စဉ်းစားပုံ ကွဲကြ သည်။ လူမျိုးစုပဋိပက္ခများကို အပြိုင်ဖြေရှင်းရန် အဆိုပြုကြရာတွင် consociational သမားတို့က စဉ်းစားပုံမှာ လူမျိုးစု‌အခြေပြု ဖယ်ဒရယ်စနစ်ကိုသာလျှင် အသင့်တော်ဆုံးဟု ယူဆလိုက်ခြင်းဖြစ်သည်။

Centripetalism သမားတို့ကမူ ရွေးကောက်ခံတစ်ဦးကို အခြားတိုင်းရင်းသားတို့ကပါ မဲပေးပါမှ အတည်ဖြစ်မည်ဟု ပြဌာန်းပေးခြင်းဖြင့် တစ်ပြည်ထောင်စနစ် သို့မဟုတ် တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးကို အခြေမပြုသော ဖယ်ဒရယ်ဖြစ်မှုက ပို၍ သင့်လျော်မည်ဟု တင်ပြကြသူများဖြစ်သည်။ သို့ဖြစ်ရာ centripetal သမားတို့သည် လူမျိုးစုံကထောက်ခံမှုရခြင်းကို အလေးကဲကာ ပဋိပက္ခကို ဖြေရှင်းလိုသည်။

သို့ရာတွင် လက်တွေ့ မြေပြင်ကွင်းဆင်းကြည့်သောအခါ ရရှိလာသော အထောက်အထားများအရမူ Consociationalism နှင့် centripetalism မော်ဒယ်နှစ်ခုစလုံးတွင် အတူတူပင် ဝေဖန်စရာများစွာ ရှိနေပြန်သည်။ centripetal ‌မော်ဒယ်ကို ကမ္ဘာမှာ လက်တွေ့ကျင့်သုံးမှု ရှားပါးရသည့် အကြောင်းရင်းတစ်ခုမှာ လူမျိုးစုမတူသူများ၏ ထောက်ခံမဲကို မရရအောင် ယူရသည့် စနစ်မှာ တကယ့်လက်တွေ့ ကျင့်သုံးကြသည်ကို များများစားစားမတွေ့ရခြင်း၊ ပါတီများမည်မျှ အတိုင်းအတာဖြင့် ဖြန့်ကျက်တည်ရှိရမည်ဆိုသောအချက် နှင့် အခြားသော စည်းကမ်းချက်များ သည်လည်း လက်တွေ့ကျင်သုံးရန် ခက်ခဲသည်ဟု သုံးသပ်ပြကြသည်။

ထိုမော်ဒယ်နှစ်ခုစလုံးတွင် တွေ့နိုင်သည်မှာ လူမျိုးစုအပေါ် အခြေခံပြီးစိတ်ဝမ်းကွဲကြသော လူ့အဖွဲ့အစည်းများတွင် လူမျိုးစုံပါဝင်သည့် နိုင်ငံရေးပါတီများတည်ထောင်ရန် ရေရှည်တည်တံ့ရန်မလွယ်သလို ညွန့်ပေါင်းအစိုးရများဖွဲ့နိုင်ရန်လည်း ခက်ခဲပေသည်။

ထင်သလိုမဖြစ်တတ်သော လက်တွေ့လောကမှ နိုင်ငံရေးတွင် မိမိအကြိုက်ဆုံး အမတ်အပြင်အခြားပါတီမှ အမတ်များကို နောက်တစ်ဆင့်တွင် ထားစဉ်းစားကြခြင်းဓလေ့မှာလည်း မလွယ်ပေ။ (Lijphart, 2004). အတွေးအခေါ်ပိုင်း သက်သက်သာဆိုလျှင် centripetalism ကို ဝေဖန်ကြသူများက လူအများကြိုက်ဘက်သို့ အလေးသာသွားတတ်သော အလေ့အထရှိသည့် စနစ်ဟု ဆိုကြသည်။

တစ်ဖက်က ကြည့်လျှင် Centripetalism ၏ အနှစ်သာရမှာ ပါတီများ၊ ပါတီ၏ မူဝါဒရေးရာ အယူအဆများ၊ ထောက်ခံမဲများပေါ် လူထု၏ ထောက်ခံမှု ရသထက်ရအောင် စုစည်းမိနိုင်လျှင် ပြေလည်မည်ဆိုသောအချက်အပေါ် အားပြုထားသည်။ ဥပမာ- G. Bingham Powell ၏ အဆိုအရ နိုင်ငံရေးပါတီများအနေနှင့် မိမိတို့ လိုရာပန်းတိုင် အသီးသီးရှိကြသော်လည်း အချင်းချင်းစုစည်းပြီး အပေးအယူညှိနှိုင်းနိုင်ကြခြင်းက လူများစုကြီး လိုလားသော ဒီမိုကရေစီ မျှော်မှန်းချက်များကို ဖော်ဆောင်ရေးတွင် အဓိက ကျပေသည်။ လူများစုဦးစားပေး နိုင်ငံရေးတွင် ထိုသို့ ပါတီအသီးသီးက လိုလားချက်များ ပေါင်းဆုံစုစည်းနိုင်ခြင်း ကြီးမားလေလေ နှစ်ခြိုက်စရာဖြစ်လေလေပင်။

တစ်ဖက်တွင် အချိုးကျ ကိုယ်စားပြုခွင့်ရှိသော  နိုင်ငံရေးတွင်မူ နိုင်ငံ‌ရေးအင်အားစုအသီးသီး၏ လိုလားချက်များ လွှတ်တော်ထဲသို့ ညီတူမျှတူ ရောက်ရှိနိုင်ရေးကို ဦးစားပေးသည်(Powell, 2000)။ ထို့အကြောင်းကြောင့်ပင် centripetalism ဘက်က နိုင်ငံရေးအင်စတီကျူးရှင်းများ ဖွဲ့စည်းရာတွင် လူများစုနိုင်ငံရေးကို အသားပေးရခြင်းက ထိုစနစ်၏ အဓိက အားနည်းချက်ဖြစ်သည်ဟု ဝေဖန်သူတို့က ဆိုလေသည်။

သို့သော်လည်း လူများစု နိုင်ငံရေးကိုဖြစ်စေသည့် centripetal နည်းလမ်းများကို ကြည့်လျှင် နိုင်ငံ‌ရေးလိုလားချက်များ ပေါင်းစည်းညှိယူကြခြင်း၊ နိုင်ငံရေးပါတီများကြား တံတားထိုး ပေါင်းကူးကြခြင်းများကို နိုင်ငံရေးအင်စတီကျူးရှင်းများဖွံ့ဖြိုးမှုနောက်ကွယ်မှ နိုင်ငံရေးဘောဂဗေဒ ပညာရပ်ဆိုင်ရာ စာပေများတွင် များစွာအသားပေးထောက်ခံရေးသားကြပေသည်။ ဥပမာ-နိုင်ငံရေးလိုလားချက်အသီးသီး စုစည်းကြခြင်းကို ဖြစ်ထွန်းစေသည့် နိုင်ငံရေးအင်စတီကျူးရှင်းများ၊ လူများစု ဒီမိုကရေစီကို ဦးတည်စေသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် မဲဆန္ဒရှင်တိုင်း ပစ်မလွဲကြိုက်နိုင်မည့် နိုင်ငံရေးပါတီများစုစည်းနှင့် ညွန့်ပေါင်းဖွဲ့ကြခြင်းများ အစရှိသည်တို့ကို ပညာရပ်စာပေများတွင် တွေ့နိုင်ပေသည်။

ထိုစာပေများတွင် အဖန်ဖန်တွေ့ရသော ဖွံ့ဖြိုးကြီးထွားရန် ကြိုးစားနေသည့်နိုင်ငံများအတွက် အကြံပြုချက် များတွင် ဒီမိုကရေစီနိုင်ငံသစ်များအနေနှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး ရရှိစေမည့် ညှိနှိုင်းမှုများသို့ ဦးတည်ရန် တိုက်တွန်း ကြလေ့ရှိသည်။

သို့ဖြစ်ရာ Stephan Haggard ပါဝင်ရေးသားသော စာအုပ်များစွာတွင် စီးပွားရေး ဖွံ့ဖြိုးအောင်လုပ်နေရချိန်တွင် ပါတီကြီးနှစ်ပါတီကိုသာယှဉ်ရွေးရသောစနစ် သို့မဟုတ် ညွန့်ပေါင်း စနစ်များက ဒီမိုကရေစီမြဲမြံစေရေးအတွက် အကောင်းဆုံး နည်းလမ်းများဖြစ်သည်ဟု တောက်လျှောက် အဆိုပြုခဲ့သည်။

ပါတီများစွာပြန့်ကျဲပြီး ယှဉ်ပြိုင်နေကြခြင်း သို့မဟုတ်  ဘက်ကွဲပြီး စောင်နေကြသော ပါတီစနစ်ရှိခြင်းတို့က စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် အကြီးဆုံးသော အဟန့်အတားများ ဖြစ်သည်ဟုဆိုကြသည်။ (Haggard and Webb, 1992; Haggard and Kaufman, 1995).

ထိုထောက်ခံချက်များအရ နိုင်ငံရေးသိပ္ပံ၏ ဘာသာရပ်ခွဲအသီးသီးတွင်လည်း နိုင်ငံတစ်ခု ဒီမိုကရေစီပြုမှု ဖြစ်စဉ် တွင် ဗဟိုယိမ်းစေသော  နိုင်ငံရေးအပေးအယူများဖြင့် လိုလားချက်အသီးသီးကို ချပြညှိနှိုင်းကာ အင်အားစု များ ကြား စုစည်းမဟာမိတ်ဖွဲ့ကြသည့် စနစ်ကို ပိုပြီးတိမ်းညွတ် လာကြကြောင်းတွေ့မြင်ရပေသည်။  

————————–

Benjamin Reilly သည် East-West Center adjunct Senior Fellow တစ်ဦးဖြစ်သည်။ အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး သုတေသနပြုသူတစ်ယောက် ဖြစ်သည်။ ထို့ပြင် the University of Western Australia, Dean of the Sir Walter Murdoch School တို့တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Centre for Democratic Institutions in the Crawford School of Public Policy at the Australian National University တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဩစတေးလျအစိုးရ၊ ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း လုပ်ကိုင်လျက်ရှိသည်။ ထို့ပြင် သူသည် democratization, comparative politics and political development ဘာသာရပ်တွေကို အထူးပြုပြီး လေ့လာနေသော နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၂၀ ကျော်အား ရွေးကောက်ပွဲစနစ်နှင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများကို အကြံပေးလျက်ရှိသည်။