• Today is: Monday, April 15, 2024

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် | အပိုင်း (၄)

ဒီမိုကရေစီပုံစံမျိုးစုံအတွက် ဖွဲ့စည်းပုံအင်စတီကျူးရှင်းဒီဇိုင်း- သီးခြားပြည်ထောင်များ စုစည်းထားသောစနစ် (consociationalism)၊ centripetalism စနစ်နှင့် ဘုံဝါဒ communalism စနစ်များကို နှိုင်းယှဉ်ခြင်း | အပိုင်း (၄)

ရေးသူ | ဘင်ဂျမင် ရေလီ (Benjamin Reilly)

Crawford School of Economics and Government, The Australian National University,

(Reilly, 2006).

COMMUNALISM

လူမျိုးစုအဖုံဖုံကွဲနေကြသော နိုင်ငံများတွင် ဒီမိုကရေစီကိုတည်ငြိမ်အောင်တည်ဆောက်ရန် တတိယနည်းလမ်းမှာ တည်ရှိနေသော လူမျိုးစုအဖုံဖုံ၏ ဖြစ်တည်မှု အမျိုးမျိုးကို သိသိသာသာပင် ကွဲပြားမှုကို ကွဲပြားမှုအတိုင်း လက်ခံကာ နိုင်ငံရေးအင်စတီးကျူးရှင်းများကို တည်ဆောက်ခြင်း ဖြစ်သည်။

လူမျိုးစု အထိုင်ပေါ်မှ စဉ်းစားကာ နိုင်ငံရေးစနစ်တစ်ခုလုံးကို ထို လူမျိုးအစွဲအပေါ် အခြေခံကာ ဖွဲ့စည်းသည်။ ဥပမာ- တိုင်းရင်းသားများ၏ ကိုယ်စားပြုမှုနှင့် ပါဝင်ရမည့် အချိုးအစားများကို ရွေးကောက်ပွဲစနစ်ထဲတွင် အတိအကျပြဌာန်းထားပြီး ဘုံလိုက်နာရသည့် စည်းကမ်းချက်များဖြစ်လာသည်။

ထိုလမ်းစဉ်တွင် လွှတ်တော်အတွင်းမှ အမတ်နေရာများကို လူမျိုးစုတည်ရှိပုံအတိုင်းအချိုးအစား ခွဲဝေသတ်မှတ်ပေးထားပြီး အချို့နေရာများတွင် နိုင်ငံရေးစနစ် တစ်ခုစလုံးကို ထိုလူမျိုးစု အချိုးများက ခြုံလွှမ်းထားသည်။ သို့ရာတွင် ထိုအချိုးကျ ခွဲဝေသတ်မျတ်ထားသောနေရာများမှာ consociationalists သမားများအဆိုပြုသည့် တိုင်းရင်းသားကိုယ်စားပြုမှုကို စောင့်ရှောက်နိုင်ရန် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် ပေးထားသည့် မော်ဒယ်နှင့်လည်း မတူပေ။ (Lijphart, 1995).

ထင်ရှားသော ဥပမာတစ်ခုမှာ လက်ဘနွန်၏ ဘာသာ‌ရေးနှင့် နိုင်ငံရေးရောနှောနေသော  confessional စနစ်ဖြစ်သည်။ ထိုစနစ်တွင် လွှတ်တော်အမတ်နေရာများကို ခရစ်ယာန်နှင့်မွတ်ဆလင်တို့  မည်ရွေ့ မည်မျှ နေရာရရှိကြရမည်ဟု အတိအကျပြဌာန်းထားသည်။ တချိန်တည်းတွင် သမ္မတနှင့် ဝန်ကြီးချုပ်အစရှိသည့် အစိုးရရာထူးဌာနန္တရများကိုလည်း ထို ဘာသာရေးအုပ်စု ကွဲနေကြပုံကို အခြေခံကာ ပြဌာန်းထားသည်။

ဆိုင်ပရပ်၏ ယခင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၁၉၆၀) နှင့် ဖီဂျီ၏ အခြေခံဥပဒေဟောင်းများ (၁၉၇၀၊ ၁၉၉၇) တို့သည်လည်း လွှတ်တော်အမတ်နေရာများကို ထိုသို့ လူမျိုးစုကွဲပြားမှုအပေါ် အခြေခံကာ တစ်စုလျှင် မည်ရွေ့ မည်မျှ ခွဲဝေပေးရမည်ဟု ထည့်သွင်း ပြဌာန်းထားသည်။ ဘာရန်ဒီ၏ ၂၀၀၅ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လည်း ကက်ဘိနက်၊ လွှတ်တော်နှင့် အစိုးရဝန်ကြီးဌာနရာထူးများကို ဟူတူနှင့်တွတ်စီတို့အား ၆၀:၄၀ အချိုးအစားဖြင့် ပေးရမည်ဟု ကြိုတင်သတ်မှတ်ထားသည်။ အထက်ကပေးခဲ့သည့်နမူနာများကို ကြည့်လျှင် ထိုနိုင်ငံများ၏ နိုင်ငံရေးစနစ် ဖွဲ့စည်းပုံမှာ လူမျိုးစု ပဋိပက္ခဖြေရှင်းနိုင်ရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီအတွက်လည်း‌ကောင်း အကျိုးမများလှသည်ကို တွေ့ရမည်။

ထိုသို့ကွဲပြားသော လူအစုအဖွဲ့များအတိုင်း နိုင်ငံရေးကိုဖွဲ့စည်းသည့် အခြားပုံစံအချို့တွင် ထိုသို့ လူမျိုးစုအမတ်များကို ပေးရန် သတ်မှတ်ထားသည့်နေရာများကို မဲဆန္ဒရှင်များက အခြားအမတ်နေရာများကို ရွေးချယ်သကဲ့သို့ပင် ဆန္ဒမဲဖြင့်ရွေးချယ်ကြရသည်။ ဥပမာ- အိန္ဒိယတွင် ပါလီမန်အမတ် နေရာငါးပုံတစ်ပုံမှာ လူမျိုးစုဒေသများနှင့် ဇာတ်စနစ်အရ ပိုင်းခြားထားသောအလွှာများအတွက် သတ်မှတ်ထားသည်။

သို့ရာတွင် အိန္ဒိယ၌ ထို နေရာများအတွက် သီးသန့် မဲဆန္ဒရှင် လူစာရင်းဟူ၍ သတ်မှတ်မထားပေ။ နယူးဇီလန် နှင့် ထိုင်ဝမ်တို့တွင်လည်း ဌာနေတိုင်းရင်းသားမဲဆန္ဒရှင်များအတွက် ရွေးချယ်စရာ အမတ်နေရာ အနည်းငယ်ကို ထားပေးရသည်။ တစ်ချိန်တည်းတွင် ဗဟိုဥရောပနှင့် အရှေ့ဥရောပ ဒီမိုကရေစီနိုင်ငံများစွာ၌လည်း လူနည်းစုများအတွက် အမတ်နေရာအချို့ ဖယ်ထားပေးသော စနစ်ရှိပေသည်။

ယခုဆိုခဲ့သောနိုင်ငံများကို Communal စနစ်များဟု မဆိုနိုင်ပေ။ အချို့မှာ လူနည်းစုတိုင်းရင်းသားများအတွက် တမင်ခွဲဝေပေးထားသော အမတ်နေရာများကဲ့သို့ communalism ၏ အစိတ်အပိုင်းများပါဝင်ကြသော်လည်း Communal စနစ်ဟု မဆိုနိုင်ကြပေ။ (Reilly and Nordlund, 2008).

အချို့ကမ္ဘာ့နေရာများတွင် အကြွင်းအကျန်များရှိနေသေးသော်လည်း communalism ကို လူကြိုက်များခြင်းမှာ တဖြည်းဖြည်းပျောက်ကွယ်လာလေပြီ။ သူခေတ်ကောင်းစဉ်အချိန်မှာ ကိုလိုနီခေတ် အစောပိုင်းကာလများ ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံရေးအစီအမံများကို မိတ်ဆက်ပေးခဲ့ကြသူတို့မှာ အာရှနှင့် အာဖရိကကို ရောက်လာသော ဗြိတိသျှ ကိုလိုနီစနစ်ကြီးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်ခဲ့ကြသည်။

Communalism ကို မကြိုက်သူများအဖို့ အကြောင်းပြချက်များစွာ ရှိပေသည်။ အဓိက အကြောင်းရင်းတစ်ခုမှာ  communal မူ အရ ဖွဲ့စည်းပုံများတွင် အစုအဖွဲ့တစ်ခု၏ အိုင်ဒန်တတီလူမျိုးစုစရိုက်လက္ခဏာသိမှတ်ပုံကို ဖွင့်ဆို သတ်မှတ်ရပြီး အုပ်စုဖြစ်တည်မှုကို တရားဝင် အသိအမှတ်ပြုရသည်။

ဤနေရာတွင် တွေဝေစရာကိစ္စမှ ထိုသို့ လူမျိုးစု သိမှတ်ပုံအစွဲကို နိုင်ငံရေးစနစ်ထဲ ဆွဲသွင်းလိုက်သောအခါ လူမျိုးစုနိုင်ငံရေးမှာ မပျောက်‌တော့ဘဲ ငါ့လူမျိုး သူ့လူမျိုးဟူသော အစွဲဖြင့် ရွေးကောက်တင်မြှောက်ခြင်းဓလေ့မှာ မြဲမြံသထက် မြဲမြံလာလျှက် ပဋိပက္ခမှာ မလျော့ပါးနိုင်တော့ပေ။

ထိုအချက်ကြောင့်ပင်လျှင် communal စနစ်များကို ပြုလွယ်ပြင်လွယ် မရှိသောစနစ်အဖြစ် သိကြသည်။ တကယ့် နိုင်ငံရေးစနစ်ထဲ လက်တွေ့ ကျင့်သုံးချိန်တွင် အချိန်နှင့်အမျှ လူမျိုးစုများ တကယ့်ဘဝတွင် ဖြစ်ပျက်နေသော အပြောင်းအလဲများကို စနစ်က လိုက်ပါထင်ဟပ်နိုင်ခြင်းမရှိသည့် အဖြစ်သို့ ရောက်တတ်သည်။ လူမျိုးစုများအတွက် မူလက သတ်မှတ်ထားချက်များက အမြဲတမ်းတသမတ်တည်းရှိနေရာ ပြင်ပကမ္ဘာတွင် ပြောင်းလဲလာသည့် အတိုင်း ထို အရာများက လိုက်မပြောင်းပေ။ နောက်ဆုံးအချက်မှာ communalism ၏ သဘာဝကိုက နိုင်ငံရေးအစေးကပ်မှုကို အားပေးသည့် ဖွဲ့စည်းပုံမဟုတ်ပေ။

အထူးသဖြင့် တိုင်းရင်းသားပါတီများသည် အမျိုးသားအဆင့်ပါတီများအဖြစ် တည်ထောင်လာနိုင်ရန် လွန်စွာခက်ခဲပြီး ၎င်းတို့လူမျိုးစုကိုသာ ကိုယ်စားပြုသည့် ပါတီစနစ်အောက်တွင်သာ မပြောင်းလဲဘဲ ရှိနေကြသည်။ (Reilly and Reynolds, 1999).

နိုင်ငံရေးစနစ်ကိုကျယ်ပြန့်စွာတည်ဆောက်ကြရေး ဆွေးနွေးမှုများတွင်မူ communal သမားများ၏ ချဉ်းကပ်ပုံမှာ centripetalism သမားများနှင့် များစွာ ခြားနားလှပြီး consociationalism များနှင့်  ကိုက်ပုံရပါသည်။ ဥပမာ- Communal ကိုယ့်လူမျိုးကိုယ် အခြေခံထားသော ပါတီများနှင့် ရွေးကောက်ပွဲစနစ်များတွင် မိမိတို့လူမျိုးမှာ မည်သူတို့ ဖြစ်သည်ဟူ၍ ခွဲခြား သတ်မှတ်ခြင်းများ ပါဝင်သောကြောင့် centripetalism လက္ခဏာများနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်နေတတ်သည်။

အကျိုးဆက်မှာ လူမျိုးစုနိုင်ငံရေးကို များစွာ မြဲမြံစေပြီး လူမျိုးစုကြားတင်းမာမှုကိုလည်း ချေဖျက်၍ မလွယ်ကူတော့ပေ။ သို့ရာတွင် လက်ဘနွန်နှင့် ဖီဂျီတို့ကဲ့သို့ နိုင်ငံများတွင်မူ Communal စနစ်ရော centripetal စနစ်ရောကို ရောနှောပြီး ကိုယ်စားပြုကြသည်ကိုတွေ့ရသည်။

ထိုနိုင်ငံများတွင် ရွေးကောက်ပွဲစနစ်က လူမျိုးစုအလိုက် ကိုယ်စားပြုနိုင်ရာ အမတ်နေရာကို အချိုးကျ သတ်မှတ်ထားသည်နှင့် တပြိုင်နက်တည်းတွင် ထိုအမတ်နေရာများကိုရွေးချယ်သောအခါ မိမိလူမျိုး တစ်ခုထဲမှ မဲကိုသာမဟုတ် အခြား လူမျိုးများ၏ ထောက်ခံမဲကိုပါ ရရှိမှ ပွဲပြတ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ communalism သည် consociationalism နှင့်ပို၍ နီးစပ်သည်မှာ အမှန်ပင် ဖြစ်သည်။ communal စနစ်ထဲတွင် အမတ်နေရာများကို လူမျိုးစုအချိုးများအတိုင်းနေရာချထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းသည်လည်းကောင်း၊အခြားရွေးကောက်ပွဲအစီအမံများသည်လည်းကောင်း လူမျိုးစု အိုင်ဒန်တတီကို သိသိသာသာ အသိအမှတ်ပြုထားရာ Lijphart က ဆိုခဲ့သလိုပဲ ထိုအစီအမံများသည် consociational မော်ဒယ်နှင့် များစွာကိုက်ညီနေပေသည်။ (Lijphart, 1985).

————————–

Benjamin Reilly သည် East-West Center adjunct Senior Fellow တစ်ဦးဖြစ်သည်။ အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး သုတေသနပြုသူတစ်ယောက် ဖြစ်သည်။ ထို့ပြင် the University of Western Australia, Dean of the Sir Walter Murdoch School တို့တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Centre for Democratic Institutions in the Crawford School of Public Policy at the Australian National University တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဩစတေးလျအစိုးရ၊ ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း လုပ်ကိုင်လျက်ရှိသည်။ ထို့ပြင် သူသည် democratization, comparative politics and political development ဘာသာရပ်တွေကို အထူးပြုပြီး လေ့လာနေသော နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၂၀ ကျော်အား ရွေးကောက်ပွဲစနစ်နှင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများကို အကြံပေးလျက်ရှိသည်။