• Today is: Tuesday, April 16, 2024

ထိုင်းနိုင်ငံအတွင်းရှိ ထောက်ပံ့ရေးအဖွဲ့အစည်းတွေက NUG ရဲ့ စီစစ်ထိန်းကြောင်းမှုတွေ အမှန်တကယ်လိုနေပြီလား

ထိုင်းနိုင်ငံအတွင်းရှိ ထောက်ပံ့ရေးအဖွဲ့အစည်းတွေက NUG ရဲ့ စီစစ်ထိန်းကြောင်းမှုတွေ အမှန်တကယ်လိုနေပြီလား

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၁၄ ရက်၊ ၂၀၂၃။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာမသိမ်းမှီကာလကတည်းက ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အများဆုံး လာရောက် အလုပ်လုပ်ကိုင်ရာ ဌာနေ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးချိန်မှာလည်း မြန်မာနိုင်ငံသားအများစုရှိတဲ့ ထိုင်းနိုင်ငံရှိ UN သံရုံးနှင့် မြန်မာသံရုံးတို့မှာ ဆန္ဒပြလူထုလှုပ်ရှားမှုများကို အားကောင်းကောင်းနဲ့ ပြုလုပ်ခဲ့ကြသလို လူထုလှုပ်ရှားမှုတဖြည်းဖြည်းငြိမ်သက်လာချိန်ကာလမှာလည်း CDM များကို ကူညီထောက်ပံ့နိုင်ဖို့ ထောက်ပံ့ရေးအဖွဲ့အစည်းတွေအနေနဲ့ စတင်ဖွဲ့စည်းလာကြတယ်။ လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်မှာလည်း ထောက်ပို့တပ်သား၊ တပ်ဖွဲ့ လို့ အမည်ခံတဲ့ အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲလာခဲ့ပြန်တယ်။

တော်လှန်ရေး အရှိန်ကောင်းစဥ်ကာလတွေမှာ သာမန်အဖွဲ့အစည်းတစ်ခုရဲ့ အပတ်စဥ်အလှူခံရငွေမှာ ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ဘတ် ဝန်းကျင်ရရှိပြီး လူသိပိုများတဲ့ အဖွဲ့ အစည်းတွေရဲ့ အပတ်စဥ် အလှူခံရငွေမှာ ဘတ် ၅၀,၀၀၀ မှ ဘတ် ၁၀၀,၀၀၀ အထိကို ရရှိတာတွေလည်း ရှိပါတယ်။

အလှူငွေ ရရှိတာ များလာသည်နဲ့ အမျှ အဖွဲ့အစည်းတချို့မှာလည်း အလှူငွေအလွဲသုံးစားလုပ်မှုတွေနဲ့ ပတ်သက်ပြီး နာမည်ပျက်လာတွေ သတင်းဆိုးထွက်လာတာတွေက ထောက်ပံ့ရေးအဖွဲ့တွေကို လူထုယုံကြည်မှု တဖြည်းဖြည်းကျဆင်းလာစေတယ်။

ထိုင်းနိုင်ငံမှာ မြန်မာစျေးလို့ လူသိများကြတဲ့ ဘန်ဘောစျေးမှာဆိုရင် တနင်္ဂနွေနေ့အပတ်တိုင်းမှာ PDF နဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့ဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ အလှူခံနေတဲ့ အဖွဲ့အစည်းတော်တော်များများရှိပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေထဲက တစ်ဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူမှာ မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ်ကိုမှ လုပ်ကိုင်ခြင်းမရှိပဲ အလှူခံရငွေများနဲ့ ဆိုင်ခန်းများဝယ်ယူထားခြင်း၊ ရွှေငွေနဲ့ လူသုံးကုန်ပစ္စည်းများဝယ်ယူထားခြင်းနှင့် ဖုန်းအရောင်းဆိုင်များဖွင့်လှစ်ခြင်းကြောင့် ပြည်သူများရဲ့ ဝေဖန်မှုများစွာကို ခံနေရပါတယ်။ ဒါ့အပြင် သူ့အဖွဲ့မှာရှိတဲ့ အလှူခံသူများကိုလည်း ပြည်သူများရဲ့ အလှူငွေများနဲ့ နေ့စားခများ ပေး၍ အလှူခံခိုင်းခြင်းများလည်း ရှိခဲ့တယ်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအများစုနေထိုင်ရာဖြစ်သော မဟာချိုင်မြို့နယ်ရှိ PDF ထောက်ပံ့ရေးအတွက်ဆိုပြီး အလှူခံတဲ့ အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်မှာလည်း အလှူငွေများကို အလွဲသုံးစား လုပ်နေကြောင်း သိရပါတယ်။ ထို့အဖွဲ့ရဲ့ ခေါင်းဆောင်မှာ အလှူငွေစာရင်းထဲမှာ အဖွဲ့က စုပေါင်းအလှူခံတာကိုပဲ ချပြပြီး သူ့ရဲ့ ဘဏ်ကဒ်ထဲကို ဝင်နေတဲ့ အလှူငွေများကို စာရင်း တင်ပြခြင်းမရှိခဲ့ပါဘူး။ ထို့အပြင် အလှူငွေများကို အသုံးပြုပြီး ပြည့်တန်ဆာများနဲ့ ပျော်ပါးလိုက်စားမှုများ ပြုလုပ်ခြင်းများရှိခဲ့ပါတယ်။ တစ်ခါ အပျော်အပါးလိုက်စားရင် ဘတ် ၁၅,၀၀၀ အထိ အသုံးပြုကြောင်းလည်း သိရပါတယ်။ သူ့အဖွဲ့ထဲဝင်လာတဲ့အမျိုးသမီးတွေကိုလည်း လိင်အမြတ်ထုတ်မှုများလည်း ပြုလုပ်ခဲ့ပြန်တယ်။

ထိုင်းနိုင်ငံ Nakhon Pathom ခရိုင်၊ Om Noi မြို့နယ်အတွင်းရှိ ဘုန်းကြီးတစ်ပါးမှာလည်း စစ်ဘေးရှောင်နဲ့ PDF များအတွက်ဆိုပြီး အလှူခံခြင်း၊ တရားပွဲများပြုလုပ်ခြင်းများ ရှိသော်လည်း ထိထိရောက်ရောက် ပြန်လည်ထောက်ပံ့ခြင်းမရှိကြောင်း ပြည်သူတွေထဲမှ သိရပါတယ်။
ထိုဘုန်းကြီးမှာ စစ်ကောင်စီရဲ့ ပညာသင်ဆုနဲ့ အိန္ဒိယတွင် Ph.D ကိုရယူခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်းနိုင်ငံအတွင်း လူသိများတဲ့ “အမြဲတောက်ပသော မျိုးဆက်သစ်လူငယ်များပြည်သူ့အကျိုးဆောင်အဖွဲ့” ရဲ့ခေါင်းဆောင်ဖြစ်သူ မောင်ချစ်ကိုနဲ့ “ထိုင်းရောက် မြန်မာ့တော်ဝင်နဂါးတပ်တော် ထောက်ပို့အဖွဲ့” တို့မှာလည်း ပြဿနာ အနည်းငယ်ဖြစ်ပွားခဲ့ပါသေးတယ်။ မောင်ချစ်ကိုက PDF ၅ဦးအတွက် အလှူခံပြီး ထိုအလှူငွေ ဘတ် ၁၁၀,၀၀၀ ကို ဗိုလ်နဂါး တပ်ဖွဲ့ထံလှူဒါန်းလိုက်ပြီးဖြစ်ကြောင်း facebook ပေါ်တွင် ရေးသားဖော်ပြလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ဗိုလ်နဂါးထောက်ပို့တပ်ဖွဲ့မှလည်း အလှူငွေမရရှိခဲ့ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

ထိုကဲ့သို့ တော်လှန်ရေးထောက်ပံ့အဖွဲ့တွေမှာ ငွေကြေးအလွဲသုံးစားလုပ်ခြင်းများနှင့် အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြား ပဋိပက္ခဖြစ်ပွားလာခြင်းကြောင့် ထိုင်းနိုင်ငံရှိ တော်လှန်ရေး ထောက်ပံ့သူများက ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းခြင်းနဲ့ ကြုံတွေ့နေရပါတယ်။

ကိုယ်ကျိုးရှာပြီး လုပ်နေတာမဟုတ်ဘဲ အမှန်တကယ် ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ တိကျမှန်ကန်ပြီး ပြည်သူတွေရဲ့ ချွေးနှဲစာ အလှူငွေတွေကို အလေလွင့်မဖြစ်ဖို့ NUG အနေနဲ့ စိစစ်ထိန်းကြောင်းမှုတွေ ပြုလုပ်ပေးဖို့ကို တောင်းဆိုနေကြပါတယ်။

ထိုင်းမှာရှိတဲ့ တော်လှန်ရေးထောက်ပံ့အဖွဲ့တွေကို NUG ကနေ လစဥ်စာရင်းစစ်တာ၊ NUG ကနေ တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ထားပေးတာ၊ ဒီလိုလုပ်ပေးနိုင်ဖို့ NUG မှာ ဘယ်လိုအခက်အခဲတွေရှိနေလဲလို့ တောင်းဆိုသူများကလည်း မေးခွန်းထုတ်ထားကြပါတယ်။

လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံအတွင်းမှာ တော်လှန်ရေး ထောက်ပံ့အဖွဲ့အစည်းများမှာ ၁၀၀ ကျော်ခန့်ရှိနေပြီး ဒီအဖွဲ့အစည်းတွေကို NUG အနေနဲ့ တကယ် စီစစ်ထိန်းကြောင့်ဖို့ NUG မှာ အစီအစဥ် ရှိ မရှိကိုတော့ အတိအကျမသိရသေးပါ။

Nyan Lynn Pyae