• Today is: Sunday, April 14, 2024

အမျိုးသားလက္ခဏာတည်ဆောက်ခြင်းနှင့် မြန်မာနိုင်ငံ

အမျိုးသားလက္ခဏာတည်ဆောက်ခြင်းနှင့် မြန်မာနိုင်ငံ

  • ကံ့ကော်ဖြူ | အတွေးအမြင်

မြန်မာ့နိုင်ငံရေးအကြောင်း ပြောမည်ဆိုလျှင် နိုင်ငံတော်တည်ဆောက်ခြင်း (State Building) တစ်ခုတည်းကို အားစိုက်ပြောလို့ မရပါဘူး။ အမျိုးသားလက္ခဏာတည်ဆောက်ခြင်း (Nation Building) ကို ကြေလည်စွာ အရင်ပြောဖို့ လိုပါတယ်။ လက်ရှိမှာ အမျိုသားဖြစ်တည်ခြင်း၊ အမျိုးသားဖြစ်တည်မှုအပေါ် အခြေခံသော နိုင်ငံတော်တည်ဆောက်ခြင်းကို စပြီးပြောကြားနေကြပေမဲ့ ပြတ်ပြတ်သားသား အသံမထွက်ကြသေးပါဘူး။

၁။ နိုင်ငံတော်တည်ဆောက်ခြင်း (State building )ဆိုတာ ဘာလဲ။

နိုင်ငံတော်တည်ဆောက်ခြင်း (State building )ဆိုတာ နိုင်ငံတစ်ခုကို ဖွဲ့စည်းတည်ထောင်ချိန်မှ စပြီး နိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ အကြောင်းအချင်းအရာများကို ဖွဲ့စည်းတည်ဆောက်ခြင်း ဖြစ်ပါတယ်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် တရားဥပဒေစိုးမိုးရေးကို အခြေပြုပြီး အေးချမ်းသာယာပြီး လုံခြုံစိတ်ချရသော လူမှုအသိုင်းအဝိုင်းတစ်ခုအတွင်း လူ့အခွင့်အရေးကို အာမခံပေးနိုင်ရန် နိုင်ငံတော်တွင် တာဝန်ရှိသည်။

ထင်သာမြင်သာလုပ်ရပ်တွေအနေနဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့ (၁) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲအတည်ပြုခြင်း၊ (၂) အစိုးရယန္တရားတည်ထောင်ခြင်း ( ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး)၊ (၃) ပြည်သူ့ဝန်ဆောင်မှုများ ပေးခြင်း (ပညာရေး၊ ကျန်းမာရေး စသည်)၊ (၄) စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ (၅) အမျိုးသားရေး ပြည်လည်သင့်မြတ်အောင် ဆောင်ရွက်ခြင်း စသည်တို့ ဖြစ်ပါတယ်။

၂။ အမျိုးသားလက္ခဏာတည်ဆောက်ခြင်းဆိုတာ ဘာလဲ။

အမျိုးသားရေးလက္ခဏာတည်ဆောက်ခြင်းဟု ဆိုရာမှာ ပြည်သူနှင့် နိုင်ငံတော်အကြား ရုပ်၊ နာမ်နှစ်ပါး ပေါင်းစပ်ချိတ်ဆက်မှုရှိရေးကို ဦးတည်ပါတယ်။ “ငါ့နိုင်ငံတော်၊ ငါ့ပြည်၊ ငါ့မြေ” စသည့် စိတ်ခံစားချက်ရှိခြင်းသည် အမျိုးသားရေးလက္ခဏာသရုပ်သကန်ကို ဖော်ပြပါတယ်။ နိုင်ငံတော်အများများသည် တမျိုးသားတည်း ဖြစ်တည်ခြင်း (One Nation, One State) ကို အခြေခံတည်ဆောက်လေ့ရှိပါတယ်။ အချို့နိုင်ငံတွေမှာတော့ အမျိုးသားတစ်ရပ်ထက်ပိုပြီး ရှိနေခြင်းအပေါ် အသိအမှတ်ပြုလက်ခံပြီး ဗဟုအမျိုးသားနိုင်ငံ (Multinational State- Building) ကို တည်ဆောက်ကြပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် ပြည်သူများသည် တစ်မျိုးသားတည်းမဟုတ်ပေ။ အမျိုးသားများ စုစည်းနေထိုင်သော ပြည်ထောင်စုတစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေဖြင့် ဗဟုအမျိုးသားနိုင်ငံတော်ကို တည်ဆောက်ရန် လိုအပ်ပါတယ်။ အမျိုးသားလူထုတစ်ခုဟု ဆိုရာတွင် လူမျိုးစုများ၊ ဌာနေတိုင်းရင်းသားများ ပါဝင်ကြပါတယ်။ ထိုအမျိုးသားပြည်နယ်များတွင် သက်ဆိုင်ရာ အမျိုးသားလူထုအပြင် အခြားတိုင်းရင်းသားလူမျိုးစုများလည်း အတူနေထိုင်ကြပါတယ်။

ဥပမာအားဖြင့် – ကရင်နီပြည်တွင် နေထိုင်ကြသော ကယန်းအမျိုးသားတွင်   ကယား၊ ကယန်း၊ ကယော/ပရဲ့၊ ကော်ယော (မနူး၊ မနော)၊ ဂေဘား၊ ပကူးနှင့် ယင်းတလဲ လူမျိုးစုတို့ ပါဝင်ကြပါတယ်။ ဒါ့ပြင် ကရင်နီဒေသတွင် ဗမာ၊ မွန်၊ ရှမ်း စတဲ့အခြား လူမျိုးစုများလည်း နေထိုင်ကြပါတယ်။ ထိုအခြင်းအရာသည် ကရင်နီအမျိုးသားတည်ဆောက်မှုပင်ဖြစ်သည်။ မွန်ပြည်အတွင်းရှိ မွန်အမျိုးသားတွင် မွန်လူမျိုးစု တစ်ခုသာရှိပေမဲ့ ကရင်၊ ပအိုဝ်း၊ ဗမာ၊ နှင့် အခြားလူမျိုးစု၊ တိုင်းရင်သားများလည်း အတူနေထိုင်ကြပါတယ်။ အနှစ်ချုပ်အားဖြစ်ပြောရမယ်ဆိုလျှင် အမျိုးသားဖြစ်တည်မှုအပေါ် အခြေခံထားသော ဖက်ဒရယ်ယူနစ်တစ်ခုတွင် ထိုအမျိုသားလူထုအပြင် အခြားတိုင်းရင်းသားများပါ ရောယှက်နေထိုင်ကြပါတယ်။

၃။ အမျိုးသားနိုင်ငံတော်တည်ဆောက်ခြင်းကို ဘယ်လို အစပျိုးလုပ်ဆောင်ရမလဲ။

အမျိုးသားရေးလက္ခဏာတည်ဆောက်ရာတွင် သက်ဆိုင်ရာဒေသ၏ အမျိုးသားရေးလက္ခဏာ (Nation Building) ကို ဦးစွာ အခိုင်အမာတည်ဆောင်ပြီး ပြည်ထောင်စုအဆင့် အမျိုးသားရေးလက္ခဏာ (Nation of State- Nations) ကို တည်ဆောက်ဖို့ လိုပါတယ်။

ဥပမာအနေဖြင့် – ကရင်နီပြည်တွင်းရှိ ကယန်းအမျိုးသားနှင့် သက်ဆိုင်သော လူမျိုးစုများနှင့် ဌာနေတိုင်းရင်းသားများသည် ကယန်းအမျိုးသားဖြစ်တည်ခြင်းကို မတူညီသော သက်ဆိုင်ရာလူမျိုးစုများအကြား တသားတည်းပေါင်းစည်းနိုင်ရေးကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထို့နောက် အမျိုးသားပြည်နယ်အသီးသီးကြား “မြန်မာပြည်ထောင်စုသားများဖြစ်ကြသည်” ဆိုတဲ့ အမျိုးသားဖြစ်တည်မှုကို ပြန်လည်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ထိုကြောင့် မြန်မာ့အမျိုးသားရေးလက္ခဏာကို နှစ်ဆင့်ခံသဘောတရားဖြင့် တည်ဆောက်ရမှာ ဖြစ်ပါတယ်။

၄။ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ခြင်း ဆိုတာ ဘယ်လိုအမှီသဟဲပြုနေသလဲ။

နိုင်ငံတော်တည်ဆောက်ခြင်းနှင့် အမျိုးသားရေးလက္ခဏာတည်ဆောက်ခြင်းသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပင် ဖြစ်ပါတယ်။ နိုင်ငံတစ်ခုကို အစပျိုးတည်ဆောက်ချိန်တွင် နိုင်ငံတည်ဆောက်ရေးကို အားစိုက်လုပ်ဆောင်ဖို့ လိုအပ်ပြီး အစိုးရယန္တရား အရှိန်ရလာတာနဲ့အမျှ အမျိုးသားလက္ခဏာတည်ဆောက်ခြင်းကို စပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ဘယ်အရာကို ပိုမိုဦးစားပေးလုပ်ဆောင်ရမလဲ ဆိုတာကတော့ နိုင်ငံလိုအပ်ချက်နှင့် ဖြစ်တည်မှုအပေါ် အများကြီး မူတည်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှာ နိုင်ငံတော်တည်ဆောက်ရေးကို လုပ်ဆောင်ခဲ့ပေမဲ့ အမျိုးသားရေးလက္ခဏာတည်ဆောက်မှုများ အလွန်အားနည်းခဲ့ပါတယ်။ ထို့ကြောင့် အမျိုးသားတော်လှန်ရေးတွေ အမြောက်အများထွက်ပေါ်လာပါတယ်။ ထူးခြားမှုက ထိုတော်လှန်ရေးအင်အားစုမှာ ဗမာလူမျိုးစုတွေလည်း အစိုးရကို တော်လှန်ခဲ့ကြပါတယ် ( ပြည်သူ့တပ်မတော် မှတဆင့် ဗမာပြည်ကွန်မြူနစ်ပါတီ ထွက်ပေါ်လာ)။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပြီး စစ်အုပ်ချုပ်ရေးကာလအတွင်းမှာ အမျိုးသားရေးလက္ခဏာတည်ဆောက်မှုဟာ မရှိသလောက် ဖြစ်ခဲ့ပါတယ်။

ထိုအစား အမျိုးသားအသီးသီးတွေကို ဗမာပြုအတင်းပြုကာ တစ်မျိုးသားတည်းဖြစ်တည်မှုကို ကြိုးပမ်းခဲ့သည်။ ဗမာအမျိုးသားဖြစ်တည်မှုကိုသာ အသိအမှတ်ပြုပြီး အခြားအမျိုးသားများကို ပုံစံမျိုးစုံနှင့် ပုံဖျက်နှိပ်ကွပ်ခဲ့ပါတယ်။ တနည်းအားဖြင့် ဆိုလျှင် အမျိုးသားရေးလက္ခာများကို ဖျောက်ဖျက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကာလမှာ အမျိုးသားရေးလက္ခဏာဖိနှိပ်မှုကို ဖြေလျော့ဖို့ ကြိုးပမ်းခဲ့ပေမဲ့ သိသာထင်ရှားတဲ့ ရလဒ်တွေ မထွက်ပေါ်နိုင်ခဲ့ပေ။

လက်ရှိအချိန်အထိ အမျိုးသားလက္ခဏာတည်ဆောက်မှုကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးပေ။ အကျိုးဆက်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးကို အရှိန်ကောင်းစွာမလည်ပတ်နိုင်တဲ့အတွက် အားစိုက်သလောက် မဖွံ့ဖြိုးနိုင်ပေ။

၅။ အမျိုးသားလက္ခဏာတည်ဆောက်မှုနှင့် အမျိုးသားတန်းတူမှု

အမျိုးသားလက္ခဏာမတည်ဆောင်နိုင်သေးသမျှ ကာလပတ်လုံး အမျိုးသားတန်းတူမှုဆိုတာ မရှိနိုင်ပေ။ အမျိုးသားတန်းတူရေးမရှိမှုသည် မြန်မာ့ပဋိပက္ခအားလုံး၏ ရေသောက်မြစ် ဖြစ်သည်။ ထိုနည်းတူ မြန်မာ့ပဋိပက္ခအလုံးစုံ အဆုံးသတ်ရေးအတွက် ပထမဆုံး လုပ်ဆောင်ရမဲ့ အရာမှာလည်း အမျိုးသားတန်းတူရေးကို အကောင်အထည်ဖော်ဆောင်ခြင်းပင် ဖြစ်သည်။ အမျိုးသားတန်းတူမှုကို အကောင်အထည်ဖော်ရန်အတွက် အမျိုသားများအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ တသားတည်းတန်းတူနေထိုင်လိုစိတ် (political Will) ရှိခြင်းသည် အခြေခံပြဌာန်းချက်တစ်ရပ် ဖြစ်သည်။ တနည်း ကရင်တစ်ကျပ် ရနေချိန်တွင် ဗမာအနေဖြင့် တစ်ကျပ်သာ လိုသင့်သည်ဆိုသည့် ခံယူချက် စိတ်ဓာတ် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုလျှင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးတည်ဆောက်မှုကို အားစိုက်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အမျိုးသားရေးတည်ဆောက်မှုမခိုင်မာဘဲ တော်လှန်ရေးကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ အမျိုးသားရေးတည်ဆောက်မှုကို အဟန့်အတားဖြစ်စေမဲ့ ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံးကို ရှောင်ဖို့ လိုအပ်သည်။

အမျိုးသားဖြစ်တည်မှုအတွက် အခြေခံကျတဲ့ လူမျိုးစုများ ၊ ဌာနေတိုင်းရင်းသားများ စုစည်းနေတဲ့ကာလမှာ လူမျိုးစုအချင်းချင်းကြား သွေးကွဲစေမဲ့အရာမျိုး ရှောင်ရှားသင့်ပါတယ်။ ဥပမာ – မြန်မာနိုင်ငံဟာ တိုင်းရင်းသား ၁၃၅ မျိုး ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ခက်တယ်ဆိုတဲ့စကားရပ်ဟာ အမျိုးသားစုစည်းမှုကို အသိအမှတ်မပြုရာရောက်ပါတယ်။ ထို့ကြောင့် အမျိုးသားရေးလက္ခဏာတည်ဆောက်မှုကို အခုကာလမှာ ပိုမိုအလေးစိုက်လုပ်ဆောင်ဖို့လိုကြောင်း တိုက်တွန်းချင်ပါတယ်။

  • ကံ့ကော်ဖြူ