• Today is: Thursday, April 18, 2024

စစ်ကောင်စီ ကရင်ဒေသမှာ လူသားဒိုင်းပြုလုပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုပြုလုပ်လာ

KNU တပ်မဟာ ၁ နယ်မြေအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လူသားဒိုင်းပြုလုပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုပြုလုပ်လာ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၉ ရက်၊ ၂၀၂၃။

KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေရှိ သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုပြုလုပ်လာခြင်းကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်၊ သေဆုံးမှုများရှိလာပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူများလည်းရှိကြောင်း KNU ၏ ထုတ်ပြန်ချက်အရသိရပါတယ်။

ဇူလိုင်လ ၂၅ရက်နေ့နှင့် ၂၆ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ တပ်မ ၄၄ က ရွှေရောင်ပြကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာပြီး အရပ်သား ၂ ဦးဖြစ်သော မရမ်းကုန်းရွာသား ဦးဝါဆိုနှင့် ချောင်းစောင့်ရွာသား စောမြလောင်းကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့ကာ ဦးဝါဆိုမှာ ပြန်လည် လွှတ်မြောက်လာသော်လည်း စောမြလောင်းမှာ ပြန်လည် လွှတ်မြောက်ခြင်းမရှိသေးကြောင်း သိရပါတယ်။

အဆိုပါစစ်ကောင်စီ၏ စစ်ကြောင်းထိုးလာမှုကြောင့် မိချောင်းအိုင်ရွာ၊ ခလောက်အင်းရွာနှင့် မရမ်းကုန်းကျေးရွာရှိ ပြည်သူ ၁၀၀၀ ကျော်မှာ ဘေးလွှတ်ရာသို့ တိမ်းရှောင် ထွက်ပြေးနေရကြောင်း သိရပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် အမှတ် ၉ စခန်းမှကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးကာ ၄ ဦးထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် အမှတ် ၉ စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝီယော်ကျေးရွာ လူနေအိမ် ၁၃ လုံးနှင့် ဘုန်းကြီးကျောင်း ၂ လုံး၊ ဆေးပေးခန်း၊ ကား ၂ စီး ထိခိုက်ပျက်စီးကာ နွား ၁ ကောင်သေပြီး ၅ ကောင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo – KNU