• Today is: Thursday, April 18, 2024

မိုခါမုန်တိုင်းကြောင့်လယ်ဧက တစ်သိန်းကျော်ခန့် မလုပ်နိုင်

မိုခါမုန်တိုင်းကြောင့်လယ်ဧက တစ်သိန်းကျော်ခန့် မလုပ်နိုင်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဇူလိုင် ၂၉ ရက်၊ ၂၀၂၃။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဖျက်အားပြင်း မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံတွေဟာ အိုးမဲ့ အိမ်မဲ့တွေ ဖြစ်ခဲ့ကြရပါတယ်။

မုန်တိုင်းကြောင့် လူသေဆုံးမှု၊ တိရစ္ဆာန်တွေသေဆုံးမှုတွေအပြင် တခြားဆုံးရှုံးမှုတွေဟာလည်း များပြားလှပါတယ်။

အဲဒီလိုမျိုး အခက်အခဲတွေကြောင့် တချို့​သောလယ်သမားတွေဟာ လယ်အလုပ်ကို မလုပ်ကိုင်နိုင်ကြတဲ့အတွက် အခုနှစ်မိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးဧက တစ်သိန်းကျော်ခန့်ကို စွန့်လွှတ်ထားကြရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူများ သမဂ္ဂက ပြောပါတယ်။

” မုန်တိုင်းကြောင့် ကျွဲ၊ နွား တိရစ္ဆာန်တွေ သေဆုံးသွားတယ်။ မျိုးစပါးတွေပျက်စီးသွားတယ်။ လူမှုအကျိုးစီးပွားတွေအားလုံးက ပျက်စီးဆုံးရှုံးသွားတယ်။ အဲဒါတွေကြောင့် လယ်သမားတွေဟာ လယ်အလုပ်တွေကို လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ မရှိကြတော့ဘူး။ ဒါကြောင့်ပဲ ဒီနှစ်မှာ လယ်ဧက တစ်သိန်းကျော်ကို မလုပ်ကိုင်နိုင်ကြဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကလည်း စစ်ပွဲတွေကြောင့် ရခိုင်က လယ်သမားတွေဟာ လယ်အလုပ်ကို မလုပ်ကိုင်နိုင်ကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေတဲ့သူတွေဟာလည်း အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေကြရတယ်လို့ လယ်သမားတစ်ဦးက ပြောပါတယ်။

မိုးခေါင်မှုကြောင့် မြေတွေအက်ကွဲပြီး စိုက်ပျိုးထားတဲ့ စပါးတွေ သေဆုံးတာတွေရှိသလို့ မစိုက်ရသေးတဲ့ စပါးတွေကို ဆက်လက်စိုက်ပျိုးဖို့အတွက်လည်း အဆင်မပြေဖြစ်နေကြပါတယ်။

လယ်သမားတွေဟာ မုန်တိုင်းကြောင့် မျိုးစပါးတွေအခက်အခဲရှိသလို ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခတွေကလည်း စျေးနှုန်းမြင့်မားနေတဲ့အတွက် စိန်ခေါ်မှုများစွာကို လယ်သမားတွေက ရင်ဆိုင်နေကြရပါတယ်။

ဒီလိုမျိုး အခက်အခဲတွေကြောင့် ဆန်၊ စပါးတွေ ရှားပါးလာပြီးတော့ နောက်ထပ်ဒုက္ခမျိုးစုံကို ကြုံတွေ့လာနိုင်တယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၂၀၁၉- ၂၀၂၀ ရခိုင်​ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ စစ်တမ်းအရ ရခိုင်ပြည်မှာ မိုးစပါးစိုက်ပျိုးဧက ၈ သိန်းခွဲနီးပါးရှိတယ်လို့ သိရှိရပါတယ်။

ဓါတ်ပုံ – CJ