• Today is: Monday, April 15, 2024

ဗျူဟာအသစ်သုံးလာတဲ့ အာဆီယံနှင့် မြန်မာ့အရေးအပြောင်းအလဲများ

ဗျူဟာအသစ်သုံးလာတဲ့ အာဆီယံနှင့် မြန်မာ့အရေးအပြောင်းအလဲများ | ဘာသာပြန် အတွေးအမြင် ဆောင်းပါး

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၉ ရက်၊ နေပြည်တော်မှာ ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒွန်း တွေ့ဆုံမှုသည် မြန်မာနိုင်ငံအတွက် နိုင်ငံရေးနှင့်သက်ဆိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အာဆီယံသဘောတူညီချက်ငါးရပ် ကို အကောင်အထည်ဖော်ရန်အတွက် အသစ်ပြန်လည်လမ်းပွင့်လာသည့် မျှော်လင့်ချက်တခု ဖြစ်လာပါတယ်။  

လာမဲ့စက်တင်ဘာလအစောပိုင်းမှာ ပြုလုပ်မည့် အာဆီယံနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများမှာ သဘောတူညီချက်ငါးရပ်ကို ပြန်လည်ချိန်ညှိရန်အတွက် အာဆီယံဥက္ကဋ္ဌနှင့် အခြားအာဆီယံအဖွဲ့ဝင်များ၏ များပြားလှသော ကြိုးပမ်းအားထုတ်မှုများမှ နောက်ဆုံးဖြစ်စဉ်များနှင့်ရလဒ်များကို အပြည့်အဝပြန်လည်သုံးသပ် မှာ ဖြစ်ပါတယ်။

ဤကဲ့သို့သောအခြေအနေတွင် လက်တွေ့မြေပြင်အမှန်တရားကိုထင်ဟပ်စေမည့် သဘောတူညီချက်ငါးရပ်ကို ချိန်ညှိရန်အရေးကြီးပါတယ်။ လက်တွေ့တွင် ယုတ္တိဆက်စပ်ရမည့်ပုံက တမျိုးဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမိုထိရောက်ပြီး အကောင်အထည်ဖော်နိုင်စေမည့် သဘောတူညီချက်ငါးရပ်ထပ်ပိုသည့်အခြေအနေ (5PC Pluss) လည်းဖြစ်နိုင်ပါတယ်။  

သဘောတူညီချက်ငါးရပ်သည် အဖွဲ့အဖို့ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက် တည်ရှိနေသော်လည်း လက်နက်ကိုင်ပဋိပက္ခ၏ ကြီးထွားလာနေသော ရှုပ်ထွေးမှုကို ကိုင်တွယ် ဖြေရှင်းရန် အစိတ်အပိုင်းအသစ်များ ညှိနှိုင်းမှုတွင် ထည့်သွင်းသင့်ပါတယ်။

သဘောတူညီချက်ငါးရပ်ကို စတင်အတည်ပြုချိန်မှ နှစ်နှစ်ခွဲအတွင်း လက်နက်ကိုင်တပ်မတော်ရှိသည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) အပါအဝင် ထောင်ချီသည့် လက်နက်ကိုင် စစ်ဘက်အဖွဲ့ငယ်များကဲ့သို့သော ကစားသမားသစ်များ ပေါ်ထွက်လာခဲ့ပါတယ်။

၁၉၄၈ ခုနှစ်ကတည်းကပင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAO) သည် ဗဟိုမှအာဏာကို တိုက်ပွဲ ဝင်နေခဲ့ကြရပြီ ထိုအခြေအနေတွင် ၎င်းတို့၏ အခန်းကဏ္ဍသည် အရေးကြီးမြဲကြီးနေပါသေးတယ်။

ယနေ့မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပဋိပက္ခသည် အကြောင်းရင်းနှစ်ရပ်ကြောင့် အရေးကြီးသောအခြေအနေကို ရောက်ရှိနေပါတယ်။ ပထမအချက်ကတော့ စစ်အစိုးရနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ မရပ်တန့်ဘဲ ဆက်လက်ဖြစ်ပွားနေတာကြောင့် အဟုန်အပြင်းဆုံးပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်ပါတယ်။

မြေပြင်အခြေအနေ အကဲဖြတ်ချက်များမှာ ကွဲပြားနေနိုင်သော်လည်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပါက အရပ်သားသေဆုံးမှု ဆက်တိုက်တိုးလာမည်ကို သက်ဆိုင်သူအားလုံးက နားလည်မှုတူကြပါတယ်။

မြန်မာစစ်တပ်အုပ်ချုပ်မှုကို ဖိအားပေးရန် ရည်ရွယ်၍ ယမန်နှစ် ဧပြီလက အမေရိကန် အောက်လွှတ်တော်က Burma Act (Burma Unification through Rigorous Military Accountability Act) ကို အတည်ပြုခဲ့ရာ အမေရိကန်၏ လူသားချင်း စာနာထောက်ထားမှု နှင့် လူ့အသက်မသေစေသော အကူအညီများ ပေးဆောင်ခြင်းသည် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လမ်းချော်စေနိုင်သည့်ကိစ္စတခုဖြစ်လာနေပါပြီ။

မြန်မာ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက ဝါရှင်တန်သို့ ဒေါ်လာ ဘီလီယံတဝက် အကူအညီ တောင်းခံခဲ့တာရှိပြီး ပြီးခဲ့သောနှစ်မှာ ဝါရှင်တန်မှ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။

ပိုကြီးသော အကူအညီအစီအစဥ်များရှိလာသည့်အခါ၊ ယင်းတို့သည် လူ့အသက်မသေစေတတ်သောနည်းဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခ သေချာပေါက် ဆက်တိုးလာခြင်းမှသည် နောက်ပိုင်းတွင် ပြည်တွင်းစစ်ကို နိုင်ငံတကာကြားခံစစ်ပွဲအဖြစ်သို့ ပြောင်းလဲစေမည့် အထွတ်အထိပ်သို့ ရောက်ရှိသွားနိုင်ပါတယ်။ အမှန်စင်စစ် ယနေ့မြန်မာ့အကျပ်အတည်းဟာ ပြည်တွင်းစစ်နှင့် ကြားခံစစ်ပွဲပုံသဏ္ဍာန် နှစ်ခုလုံး ပေါင်းစပ်နေပါတယ်။

သဘောတူညီချက်ငါးရပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခအသစ်တွေအပေါ် အာဆီယံ၏ စုပေါင်းတုံ့ပြန်မှုဖြစ်ပါတယ်။ အာဏာသိမ်းပြီး ၈၃ ရက်အကြာတွင် အဆိုပါ အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်တပ်ဘက်ကမူ အာဏာသိမ်းပြီး နှစ်ပတ်အတွင်း ၎င်း၏ ကိုယ်ပိုင်လမ်းပြမြေပုံ (၅) ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ယခု အာဆီယံနှင့် စစ်ကောင်စီတို့ပေါင်းကာ ထိုမူဘောင်နှစ်ရပ်ကို ညှိနှိုင်းပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ စတင်ရန် လုပ်ဆောင်လျက်ရှိပြီး တော်လှန်ရေးအင်အားစုနှင့် အာဆီယံကြား နီးကပ်သော ဆက်ဆံရေးကို မတည်ဆောက်နိုင်သေးပေ။

မကြာသေးမီက ပြုလုပ်ခဲ့သည့် အာဆီယံနှစ်ပတ်လည် အစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် လာမည့် ထိပ်သီး အစည်းအဝေးတွင် ပူးတွဲညှိနှိုင်းရေးကောင်စီသည် သဘောတူညီချက်ငါးရပ်ကို ပြန်လည်သုံးသပ် မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။

ယခုအချိန်အထိ ဥက္ကဌသည် NUG၊ EAOs နှင့် အခြားသော သက်ဆိုင်သူများနှင့် တွေ့ဆုံပြီးဖြစ်ပေမဲ့ ဂျာကာတာသည် ၎င်းတို့၏ တွေ့ဆုံမှုရလဒ်များနှင့် ပတ်သက်၍ လုံးဝနှုတ်ဆိတ်နေခဲ့သည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်တို့ကြား ဇူလိုင် ၉ ရက်က မိနစ် ၉၀ ကြာ တွေ့ဆုံမှု၏ ရလဒ်မှာ တိုးတက်မှုအချို့ ရှိနေပြီဖြစ်တယ်လို့ ယူဆရပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို VIP ဝင်းတစ်ခုသို့ ပြောင်းရွှေ့မှုမှာ အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုဟု ယူဆနိုင်ပါတယ်။

မစ္စတာဒွန်က ၎င်း၏အာဆီယံမိတ်ဆွေများအား အဓိကပါဝင်ပတ်သက်သူ နှစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၎င်းတို့၏ သဘောထား ကွဲလွဲမှုများကို ဦးစွာဖြေရှင်းမှဖြစ်မည်ဟု ပြောကြားခဲ့ပါတယ်။

ဤအဓိကဇာတ်ဆောင်နှစ်ဦးကြား ကွဲလွဲမှုကို ပေါင်းကူးပေးရန်အတွက် ဘက်မလိုက်သော ကြိုးပမ်းမှုအားလုံးကို စုဆောင်းရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသည် ၎င်းတို့ကြားတွင် အလုပ်လုပ်ဆောင်နိုင်သော နိုင်ငံရေးအဖြေတစ်ခု ရှိနိုင်သည်ဟု ယုံကြည်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသည် ၂,၄၀၁ ကီလိုမီတာရှည်လျားသော ဝင်ထွက်ပေါက်များဖြစ်နေပြီး သေချာထင်ရှားမှုကြီးမား မနေသည့် နယ်စပ်မျဉ်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ ဘုံစိုးရိမ်မှုများကို ဆွေးနွေးစီမံရန် မြန်မာနှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် ဘုံနယ်နိမိတ်ချင်း ထိစပ်နေသောနိုင်ငံများနှင့် အာဆီယံနိုင်ငံအချို့မှ အစိုးရ ကိုယ်စားလှယ်များ ပါ၀င်သည့် ရုံးဌာနအနေနဖြင့်ကိုယ်စားပြုတွေ့ဆုံခြင်းမဟုတ်သော လမ်းကြောင်း စုံသံခင်းတမန်ခင်းဆွေးနွေးမှုကို ထိုင်းအစိုးရက ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့သော အစည်းအဝေးနှစ်ခုကို ဘန်ကောက်နှင့်နယူးဒေလီတို့တွင် ပြုလုပ်ခဲ့ပြီး အမြင်ချင်းဖလှယ်ခဲ့ကြကာ လက်နက်၊ လူမှောင်ခိုကူးမှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုဆိုင်ရာ ကိစ္စများကို ဘုံဖြေရှင်းရေးကြိုးစားခဲ့ကာ ပါဝင်သူအားလုံးကို ယုံကြည်မှုတည်ဆောက်ခဲ့ပါတယ်။

ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့က အဆိုပါ တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှုများအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး တတိယအကြိမ်အစည်းအဝေးကို ဗီယင်ကျန်း၌ သြဂုတ်လတွင် ကျင်းပရန် စီစဉ်ထားပါတယ်။ လာအိုသည်လည်း လာမည့်နှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး အင်ဒိုနီးရှားသည် စက်တင်ဘာ ၇ ရက်တွင် နေရာလွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသည် နိုင်ငံရေးအသွင်ကူးပြောင်းနေဆဲဖြစ်သော်လည်း ထိုင်းအိမ်စောင့်အစိုးရသည် ၎င်း၏ သံတမန်ရေးရာမူဝါဒနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံတွင်းမှ လက်နက်ကိုင်တော်လှန်မှုသည် နယ်စပ်လုံခြုံရေးနှင့် ရပ်ရွာအသက်မွေးမှုကို နှစ်နိုင်လုံးဘက်တွင် သက်ရောက်မှုရှိသည့်အတွက် မြန်မာနိုင်ငံသို့ ချဉ်းကပ်မှုအပေါ် သတိကြီးကြီးထားလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ၉၀၀၀ နီးပါး မြောက်ပိုင်းရှိ မယ်ဟောင်ဆောင်ခရိုင်သို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး၊ ၎င်းတို့အား မဲဆာရီယန်နှင့် ခွန်ယွမ်ခရိုင်ရှိ ယာယီခိုနားရာနေရာ ငါးခုတွင် နေထိုင်ခွင့်ပြုခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး အခြေအနေနှင့် ပတ်သက်လျှင် ပျူထိုင်းသည် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပေမဲ့ အသစ်ဝင်လာသူများသည်လည်း တူညီသောဖြစ်စဉ်ကိုသာ ဖြတ်သန်းကြမည်ဖြစ်ပြီး အထူးသဖြင့် နယ်စပ်လုံခြုံရေးနှင့် ဘေးကင်းရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ယာယီအကာအကွယ်များနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မူဝါဒပြောင်းလဲမှုကြီးကြီးမားမားရှိမည်မဟုတ်ပေ။

အစိုးရသစ်သည် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် သက်ဆိုင်သူအားလုံးကို ပါဝင်ဖို့စည်းရုံးရာတွင် ပိုမိုခိုင်မာအားကောင်းရန် လိုအပ်ပါတယ်။ ယခင်ပျူထိုင်းအစိုးရများ၏ မြန်မာဆိုင်ရာမူဝါဒကို ပုံဖော်ရာတွင် ကူညီခဲ့သည့် နာမည်ကြီးပုဂ္ဂိုလ်အချို့ကို နိုင်ငံခြားရေးမူဝါဒအဖွဲ့တွင် ထည့်သွင်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တချိန်တည်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အသစ်ကို ခန့်အပ်ခြင်းမရှိသေးပေ။ ယခုတစ်ကြိမ်မှာ ကုလသမဂ္ဂ အကြီးအကဲသည် ဒေသတွင်း အတွေ့အကြုံရှိ သံတမန်များ၊ အထူးသဖြင့် ဒေသတွင်းနှင့် မြန်မာနိုင်ငံ လက်ဦးအတွေ့အကြုံရှိသည့် ထိုင်းနိုင်ငံမှ အတွေ့အကြုံရှိ သံတမန်များကို ပြန်လည် စဉ်းစားနေပုံရပါတယ်။

စီးပွားရေးဆက်လက်ကျဆင်းနေသဖြင့် ပြည်တွင်းအခြေအနေမှာ ပိုဆိုးလာသည်ကို စစ်ကောင်စီမှ သဘောပေါက်လျက်ရှိပြီး ပြင်ပဖိအားများနှင့် လက်နက်အကူအညီများ တိုးမြင့်လာနေသဖြင့် နေပြည်တော်မှ ထွက်ပေါက်မဟာဗျူဟာကို ရှာဖွေရန် လိုအပ်နေပြီဖြစ်ပါတယ်။

လျင်မြန်ပြီး အပြုသဘောဆောင်သော လှုပ်ရှားမှုများမရှိပါလျှင် ယုံကြည်မှုနှင့် စိတ်ချမှုများ ပိုမိုပျက်ပြားသွား ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်၏ အပြောင်းအရွှေ့နှင့်ပတ်သက်သည့် နောက်ဆုံး တိုးတက်မှုသည် ကောင်းမွန် သောအစပြုမှုဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒွန်တို့၏ ဆွေးနွေးပွဲက ပါဝင်ပတ်သက်သူအားလုံး စိတ်စေတနာကောင်းဖြင့် လုပ်ဆောင်ပါက ထိရောက်ပြီး ရေရှည်တည်တံ့သော နိုင်ငံရေးအဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။ ထိုသို့ဖြစ်ရေးမှာ ဘက်ပေါင်းစုံမှ ယုံပြီး တချက်ခုန်ကြည့်ကြဖို့လည်း လိုပါတယ်။

Kavi Chongkittavorn သည် ဒေသတွင်းရေးရာဆိုင်ရာ ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်ပါတယ်။

BangkokPost မှာ Kavi Chongkittavorn ရေးသားဖော်ပြတဲ့ Asean, Thailand, Myanmar Turn Page ကို ကံ့ကော်ဖြူ ဆီလျော်အောင် ဘာသာပြန် ရေးသားထားပါတယ်။