• Today is: Monday, April 15, 2024

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရှုပ်တော်ပုံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရှုပ်တော်ပုံ

Areng Pui | အတွေးအမြင် 

အပိုင်း (၁) 

နိုင်ငံတစ်နိုင်ငံ၏ အရင်းခံအုပ်မြစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သာ နိုင်ငံသူနိုင်ငံသားများ၏ ရပိုင်ခွင့်အခွင့်အရေးဆိုင်ရာအဖြာဖြာများကို အကျိုးခံစားခွင့်ပေးထားရ  ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မိခင်ဥပဒေ(Mother Law) (သို့) အမြင့်ဆုံးဥပဒေဟု ခေါ်ဝေါ်သုံးစွဲကြသည်။

မြန်မာနိုင်ငံ၏ အရင်းခံပြဿနာကို လေ့လာရာ တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေအရ ပြည်သူလူထု၏ အခွင့်အရေး များကို ပြည့်ဝစွာ အာမခံချက်ပေးနိုင်ခြင်းမရှိဘဲ အကန့်အသတ်များရှိနေခြင်းကြောင့် နိုင်ငံရေး ပြဿနာ ကိုဖြစ်ပေါ်စေခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊အာဏာသိမ်းမှုသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား၏ မိမိစိတ်ကြိုက်နှစ်သက်ရာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည့်( လိုရာဆွဲသွင်းနိုင်သည့်) နိုင်ငံရေးကစားကွက်(အားနည်းချက်) ကြောင့် ဖြစ် သည်။ ၎င်းဖွဲ့စည်းပုံ‌ရေးဆွဲ ကတည်းက ထိုသို့ဖြစ်အောင် ကြိုတင်ပြင်ဆင်ရေးဆွဲပြဌာန်းထားခြင်းဖြစ် သည်ဟု ဆိုနိုင်ပါသည်။

တစ်ဖက်တွင် နိုင်ငံရေးသမားများကြားအာဏာသိမ်းမှုသည် ၂၀၀၈ ဥပဒေနဲ့ ကိုက်ညီမှုရှိ၏/ မရှိ၏ ဟူသည့် ပြဿနာသည် နောက်ဆွေးနွေးရမည့် အကြောင်းအရာ ဖြစ်သည်။ အဓိကအကြောင်းရင်းခံသည် ၂၀၀၈ ဖွဲ့စည်းပုံ အရှုပ်တော်ပုံကြောင့်သာဖြစ်သည်။

၂၀၂၁ ခုနှစ်ပြီး အာဏာသိမ်းပြီး တစ်လအကြာ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ဖွဲ့စည်းသော ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကောမတီ(CRPH) သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက် သိမ်းကြောင်းကို ၂၀၂၁ခုနှစ်၊ဧပြီလ (၁)ရက်နေ့တွင် တရားဝင်ကြေညာခဲ့သည်။

သို့သော် လက်‌တွေ့တွင် ၎င်း ကြေညာချက်ကို CRPH  အဖွဲ့ဝင်များ ဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  လွှတ်တော် ကိုယ်စားလှယ်များသည် အမှန်စင်စစ် ၊ မိမိတို့၏ နှလုံးသားထဲနှင့် သွေးသားထဲမှာပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒကိုဖျက်သိမ်းကြောင်း လက်ခံ နိုင်၏လော့ သို့တည်းမဟုတ် နွေဦးတော်လှန်ရေး အား အရှိန်အဟုန်ကောင်းအောင် သွေးကြွ ပေးလိုက်ခြင်းပေလား ဟူသည့်မေးခွန်းသည် ယခု နောက်ပိုင်း တွေမှာတွင်ကျယ်စွာ ထုတ်ရမည့် မေးခွန်းဖြစ်လာသည်။

တစ်ဆက်တည်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ၂၀၀၈ ဖျက်သိမ်းမှုအပေါ် အမြင်သဘောထားက အဘယ်နည်း။ CRPH ၏သဘော ထားနဲ့ ကွဲလွဲဆန်းကျင်ဖက်ဖြစ်နေပြီးလား ဟူသည့်‌မေးခွန်းလည်းရှိနေပါသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ”

 အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အမှန်တကယ် ဖျက်သိမ်း သည်ကို လက်ခံနိုင်ပြီလား သို့တည်းမဟုတ် ၂၀၀၈ဖွဲ့စည်းပုံ လောင်းရိပ်တွေသာ တိတ်တခိုး ရှိနေသေး လားဟူသည့် မေးခွန်းများအပေါ် စာ‌‌ရေးသူ၏အမြင်များကို အချက် (၃) ချက်ဖြင့် သုံးသပ် ဆွေးနွေးသွား မည်ဖြစ်သည်။

(၁) ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ၉၉ ရာခိုင်နှုန်းပါဝင်သည့် ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထား သည့် အစုအဖွဲ့တစ်ခုဖြစ်သည်။

ထိုမှတစ်ဆင့် ၂၀၂၁ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် CRPH အပါအဝင် အခြားအစုအဖွဲ့ (၅)ဖွဲ့ဖြင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)အား ဖွဲ့စည်းခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ပါတီအင်အားစု အဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့သည်။ သို့သော် ပြည်သူ့ညီလာခံကျင်းပပြီးနောက်ပိုင်း CRPH အနေဖြင့် တရားဝင်နုတ်ထွက်ခြင်း မဟုတ်ဘဲ NUCC ၏ ပုံမှန်အစည်းအဝေး‌တွေမှာ ပါဝင်တတ်ရောက် ခြင်းများ ပျက်ကွက်ခဲ့သည်။

ပါဝင်ပတ်သက်မှု မပြုတောလုပ်ဘဲ လုံးလုံးနုတ်ထွက်သွားသည့် အနေ အထားအဖြစ် CRPH ၏ NUCC တွင်ပါဝင်ခြင်းကို ရပ်တန့်ခဲ့သည်။

(၂)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သလို လက်ရှိတွင် CRPH ၏ဥက္ကဌ တာဝန်ယူဆောင်ရွက်နေသည့်  ဦးအောင်ကြည်ညွန့် အနေဖြင့်လည်း NLD သည် ပါတီအနေဖြင့် NUCC တွင် ပါဝင်ခြင်း/မပါဝင်ခြင်းအပေါ်ဆုံးဖြတ်နိုင်ရန် ဗဟိုကော်မတီဝင်အားလုံး တွေ့ဆုံဆွေးနွေးမှု မလုပ် နိုင်ခြင်းကြောင့်၊ အစကတည်းက ပါဝင်ခြင်းမရှိကြောင်း၊ နုတ်ထွက်ထားခြင်းမဟုတ်ကြောင်း သတင်း မီဒီယာတွေမှာ ဖြေကြားခဲ့သည်။

ဒီအချက်တွေကို ကြည့်ခြင်းဖြင့် NLD လွှတ်တော်ကိုယ်စားလှယ်အများ စုဖြင့် စုဖွဲ့သည့် CRPH ၏ လုပ်ဆောင်မှုများအပေါ် NLD  လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ခံမှု၊ တာဝန်ယူမှု မရှိခြင်းလား။

၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းကြောင်း ကြေညာခြင်းအပေါ် NLD ပါတီဝင်များ အနေနဲ့ လက်ခံခြင်းမရှိဘဲ  တော်လှန်‌ရေးသွေးကြွအောင် လှုံ့ဆော်ပေးသကဲသို့ ၂၀၀၈ ဖွဲ့စည်းပုံကို ဗန်းပြပြီး ပြည်သူထူထုအား လှည့်စားလိုက်ခြင်းများလား ဟူသည့်  မေးခွန်းများ ထုတ်စရာ ဖြစ်လာ သည်။

(၃)  ထိုကဲသို့ သံသယများကို ပိုမို တိုးပွားစေသည့် အချက်သည် ထိုင်းနိုင်ငံခြားရေးရာဝန်ကြီးနှင့် အကျဉ်း ချခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့တွင်  ထွက်ပေါ်လာသည့် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်(NLD)  ဒုတိယဗဟိုကော်မတီ၏ ကြား ကာလ ဒုတိယ အကြိမ် အစည်းအဝေးဆုံးဖြတ်ချက်ဖြစ်သည်။

၎င်း ဆုံးဖြတ်ချက် (၄) ချက် တွင် ၂၀၀၈ ဖွဲ့စည်းပုံအား တည်ဆဲ ဥပဒေ ဟု သုံးနှုန်းထားခြင်း၊ ‌ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးစားဆောင်ရွက်မည် ဟူသည့် အချက်များကြောင့်ဖြစ်သည်။

ဤအချက်များကို ခြုံငုံသုံးသပ်ခြင်းဖြင့် NLD ပါတီသည် CRPH က ကြေညာလိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်း ကြောင်းကို လက်မခံဘဲ ၂၀၀၈ ဖွဲ့စည်းပုံအား တည်ဆဲ ဥပဒေအဖြစ်သာ လက်ခံနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီနဲ့ ၂၀၀၈ လောင်းရိပ်အောက်ကနေသာ သွားရောက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။

အပိုင်း(၂)

“အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၂၀၀၈ ဖွဲ့စည်းပုံ”

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်သူလူထုတစ်ရပ်လုံး၏ အဆင့်ဆင့် စုဖွဲ့မှုဖြင့် ပေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အား လေ့လာသုံးသပ်ရာတွင် လူပုဂ္ဂိုလ် အမျိုးအစားတူ (၃) မျိုး၊သုံးစားကို တွေ့နိုင် သည်။ (၁) ရွေးကောက်ခံ NLD အမတ်များ၊ (၂) NLD ပါဝာီဝင် ဝင် တတ်သိပညာရှင်များ၊ (၃) NLD ပါဝာီအား အားပေးထောက်ခံသူများ ဟူ၍ဖြစ်သည်။

NUG အစိုးရ အဖွဲ့ဝင်များတွင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုအဖွဲ့ဝင်များ ပါဝင်နေသည် ဆိုသော်ငြားလည်း ၎င်း ပုဂ္ဂိုလ်များကို ပြန်ကြည့်မည်ဆိုရင် NLD ၏ မူဝါဒလမ်းစဉ်ကို လက်ခံ အားပေးသူများသာဖြစ်သည်။ 

ထို့အတွက်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းရင်းသား ပေါင်းစုံပါဝင်သည့် တော်လှန် ရေးအင်အားစု အစိုးရဖြစ်သော်လည်း တစ်ဖက်တွင် တစ်ပါတီ၊ အစုအဖွဲ့တစ်ခု၏ လွှမ်းမိုးမှု အားကောင်းသည့် အစိုးရအဖွဲ့ဖြစ်သည်ကို ငြင်းဖွယ်မရှိပေ။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုယ်တိုင်၌လည်း ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းခြင်းနဲ့ ပတ်သက်၍ မပြတ်မသား၊ မရှင်းမလင်း လုပ်ဆောင်နေသည်ကို အချက် (၃) ချက်ဖြင့် စာရေးသူ၏ အမြင်ကို ထပ်မံ ခြုံငုံသုံးသပ်ဆွေးနွေးမည် ဖြစ် သည်။

(၁) နယ်မြေဒေသသတ်မှတ်ခြင်း။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  အနေဖြင့် အုပ်ချုပ်ရေးနယ်မြေ( ထိန်းချုပ်နယ်မြေ)အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် လုပ်ငန်း များဆောင်ရွက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအရဖြစ်ပေါ်လာသည့် တိုင်းနှင့်ပြည်နယ် (၁၄) ခုကိုသာ အခြေခံ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

တော်လှန်ရေးကာလအတွင်း ကြားကာလ ဖွဲ့စည်းအုပ်ချုပ်ပုံ မရှိ သေးဘဲ ယခင်ရှိရင်းစွဲ နယ်မြေများအား အသုံးပြုခြင်းသည် ၂၀၀၈ လောင်းရိပ်တွင်သာ ရှိနေသေးခြင်း ဟုဆိုနိုင်ပါသည်။

(၂) နိုင်ငံတော်တံဆိပ်ခေါင်းနှင့် နိုင်ငံတော်အလံ

NUG အစိုးရအနေဖြင့် လက်ရှိ အသုံးပြုနေသည့် နိုင်ငံတော် တံဆိပ်ခေါင်းနှင့် နိုင်ငံတော်အလံသည် ၂၀၀၈ ဖွဲ့စည်းပုံအရ အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းအရ ဖြစ်ပေါ်လာသည့် တံဆိပ်ခေါင်းနှင့် အလံဖြစ်သည်။ NUG အစိုးရအနေဖြင့် ၎င်း တံဆိပ်ခေါင်းနှင့် အလံအား ကြားကာလအတွင်း လိုအပ်ချက်အရ အသုံးပြု မည်ဆိုလျှင် ပြည်သူလူထုအား တော်လှန်ရေးကာလအတွင်း လိုအပ်ချက်ကြောင့် အသုံးပြု မည်ဖြစ် ကြောင့် ချပြသင့်သည်ဟု ရှုမြင်သည်။

ထိုသို့ တစ်စုံတစ်ရာချပြခြင်းမရှိ၊ ကြားကာလ ဖွဲ့စည်းပုံအရ အသုံးပြု ခြင်းလည်းမဟုတ်ဘဲ မိမိတို့လိုသလို အသုံးပြုခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအား အလွမ်းမပြေ တွယ်ရစ်နေကြဆဲဖြစ်ကြောင့် ထင်ရှားသည်။

(၃) De Jure Legitimacy အားအလွန်အကျုးသိမ်းယူခြင်း။

အမျိုးသားညီညွတ်ရေးအစိုးအရအနေဖြင့် ဥပဒေပြုရေး အာဏာကို ၂၀၂၀ ခုနှစ်၊ အနိုင်ရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအား အပြည့်အဝ တာဝန်ပေးထားသည်ကို တွေ့ရသည်။ သက်တမ်း အနေဖြင့်လည်း တော်လှန်ရေးကာလ ဟူ၍ဖော်ပြထားသည်။

အကယ်၍ တော်လှန်ရေး ကာလသည် နှစ်ပေါင်း (၂၀)နှစ်၊ ကြာမည်ဆိုလျှင် ဥပဒေပြုရေးကို တာဝန်ယူထားကြသည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၏ သက်တမ်းသည် နှစ်ပေါင်း (၂၀) ဟူသည့်သဘော သက်ရောက်သည်။

အမှန်စင်စစ် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းသည်ကို လက်ခံလျှင် ကြားကာလအတွင်း( တော်လှန်ရေးကာလ) ရွေး ကောက်ပွဲ ပြုလုပ်သင့်ပါသည်။ သို့တည်းမဟုတ် သက်တမ်းအချိန်ကာလတစ်ခုအား သတ်မှတ်သင့် သည်။ ကိုဗစ်ကာလအတွင်း Online Platforms ကို အသုံးပြုပြီး ရွေးကောက်ပွဲများ ပြုလုပ်ခဲ့သည့် အမေရိကန် ရွေးကောက်ပွဲများလည်း သာဓက အနေဖြင့် ရှိခဲ့တာဖြစ်သည်။

ဒီအချက်အား ဥဒေပညာရှင် တစ်ဦးဖြစ်သည့် ဦးအောင်ထူး လည်းထောက်ပြခဲ့ဖူးသည်။ မြန်မာနိုင်ငံ အခြေအနေအရ ရာနှုန်းပြည့် အလုပ်မဖြစ်နိုင်သော်လည်း အတိုင်းအတာတစ်ခုထိ လုပ်ဆောင်နိုင် မည်ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကိုသာ ဥပဒေပြုရေး တာဝန်ကို အချိန်ကာလ သတ်မှတ်ခြင်း မရှိဘဲ ဆက်ပြီးပေးအပ်ထားမည်ဆိုလျှင် ၎င်းလွှတ်တော် ကိုယ်စားလှယ် များ၏ လက်ရှိတွင် ပြည်လူ ထု များအပေါ်  လွှမ်းခြုံနိုင်မှု၊ ပြည်သူလူထု၏ အားပေးထောက်ခံမှု၊ mandate သည် မည်သည့် အတိုင်း အတာထိ ရှိနေသေးသည်ကို မေးခွန်းထုတ်စရာဖြစ်လာသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံ အတွင်း၌သာ တွေ့ဆုံဆွေးနွေးမှုအခင်းအကျင်းများကို ဖန်တီးလာနိုင်ဖွယ်ရှိနေသည်။

ဤသို့ဖြစ်လာ လျှင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မိမိတို့၏ပင်ရင်းစွဲကိုင်ထားသည့် ဒေါ်စုအပါ အဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရေး၊ စစ်တပ်များအနေဖြင့် နိုင်ငံရေးထဲမှ အပြီးတိုင် ထွက်ခွာပေးရေးနှင့် စစ်ကောင်စီ အနေဖြင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်လိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအပြင် ဖက်၌သာ တွေ့ဆုံ ဆွေးနွေးရေး ဟူသည် အချက်များကို  မည်သည့် အတိုင်းအတာထိ စွဲကိုင်ထားနိုင်မည် နည်းဟူသည့်မေးခွန်းများရှိနေသည်။

ထို့အပြင် NUG အစိုးရအနေဖြင့် ၎င်းတွေ့ဆုံဆွေးနွေးမှုများအပေါ် မည်သို့ တုံ့ပြန်သွားမည်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။

တစ်ဖက်တွင် အကြမ်းမဖက်နည်းကို တစ်စိုက်မက်မက် စွဲကိုင်သွားနေသည့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါဝာီဝင်များကြားတွင်လည်း ဖမ်းဆီးခံပါတီဝင်များနှင့် ပြည်ပရောက် တစ်နည်းအားဖြင့် တော်လှန်ရေးတွင်ပါဝင်နေကြသည့် ပါတီဝင်များအကြား အကွဲအပြဲများဖြစ်နိုင်မည်လား သို့တည်း မဟုတ် တော်လှန်ရေး ကိုစွန့်ပြီး ပါဝာီကိုရွေးကြမည်လား သို့တည်းမဟုတ် ပါတီကိုစွန့်ပြီး တော်လှန် ရေးကို ရွေးကြမည်လား ဟူသည့် မေးခွန်းများနဲ့အတူ စိတ်ဝင်စားဖွယ် ၂၀၀၈ ဖွဲ့စည်းပုံ အရှုပ်တော်ပုံနှင့် တော်လှန်ရေးအင်အားစုများ အကြား အမြင်သဘောထားများအပေါ် တစ်စိပ် တစ်စောင့် ဆွေးနွေး သုံးသပ်လိုက်ရပါသည်။