• Today is: Monday, April 15, 2024

စစ်ရှောင်ကလေးသူငယ်များ၏ ပညာရေးခရီးသည် လမ်းဆုံးနေပြီလား

“စစ်ရှောင်ကလေးသူငယ်များ၏ ပညာရေးခရီးသည် လမ်းဆုံးနေပြီလား”

Areng Pui | အတွေးအမြင် 

(၁၂) တန်းပြီးမြောက်သော ပြည်သူ့အခြေပြုစစ်ရှောင်ကျောင်းသားသူငယ်များ၏ ပညာရေးခရီးသည် လမ်းဆုံးနေပြီလား။စစ်ရှောင်ကလေးတွေမှာ အဆင့်မြင့်ပညာရေးဖြစ်သည့်ကောလိပ်၊ တက္ကသိုလ် တတ်ရောက်ခွင့်မရှိဘူးလား။ စစ်‌ရှောင်ကလေးသူငယ်များ၏ ပညာရေးဟာ မေ့လျှော့ခံ နေရပြီလား?

ပညာရေးဟာ တိုင်းပြည်ရဲ့အက္ခရာအကျဆုံး မဏ္ဏိုင်လို့ အရပ်သားပြည်သူအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူ့မိန်းခွန်းတွေမှာ မကြာခဏဆိုသလို ပြောလေ့ရှိပါတယ်။ တိုင်းပြည်မှာ ပညာတတ် လူငယ်တွေ မရှိရင် အဲဒီတိုင်းပြည်က အမှောင်ကမ္ဘာထဲရောက်သွားသလိုပဲ တိုင်းပြည် အနာဂတ်က ယောင်ဝါးဝါးပါပဲ။ 

အဲအတွက် တိုးတတ်ပြီးတဲ့ နိုင်ငံတွေက ပညာရေးကို တိမ်းစောင်းမခံဘဲ တိုင်းပြည်ရဲ့ အဓိက မဏ္ဏိုင်အနေဖြင့် ထားပြီး အလေးထား လုပ်ဆောင်နေတာကို တွေ့ရတာ ဖြစ်ပါ တယ်။ ထိုနည်းတူပါပဲ အရပ်သား အစိုးရတုန်းကလည်း ပညာရေးဌာနကို ဘတ်ဂျင်ပို(တိုး)သုံးပြီး အလေး ထား လုပ်ဆောင်နေတာကို တွေ့ရတာဖြစ် ပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်ကနေ ပြည်သူလူထု၏ အာဏာကို သိမ်းကျုံးပြီးနောက်မှာ ဒေသခံကာကွယ်ရေး( တော်လှန် ရေး) အစုအဖွဲ့နှင့် စစ်တပ်ကြား ထိတွေ့မှုတွေ၊ တိုက်ပွဲတွေဖြစ်နေတာကြောင့် ပြည်သူတွေ အနေနဲ့ အိုးအိမ် တွေစွန့်ပြီး အသက်ရုန်းထွက်ပြေးနေကြရပါတယ်။ ထိုနည်းတူပါပဲ ကျောင်းသားလူငယ် တွေ၊ ပညာတတ်လောင်း တွေဖြစ်တဲ့ အနာဂတ် တိုင်းပြည်ရဲ့  ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ လူငယ်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ အတော်များများကတော်လှန်ရေးထဲ ပြေးဝင်သွားကြတယ်။

နောက် ထပ် အုပ်စုတစ်ခုဖြစ်တဲ့ အခြေခံပညာသင်ကြားနေဆဲဖြစ်တဲ့ ကလေးသူငယ်တွေအနေနဲ့ ကိုဗစ် ရောဂါကြောင့် တစ်နှစ်ကျော် ကျောင်းတတ်ခွင့် ဆုံးရှုံးရသည့်အပြင်၊ နိုင်ငံရေး၊စစ်ရေး အကျပ်အတည်း တွေကြောင့် နောက်ထပ် နှစ်နှစ်ကျော် ထပ်ပြီး ဆုံးရှုံးကြရပြန်ပါတယ်။ ဒါတွေကို ဘယ်လို ဘယ်နည်းနဲ့ ကုစားပေးကြမလဲဆိုတဲ့ မေးခွန်းကို ခုလက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေ၊ တည်ဆောက်ရေးကာလမှာ ခေါင်းဆောင်နေရာကနေ ဦးဆောင်မည့်သူတွေက ခုကတည်းကနေ သေချာတိကျတဲ့ မူဝါဒတွေ ချမှတ် ထားဖို့၊ အစီစဉ်တကျ ရေးဆွဲဖို့လိုအပ် နေပြီဖြစ်တယ်။

အိန္ဒိယနိုင်ငံအခြေစိုက် သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရဆိုရင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ၂၀၂၃ ခုနှစ်အထိ အိန္ဒိယ နိုင်ငံ၊မီဇိုရမ်ပြည်နယ်ထဲ စစ်‌ရှောင်ပြည်သူဦးရေဟာ ၄သောင်း နီးပါးရှိပြီး အဲဒီအထဲက ၃၅၀၀၀ ဦးရေဟာ ကျောင်းတတ်အရွယ် ကလေးသူငယ်တွေဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါ တယ်။ ဒီ ကျောင်းနေ ကလေးသူငယ်များ၏ ဆုံးရှုံးနေတဲ့ ပညာရေးကို ဘယ်လို ကုစားကြမလဲဆိုတာ အလေးအနက် ထားစဉ်းစားမှုများ လိုအပ်တာဖြစ်ပါတယ်။

စာရေးသူအနေနဲ့ စစ်‌‌ရှောင် ကျောင်းသား တွေရဲ့ စိန်ခေါ်မှု နဲ့ ပတ်သက်ပြီး စာတမ်းပြုစုဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ သွားတွေ့ စကားပြော ဖြစ်ပါတယ်။ အဲချိန်မှာ စိတ်ထဲမှာ အတော်လေး စိတ်မကောင်းဖြစ်မိသလို ကလေးသူငယ်များ၏ ကျောင်းတတ်ခွင့်အခွင့်အ‌ရေး ရရှိရေးဟာ လက်ရှိတော်လှန်ရေးနဲ့လည်း တိုက်ရိုက်အချိုး ကျတယ်ဆို တာက ကောက်ချက်ချမိပါတယ်။

ဒီလိုပြောလို့ မီဇိုရမ်ရောက် စစ်ရှောင်ကလေးသူငယ်များအနေဖြင့် လုံးဝ ပညာသင်ကြားခွင့် ဆုံးရှုံး နေကြတာလား ဆိုရင် မဟုတ်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ပြီး မြို့နယ်အလိုက် မြို့နယ် ပညာရေးဘုတ်အဖွဲ့တွေက ဦးစီးဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ ပြည်သူ့အခြေပြုကျောင်းအနေဖြင့် ရုန်းကန်လည်ပတ်နေကြတာကို တွေ့ရပါတယ်။ သို့သော် ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ သင်ကြား ဆိုင်ရာ အတတ်ပညာ လိုအပ်ချက်တွေ၊ နည်းပညာပိုင်းတွေမှာ အတော်လေး လိုအပ်ချက်များရှိသလို ဆရာ/မ မလုံလောက်မှု ပြဿနာတွေလည်း တစ်ပုံတစ်ပင်ကြီးရှိနေသေးတာဖြစ်ပါတယ်။

တချို့မိဘ တွေ၊ ငွေကြေးတတ်နိုင်တဲ့ မိဘတွေအနေနဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေမှာ သူတို့ရဲ့ ကလေးတွေကို ကျောင်းထားကြပြီး အခြေခံလူတန်းစားအဆင့်ရှိသည့် ငွေကြေးမတတ်နိုင်သူတွေက စစ်ရှောင်တွေမှာ ဖွင့်လှစ်သည့် ကိုယ်ထူကိုယ်ထ ကျောင်းတွေကို ကျောင်းထားကြပါတယ် ဒီအချက်ကို ကြည့်ခြင်းဖြင့် လူကြီး(ငွေကြေးတတ်နိုင်တဲ့သူ)တွေက ပြည့်သူအခြေခံကျောင်းများအ‌ပေါ် လုံလောက်တဲ့ ယုံကြည်မှု မရှိတာကို တွေ့ရတာဖြစ်ပါတယ်။ ဒါက တစ်ပိုင်းပါ။

နောက်တစ်ခု အဓိက စိန်ခေါ်ချက်အနေနဲ့  စစ်ရှောင်ကလေးသူငယ်တွေရဲ့ အဆင့်မြင့်ပညာရေး ခရီးဖြစ် ပါတယ်။ အစောပိုင်းကပြောသလို ကိုယ်ပိုင်ကျောင်းတွေမှာ တတ်နေတဲ့ ကလေးသူငယ် တွေအနေနဲ့ တော်လှန်ရေးအောင်၏/မ‌အောင်၏က ပဓာနမကျဘဲ သူတို့အတန်းပညာကို ကောလိပ်၊ တက္ကသိုလ် အထိ အိန္ဒိယနိုင်ငံမှာ သင်ကြားခွင့်ရှိပါသည်။

သို့သော် စစ်ရှောင်စခန်းတွေမှာ ဖွင့်လှစ်နေတဲ့၊ ပြည်သူ့ အခြေပြု၊ ကိုယ်ထူကိုယ်ထ ကျောင်း‌ တွေမှာ တတ်ရောက်နေတဲ့ ကလေးသူငယ်များအနဖြင့် (၁၂)တန်း ပြီးသွားရင် သူတို့၏ ပညာရေး ခရီးက အဆုံးသတ်ပြီလို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ အတန်း အောင်မြင်မှုကို ဒေသခံအစိုးရ တွေက ခုချိန်ထိ အသိမှတ်ပြုတာ မရှိသလို၊ အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့်  (၁၂)တန်းပြီးသွားမည့် ကျောင်းသားတွေအတွက် ကောလိပ်၊ တက္ကသိုလ် တတ်ရောက် နိုင်ရေးအတွက် ဆွေးနွေးစကားပြောထားတဲ့ ကောလိပ်၊တက္ကသိုလ်တွေ မရှိသေးပါ။ ဆွေးနွေး လုပ်ဆောင်နေကြတဲ့အခြေအနေမှာပဲရှိပါသေးတယ်။ ဒီအချက်ကို ကလေးတွေက သိနေကြ ပါတယ်။

ကလေးသူငယ်များအနေဖြင့် တော်လှန်ရေးအောင်ရင် မြန်မာနိုင်ငံပြန်သွားမယ်၊ သူတို့ရဲ့ အတန်းအောင် မြင်မှုကို အယ်ယူဂျီအစိုးရက အသိမှတ်ပြုတယ်ဆိုတာလောက်ပဲ သိနားလည်ကြပါ တယ်။ တော်လှန်ရေးက ဘယ်အချိန်ထိကြာမယ်မှန်းမသိကြပါ။ တော်လှန်ရေးဟာ ၂၀၂၃ခုနှစ်၊ နှစ်အကုန်ပိုင်း အပြောင်းလဲဖြစ်ပြီး၊ စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်‌ရေးကို ၂၀၂၄ ခုနှစ်အတွင်း အပြီးဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ကလေးသူငယ်များ၏ ပညာရေးအတွက် အရမ်းကြီးစိတ်ပူစရာမလိုဘဲ အဆင်ပြေကောင်းပြေပါလိမ့်မယ်။ သို့သော် ဒီအချက်တွေဟာ အိပ်မက်သာမက်ခွင့်ရှိပြီး အပြင်လက် တွေ့ မှာက အလှမ်းဝေးပါသေးတာပါ။

ထို့ကြောင့် ကလေးသူငယ်များ၏ အဆင့်မြင့်ပညာရေးဆက်လက်သင်ကြားနိုင်ရေးကို စစ်‌ရှောင်နိုင်ငံ အစိုးရနဲ့ သေချာ ညှိုနှိုင်းပြီး ကောလိပ်၊ တက္ကသိုလ် တတ်ရောက်နိုင်ရေးကို တာဝန်ရှိသူတွေက အထူး အလေးထား ဆောင်ရွက်ပေးဖို့လိုအပ်တာကို မီးမောင်ထိုးပြချင်ပါတယ်။  တစ်ဖက်မှာလည်း ပြည်တွင်း ၊ပြည်ပ ကလေးသူငယ် များ၏ ပညာရေးသည် တော်လှန်ရေးအောင်မြင်ရေးအပေါ် မှီတင်းနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးခရီးနှင်နေသ၍သည် ပြည်သူ့အခြပြုကျောင်းတွေမှာ တတ်ရောက်နေ ကြသည့် ကလေးသူ ငယ်များ၏ ပညာရေးသည် အာမခံချက် လုံးဝမရှိ သည့်အနေ အထားမှာရှိနေတာဖြစ်ပါတယ်။ ကလေးသူငယ်များ၏ အဆင့်မြင့်အာမချက်ဟာ ပျောက်ဆုံးနေဆဲပဲ ဖြစ်ပါတယ်။ ဒါတွေဟာလက်ရှိ အရှိတရားလည်းဖြစ်ပါတယ်။ ဒီကလေးသူငယ်များ၏ ပညာရေး လမ်းခရီးဟာဆိုရင် တော်လှန်ရေးအောင်မှ အမှောင်ထုကိုဖြိုခွင့်နိုင်မှာဖြစ်တယ်။

– Areng Pui