• Today is: Thursday, February 29, 2024

“ပြဿနာ”

“ပြဿနာ” | မသီတာ-စမ်းချောင်း (ကဗျာရှည်)

ပြဿနာအစစ်ကတော့
ဘယ်ဟာက အဓိကပြဿနာလဲဆိုတာကို
ပြဿနာရှိတယ်လို့ ပြောနေကြသူတွေကြားမှာ
ဘုံသဘောတူညီမှု ရှာမရတာပါပဲ။

ဒီလိုနဲ့ ဘယ်ဟာက ပြဿနာအစစ်ဖြစ်သလဲဆိုတာကို
ရှာကြမယ်ဆိုတာဟာ
အားလုံးရဲ့ အဓိကပန်းတိုင် ဖြစ်မလာဘဲ
ဘုံသဘောတူညီမှု မရသူတွေကြားထဲမှာ
ကိုယ် ထင်မြင်ယူဆထားတဲ့ ပြဿနာရယ်၊
နောက်တစ်စုက ထောက်ပြတဲ့ ပြဿနာရယ်၊
အခြားလူမျိုးစု၊ ပါတီ၊ အသက်မွေးအုပ်စုတွေက
နားလည်လက်ခံထားတဲ့ပြဿနာရယ်၊
ဘယ်ဘက်ကမှမပါရဘဲ
ကြားက ခါးနာနေကြရတဲ့ ဓားစာခံများ
ခံစားနေရတဲ့ ပြဿနာရယ်
အဲဒီလို ပြဿနာမြားမြောင်
ထပ်မံတိုးပွားလာပါတယ်။

ဒါနဲ့ပဲ ပြဿနာက ဘယ်ဟာပါလို့
ဘယ်သူကမှ အတိအကျ မသိကြ၊
မပြောနိုင်ကြပေမဲ့
ပြဿနာတွေက အများကြီးပဲလို့တော့
အားလုံးက လက်ခံထားလိုက်ကြရပါတယ်။

ပြဿနာလို့ ကိုယ် ထင်နေတဲ့ ပြဿနာတွေကို
အသီးသီး ထောက်ပြပြောဆိုတဲ့အခါမှာလည်း
ပြဿနာတွေက များလွန်းတော့
တစ်ယောက်က ထောက်ပြတဲ့ ပြဿနာနဲ့
နောက်တစ်ယောက်က ထောက်ပြတဲ့ ပြဿနာက
တစ်ထပ်တည်း မတူတဲ့အခါ
ဘယ်ပြဿနာက ဘာကြောင့် ပိုကြီးတယ်၊
ပြဿနာပိုဖြစ်တယ်ဆိုတာကို
ငြင်းခုံဖြေရှင်းကြရတဲ့ ပြဿနာတစ်ခု
ပိုလာပြန်တယ်။

အဲဒီပိုလာတဲ့ ပြဿနာကို အရင်ရှင်းကြရင်းက
မူလထောက်ပြခဲ့ကြတဲ့ ပြဿနာအကြောင်းဟာ
မှေးမှိန်သထက် မှေးမှိန်လာတော့တယ်။

ပြဿနာဖြစ်တဲ့အချိန်ကလည်း
မျိုးဆက်တစ်ခုကနေတစ်ခု ပြောင်းသွားတဲ့အထိ
တစ်ဆက်တစ်စပ်တည်း မရပ်မနား ဖြစ်နေလေတော့
မူလပြဿနာအစစ်ကို သိရှိနားလည်သဘောပေါက်သူတွေဟာ
အဲဒီပြဿနာလို သက်ဆိုးမရှည်နိုင်ကြဘဲ
သံသရာခရီးလမ်းက ဘူတာတွေမှာ
ခုန်ချလိမ့်ကျကုန်ကြရော။

ဒီလိုနဲ့ မူလပြဿနာအစစ်ကို မီခဲ့သူတွေရဲ့
အနောက်က မျိုးဆက်တွေကျတော့
ပြဿနာရဲ့ ဇာစ်မြစ်ကို မသိမမီပေမဲ့
ပြဿနာရဲ့ နောက်ဆက်တွဲပြဿနာတွေကို
မျက်မြင်ကိုယ်တွေ့ကြုံရလေတော့
သူတို့အဖို့ မီရာနေရာ မီရာအချိန်တွေမှာ ကြုံရသမျှကိုပဲ
ပြဿနာအစစ်လို့ ထင်ယောင်ထင်မှားနဲ့
လက်သင့်ခံလိုက်ကြပြန်တယ်။

ဒီလိုနဲ့ ရှေ့မျိုးဆက်အတွက်
ပြဿနာအသစ်လို့ ပြောနိုင်တဲ့
ဘယ်ဟာက ပြဿနာပိုဖြစ်တယ်ဆိုတဲ့ နောက်ဆက်တွဲပြဿနာကိုပဲ
ပြဿနာအစစ်လို့ နောက်မျိုးဆက်က
ခံယူလိုက်ကြတယ်။

အဲဒီထဲမှာ အဲဒီနောက်ဆက်တွဲပြဿနာဆိုတာကို
အပြီးတိုင် ချေမှုန်းလိုက်ရင် ငြင်းခုံစရာပြဿနာဟာ
အဆုံးသတ်သွားလိမ့်မယ်လို့ တွေးကြတာ ရှိလာတယ်။

အဲဒီအတွက် ပြဿနာချေမှုန်းရေးကို
အချိန်အကြာကြီး အားသွန်ခွန်စိုက် လုပ်လာရာက
အားလွန်သွား ချေမှုန်းအားတောင့်တင်းသွားတာမို့
အဲဒီပြဿနာချေမှုန်းရေးကိုယ်တိုင်က
ပြဿနာအသစ် ဖြစ်လာတယ်။

ဒါ့အပြင် ရှေ့မျိုးဆက်က ပြဿနာအဟောင်းတွေကို
ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ကြတာဟာ
ပြဿနာကို တိုင်းတာတဲ့ ပေတံနဲ့
ချဉ်းကပ်တဲ့ ရှုထောင့်တွေ
အားနည်းနေတာကြောင့်လို့
နောက်မျိုးဆက်ပီပီ ဆန်းသစ်စွာ တွေးတောလိုက်ကြတယ်။

အဲဒီမှာ ပြဿနာအဟောင်းကို
ပေတံအသစ်၊ ရှုထောင့်အသစ်တွေနဲ့
ဖြေရှင်းဖို့ ကြိုးစားကြမှဖြစ်မယ်လို့ သန္နိဋ္ဌာန်ချကြတယ်။

ခက်တာက အဲဒီမျိုးဆက်မှာလည်း
ဘယ်လိုပေတံအသစ်နဲ့ ရှုထောင့်အသစ်တွေကသာ
မူလဘူတပြဿနာအဟောင်းကို ဖြေရှင်းနိုင်မယ်ဆိုတဲ့အပေါ်
ဘုံသဘောတူညီချက်က မရနိုင်ပြန်ဘူး။

ဒီတော့ ထုံးစံအတိုင်း ပြဿနာအသစ်တစ်ခု တက်လာတယ်။
အဲဒီအချိန်မှာ နောက်ဆုံးတကာ့နောက်ဆုံး ပြဿနာကတော့
မူလဘူတပြဿနာအစစ်ဆိုတာ ဘာလဲလို့
အဖြေရှာဖို့လည်း မဟုတ်သေးဘူး၊
ဘယ်ပြဿနာကိုသာ ဖြေရှင်းအပ်တယ်ဆိုတဲ့
နောက်ဆက်တွဲပြဿနာအသစ်ကို
ငြင်းခုံအဖြေထုတ်ဖို့လည်း မဟုတ်ပြန်ဘူး၊
ပြဿနာချေမှုန်းရေးကိုသာ
ပြဿနာလို့ မြင်တဲ့ ပြဿနာမျိုးလည်း မဟုတ်နိုင်ဘူး၊
အဲဒါက သိပ်ကြာသွားလို့ နောက်မျိုးဆက်က
ပြဿနာအဟောင်းလို့ ထင်သွားပြီး
နည်းစနစ်အသစ်နဲ့ ဖြေရှင်းမှ ရမယ်လို့ သတ်မှတ်ခံရတဲ့
နောက်ထပ်အသစ်ပြဿနာကို အဖြေရှာဖို့လည်း မဟုတ်ရဘူး၊
ဘယ်လိုနည်းနဲ့ ဖြေရှင်းသင့်တယ်ဆိုတာကို
ငြင်းခုံသဘောကွဲလွဲရမယ့် ပြဿနာသာ ဖြစ်တယ်။

အဲဒီလိုနဲ့ မူလဘူတပြဿနာအစစ်ဟာ
ပြဿနာကို ဖြေရှင်းချင်ဇောကြီးသလောက်
ဘယ်ပြဿနာကို ဖြေရှင်းရမယ်ဆိုတာထက်
ဖြေရှင်းနည်း အငြင်းပွားရင်း
ပြဿနာအသစ်အသစ်ကို မွေးဖွားနိုင်စွမ်းသူတွေကြောင့်
ပြဿနာရုပ်လုံးမှန်ကို မမြင်နိုင်တော့တဲ့အထိ
ဖောင်းပွ ကြီးထွား ရှုပ်ပွလာပါတော့တယ်။

နောင်လာနောက်သား မျိုးဆက်များကလည်း
ဖောင်တော်ဦးဘုရားရုပ်ပွားတော်တွေ ဖူးတဲ့အခါ
နဂိုမူလ ပုံပန်းသဏ္ဌာန်ကို မမြင်ဖူးတော့ပေမဲ့
ကုသိုလ်ရဖို့ ရွှေသင်္ကန်းကပ်ကြတာမျိုးလို
မူလဘူတပြဿနာအစစ်ဟာ ဘာကြီးဖြစ်နေနေ
ပြဿနာဖြေရှင်းတတ်ဖို့ လိုတယ်လို့ တွေးပြီး
ပြဿနာ ဖြေရှင်းနည်းတွေကို ငြင်းခုံတဲ့နေရာမှာ
ရပ်မနေကြဘဲ
ဖြေရှင်းတတ်သူတွေရဲ့ အခန်းကဏ္ဍကလည်း
အရေးကြီးတယ်လို့ ခေတ်နဲ့အညီ တွေးခေါ်မြော်မြင်လာကြတယ်။

အဲဒီမှာတင် နောက်ထပ်ပြဿနာအသစ်တစ်ခုကို
ကြုံကြရတော့တာပါပဲ။

အဲဒါကတော့ ပြဿနာဖြေရှင်းခွင့်ရှိသူတွေဟာ
ဘယ်သူတွေလဲ၊ ဘယ်လိုရွေးချယ်ဆုံးဖြတ်မလဲဆိုတဲ့
နောက်ထပ်ငြင်းခုံစရာပြဿနာပဲပေါ့။

ဒါပေမဲ့ ခုမှ မွေးဖွားလာတဲ့ မျိုးဆက်တွေအဖို့
အဲဒီပြဿနာအသစ်ဟာ သူတို့အတွက်တော့
ပြဿနာအဟောင်းပဲလို့ ထင်တယ်။

အဲဒီပြဿနာအဟောင်းကြီးကို
အခုထိ မဖြေရှင်းနိုင်သေးတာကသာ
ပြဿနာနောက်ထပ်အသစ်လို့
အဲဒီမျိုးဆက်က သတ်မှတ်လိုက်ပြီး
အဲဒီနောက်ထပ်အသစ်ပြဿနာကို
အရင်ဆုံးဖြေရှင်းမှ ဖြစ်မယ်လို့ ဆုံးဖြတ်ကြတယ်။

ဒီလိုနဲ့ မူလက အစုအဖွဲ့အသီးသီးက
ဘယ်အရေးကိစ္စတွေကို ပြဿနာလို့ သတ်မှတ်ခဲ့တယ်ဆိုတာကို
ပြန်လည်တူးဆွရှာဖွေဖို့ဆိုတာ
သိပ်ကို ဟောင်းနွမ်းသွားတဲ့ ပြဿနာအဖြစ်
ကျရောက်သွားတယ်။

လတ်တလောမှာ ငြင်းခုံနေရတဲ့အရာဟာ
အဲဒီမူလဘူတပြဿနာတွေထက်
နောက်မျိုးဆက်နှစ်ခုမက
ကြာပြီးမှ ဖြစ်တဲ့ ပြဿနာတွေဆိုတာကို
သတိမပြုနိုင်ကြတော့ဘဲ
ကိုယ့်လက်ထက်မှာ ရှိနေတဲ့ ပြဿနာကိုသာ
တကယ့်ပြဿနာအဖြစ် ရှင်းကြရမယ်လို့
ပြဿနာအစုအပေါင်းကို
အမွေခံကြရတဲ့ မျိုးဆက်တိုင်းက
သတ်မှတ်လိုက်ကြပြန်တယ်။

တနည်းအားဖြင့် ပြဿနာအစစ်ထက်
ပြဿနာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုသာ
ပြဿနာအစစ်လို့ ထင်ပြီး ဖြေရှင်းဖို့ ကြိုးစားကြတာပေါ့။

အဲဒီလိုနဲ့ မူလဘူတပြဿနာတွေဟာ
မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းတဲ့အတိုင်း
ပြဿနာပေါ် ပြဿနာဆင့် ကြီးထွားလာရင်းက
မူလအဆင်အသွေးတွေတောင် ပြောင်းလဲလာကြတယ်။

မူလပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ခင်
နောက်ထပ်နောက်ထပ် ပြဿနာအသစ်တွေကလည်း
အရင့်အရင်က မျိုးဆက်တွေကြားမှာပါမက
လတ်တလောမျိုးဆက်တွေကြားမှာပါ
တိုးပြီးရင်း တိုးလာကြတယ်။

ဒါကြောင့် ပြဿနာတွေဟာ
အဖြေမထွက်ဘူးလို့ ပြောနေရင်းကပဲ
ဘယ်ပြဿနာရဲ့အဖြေကို
အားလုံးက လိုချင်နေတာလဲဆိုတာက
နောက်ထပ်နောက်ဆုံးတကာ့နောက်ဆုံးပြဿနာအသစ်ပါပဲ။

အဲဒါကြောင့် နောက်ပိတ်ဆုံးပြဿနာဟာ
“ဘာပြဿနာလဲဆိုတာကို မသိတဲ့ပြဿနာ”သာ ဖြစ်ကြောင်း၊
ဒါမှမဟုတ် ပြဿနာအစစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို
ပြဿနာလို့ ထင်ယောင်ထင်မှား ဖြစ်တဲ့ ပြဿနာသာဖြစ်ကြောင်း၊
သို့တည်းမဟုတ် ပြဿနာကို ဖြေရှင်းလိုသူများရဲ့
ပြဿနာမျက်ခြည်ပြတ်တဲ့ ပြဿနာသာ ဖြစ်ကြောင်း၊
ပြဿနာသတင်း မောင်းကြေးနင်းခတ်လိုက်ရပါတယ်။
ပြဿနာ ဒူဝေဝေ။ ။

မသီတာ-စမ်းချောင်း