• Today is: Saturday, March 2, 2024

နွေဦးတော်လှန်ရေးနဲ့ တရားဝင်မှု ဘယ်လဲဘာလဲ (စကားဝိုင်းအနှစ်ချုပ်)

နွေဦးတော်လှန်ရေးနဲ့ တရားဝင်မှု ဘယ်လဲဘာလဲ (စကားဝိုင်းအနှစ်ချုပ်)

တရားဝင်မှုအခြေခံနဲ့ လက်တွေ့ဖြစ်ရပ်အပေါ်ဆွေးနွေးခြင်း

၁။ ပထမဦးဆုံးအနေနဲ့ နွေဦးတော်လှန်ရေးအပေါ်လူငယ်တဦးအတွက် အိမ်မက်က ဘာဖြစ်မလဲ။

Naw Zember Paw ၊ Founder / Food Not Bombs Kawthoolei

လူငယ်တွေရဲ့ မျှော်လင့်ချက်က တိုင်းပြည်ရဲ့အနာဂတ်ကို တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို လက်တွေ့ဆောင်ရွက် ပြီးမှ ငြိမ်ချမ်းတဲ့ လွတ်လပ်တဲ့တိုင်းပြည်ဖြစ်လာဖို့ ဖြစ်တယ်။

ကိုစောထွန်း – ဥက္ကဋ္ဌ ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)

လူငယ်တိုင်းမှာအိပ်မက်ရှိပါတယ်။ တော်လှန်ရေးလုပ်နေတဲ့လူငယ်တွေမှာတော့ တော်လှန်ရေး အိပ်မက်တွေ ရှိတယ်။ အာဏာရှင်စနစ်ကို ဖယ်ရှားပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ပြန်ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စု ပေါ်ပေါက်စေချင်တဲ့ အိပ်မက်တွေရှိတယ်။ နိုင်ငံရေးသမားမဟုတ်တဲ့ လူငယ်တွေမှာလည်း သူတို့ရဲ့စိတ်ကူးတွေ သူတို့ရဲ့ ဖန်တီးနိုင်စွမ်း စွမ်းအားတွေကို လွတ်လွတ်လပ်လပ်အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်တွေ ရှိကြမှာပဲ။

၂။ တော်လှန်ရေးအတွက် အင်အားဖြစ်စေဖို့ နိုင်ငံရေးအရ ခိုင်မာတဲ့ တရားဝင်မှု ရရှိဖို့ဆိုရင် ဘာတွေက အခရာ ကျမယ်လို့ မြင်ပါသလဲ။

ဆလိုင်း ထွန်းလင်းအောင်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား များသမဂ္ဂ

ပြည်သူလူထုနဲ့ တသားတည်းကျရေး၊ ပြည်သူလူထုနဲ့ ဘယ်လိုပုံစံဆက်ဆံမလဲဆိုတာက အဓိက ကျမယ် ထင်တယ်။ တော်လှန်ရေးပဲလုပ်လုပ်၊ နိုင်ငံရေးပဲ လုပ်လုပ် ပြည်သူလူထုက ကိုယ့်ဘက်မှာ မရှိရင် တရားဝင်မှုရမှာ မဟုတ်ဘူး။

သော်တာဆွေ ၊ Director / Legal Aid for Human Rights

နယ်မြေဘယ်လောက်ထိ ထိန်းချုပ်ထားနိုင်မလဲဆိုတာ အရေးကြီးဆုံးဖြစ်တယ်။ တရားဝင်အစိုးရ ဖြစ်ဖို့ သတ်မှတ်ထားတဲ့ စံနှုန်းတော့ မရှိဘူး။ နိုင်ငံရေးအရ တရားဝင်မှု ရဖို့ဆိုရင် ပြည်သူကလက်ခံရမယ်၊ နိုင်ငံတကာက လက်ခံရမယ်၊ နိုင်ငံရေးအင်အားစုတွေ တပေါင်းတစည်းထဲ လက်ခံထားဖို့၊ နိုင်ငံရေးအင်အားစုတွေ အားလုံးလက်ခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာ ထွက်ပေါ်လာဖို့လိုတယ်။ တိုင်းရင်းသား လူမျိုးစုအားလုံးက လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရှင်းရှင်းလင်းလင်းချပြဖို့လိုတယ်။ အရေးအကြီးဆုံးက transformational leader လိုအပ်တယ်။

၃။ အခရာကျမယ့် အမြင်ကို ပြောခဲ့ကြပြီဆိုတော့ နောက်ထပ် တဆင့်တိုး စဉ်းစားရအောင်ပါ။ ဆိုတော့ တရားဝင်မှု (Legitimacy) ကို ဆိုတာဘာလဲ၊ ဘယ်လို နားလည်ထားပါသလဲ။

ကိုစောထွန်း – ဥက္ကဋ္ဌ ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)

တရားဝင်မှုကို အများစုက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တိုင်းတာကြတယ်။ဒါပင်မဲ့ အဲ့ဒါတစ်ခုတည်းနဲ့ တိုင်းတာလို့ မရဘူး။ မြန်မာနိုင်ငံက ဖွဲ့စည်းပုံတွေက အာဏာရှင်စနစ်ကို အားပေးတယ်။ အာဏာရှင်တွေကြိုးကိုင် ရေးဆွဲထားတယ်။ အာဏာရှင်ရဲ့ ဖွဲ့စည်းပုံနဲ့ တိုင်းမရဘူး။ အလွယ်ဆုံးနဲ့ အရှင်းဆုံးနည်းက ကျွန်တော်တို့က ပြည်သူကို ဘယ်လောက်ကိုယ်စားပြုပြီး ဘယ်လောက်အထိ တာဝန်ယူနိုင်မလဲ။ ပြည်သူတွေကရော ဘယ်လောက်ထိ အသိအမှတ်ပြုပြှး ပါဝင်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

သော်တာဆွေ ၊ Director / Legal Aid for Human Rights

Legitimacy နဲ့ပတ်သက်ပြီးပြောကြတာ သူတို့က ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ထားတာ ပြည်သူ့ mandate ရထားတာ။ သူတို့က legitimacy ဖြစ်တယ်။ legitimacy အရဆို တော်လှန်ရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အောက်က သွားနေတာက မဖြစ်သင့်ဘူး။ တကယ့် legitimacy ဖြစ်ဖို့ဆိုရင် တိုင်းရင်းသားတွေရော ပြည်သူလူထုကပါ လက်ခံနိုင်တဲ့ ဟာမျိုးဖြစ်ရမယ်။ ပြည်သူက လက်ခံထားတဲ့ NUG က တော်လှန်ရေးအစိုးရဖြစ်တယ်။ တော်လှန်ရေးအစိုးရအနေနဲ့ လုပ်ရမှာ တာဝန်ယူမှု တာဝန်ခံမှု အသီးသီးရှိတယ်။ ဒါတွေကိုလုပ်နိုင်ရင် legitimacy ဖြစ်တယ်လို့ပြောရမှာပဲ။

၄။ နိုင်ငံတနိုင်ငံမှာ အစိုးရအဖြစ် တရားဝင်မှုကို ဘယ်လို သတ်မှတ်သင့်တယ်လို့ ထင်ပါသလဲ။

Naw Zember Paw ၊ Founder / Food Not Bombs Kawthoolei

အစိုးရအဖြစ်တရားဝင်သတ်မှတ်ဖို့ ဂုဏ်အင်္ဂါ ၄ပါးရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ ပြည်သူနဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ ရှိရမယ်၊ အုပ်ချုပ်တဲ့ နယ်မြေရှိရမယ်။ ဒါတွေရှိမှ အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတကာပါ အသိအမှတ်ပြုလို့ရမယ်။ ပြည်သူကိုလုံခြုံစိတ်ချပြီး ငြိမ်းချမ်းတဲ့ ဘဝဖြစ်ဖို့ဆိုရင် ဒေါက်တိုင် ၃ခုကိုလည်း သေချာလုပ်ဖို့လိုတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး စတဲ့ ဒေါက်တိုင် ၃ ခုကိုလည်း သေသေချာချာ အလုပ်လုပ်ပေးဖို့လိုတယ်။

ဆလိုင်း ထွန်းလင်းအောင်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား များသမဂ္ဂ

ဘယ်လိုပဲတရားဝင်တယ်ပြောပြော တစ်နိုင်ငံတည်းပဲ ရပ်တည်လို့ မရတဲ့ အပိုင်းတွေ တွေ့ရတယ်။ အစိုးရဖြစ်မယ်ဆိုရင် မြေပြင်မှာ ပြည်သူတွေကို အုပ်ချုပ်နိုင်ဖို့လိုတယ်။ နိုင်ငံတကာက အသိအမှတ်ပြုဖို့လိုတယ်။ နိုင်ငံတကာနဲ့ဆက်ဆံတာတွေ ပြုလုပ်ဖို့လိုတယ်။ ဒါမှ legitimacy လို့ခေါ်တယ်။ ဒုတိယအချက်အနေနဲ့ အုပ်ချုပ်တဲ့သူရှိရမယ်။ အုပ်ချုပ်တဲ့သူက ကျွန်တော်တို့ အမှန်တကယ်ထောက်ခံပြီး အုပ်ချုပ်တာလား။ မြန်မာစစ်တပ်လို ပြည်သူလူထုကိုအကြောက်တရားနဲ့ လွှမ်းမိုးအုပ်ချုပ်တာလားဆိုတာလည်း သိဖို့လိုမယ်။

၅။ အထက်ကမေးခွန်းနဲ့ ဆက်စပ်ပြီး နွေဦးတော်လှန်ရေးမှာ မစိမ်းတော့တဲ့ စကားလုံး နှစ်လုံး Dejure and Defacto အခြေခံကနေ တရားဝင်မှုကို လက်ရှိ တော်လှန်ရေးအစိုးရ NUG ကို ဘယ်လိုဖော်ဆောင် စေချင်ပါသလဲ။

သော်တာဆွေ ၊ Director / Legal Aid for Human Rights

De jure တရားဝင်နည်းလမ်းက ဥပဒေအရပေးထားတဲ့ အာဏာအပ်နှင်းမှု၊ De facto က လက်တွေ့ကျတဲ့ အုပ်ချုပ်ရေးနည်းလမ်း၊ NUG အနေနဲ့ de facto တဲ့ အချို့နေရာတွေရှိတယ်။ အလုံးစုံတော့မဖြစ်သေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်လည်း အဓိက ကျတဲ့ အုပ်ချုပ်ရေး တရားစီရင်ရေး ဥပဒေပြုရေး ကိုမလုပ်နိုင်သေးဘူး။ NUG အနေနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာ အားကောင်းတယ်။ စစ်တပ်အနေနဲ့က တရားဝင်မှုရရှိရေးကိုလုပ်ဆောင်နေပင်မဲ့ ဘယ်နေရာမှ တရားဝင်မှု မရသေးဘူး။ NUG အနေနဲ့ De facto မဖြစ်သေးဘူး။ De jure အနေနဲ့ဆိုရင်လည်း ဖက်ဒရယ်constitution မထွက်သေးတဲ့အတွက် မဖြစ်သေးဘူး။ ကြားဖြတ်အစိုးရပုံစံမဟုတ်ပဲ တော်လှန်ရေးအစိုးရပုံစံပဲရှိသေးတယ်။

ကိုစောထွန်း – ဥက္ကဋ္ဌ ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)

De jure က ဘယ်သူလဲ၊ de facto က ဘယ်သူလဲ၊ ကျွန်တော်တို့တွေ ကွဲကွဲပြားပြား မြင်ဖို့လိုတယ်။ De jure ဖြစ်ဖို့ကို ဖွဲ့စည်းပုံတစ်ခုတည်းနဲ့ တိုင်းမရဘူး။ အဲ့ဒီ ဖွဲ့စည်းပုံ ကိုင်ပြီး de jure ဖြစ်တယ်ပြောမရဘူး။ လက်နက်ကိုင်တော်လှန်ရေးဆင်နွဲ့ကြတဲ့ အုပ်စုတွေရှိတယ်။ သူတို့ ဘယ်တုန်းက စစ်အာဏာရှင်ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအောက်မှာ အလုပ်မလုပ်ခဲ့ကြဘူး။ သူတို့ပြည်သူတွေကလည်း ဒါကို ရာခိုင်နှုန်းအများစု ထောက်ခံအားပေးကြတယ်။ ၂၀၂၀ ရွေးကောက်ပွဲအရ ၂၀၀၈ ကိုင်ပြီးတက်လာတာကိုလည်း de jure ဖြစ်တယ်ပြောလို့ရတယ်။ ပြည်သူတွေကိုအလုပ်အကျွေးပြုတဲ့ EAOs တွေ မျိုးကိုလည်း သူတို့က de jure ဖြစ်တယ်လို့ မြင်တယ်။ သူတို့မှာ de jure ကိုတရားဝင်ထုတ်ပြော ခွင့်မရှိတဲ့အတွက် semi de jure လို့ပြောလို့ရတယ်။ de jure နဲ့ de facto ကိုအခြေခံပြီး မဟုတ်ပဲ de jure နဲ့ semi de jure ကနေမှ NUG ကို ပိုအားကောင်းအောင် လုပ်သင့်တယ်။

ဆလိုင်း ထွန်းလင်းအောင်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား များသမဂ္ဂ

De jure ဆိုတာနဲ့ ရွေးကောက်ပွဲက လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ။ NUG မှာ နေရာ အများဆုံးယူထားတဲ့သူတွေ၊ de facto လို့ပြောလိုက်တာနဲ့ တော်လှန်ရေးသမားတွေလို့ မြင်ကြတယ်။ ၂ ခုလုံးက ၂၀၀၈ ကိုဖျက်သိမ်းလိုက်ပြီး။ legal legitimacy ကမရှိတော့ဘူး။ De performance legitimacy ပဲရှိတော့တယ်။ ပြည်သူကိုအလုပ်အကျွေးပြုတဲ့ legitimacy ပဲရှိတယ်။ NUG အစိုးရအနေနဲ့လည်း အတိုင်းအတာတစ်ခု legitimacy ရှိတယ်။ တော်လှန်ရေးအင်အားစုမှာလည်း အတိုင်းအတာတစ်ခု legitimacy ရှိတယ်။ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေမှာပဲ de jure ကိုင်ထားတယ်။ သူတို့မှာပဲ အစိုးရနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ဖျောက်ဖို့လိုတယ်။ ပိုကောင်းတဲ့ လမ်းကြောင်းရဖို့ ၂ ခုစလုံး ကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။

Naw Zember Paw ၊ Founder / Food Not Bombs Kawthoolei

နိုင်ငံရေးအရ စနစ်တစ်ခုကိုပြောင်းဖို့ဆို အတွေးအခေါ်အယူအဆကို ပြောင်းဖို့လိုတယ်။ စနစ်နဲ့ အခြေခံမူဝါဒပိုင်းတွေကို အခိုင်အမာ တည်ဆောက်ပြီးမှသာ တရားဝင်ဖြစ်မှုဆိုတာ သွားနိုင်မယ်လို့ မြင်ပါတယ်။ NUG အနေနဲ့ အစိုးရတစ်ရပ်အနေနဲ့တရားဝင်မှုကို ရချင်တယ်ဆိုရင် ပါတီစွဲ ဝါဒစွဲ လူမျိုးစွဲတွေကို စွန့်လွှတ်ပြီးမှ ဌာနေလူမျိုးစုတွေနဲ့ အပြုသဘော လက်တွေ့လုပ်ဆောင်မှုတွေ၊ တရားမျှတမှုနဲ့ တန်းတူညီမျှရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီရဲ့ ကျင့်စဥ်တွေကို လက်တွေ့ အကောင်အထည် ဖော်သွားမှသာလျှင် သူ့ရဲ့ တရားဝင်မှုဖြစ်နိုင်မှုက ဖြစ်လာမှာပါ။

နွေဦးတော်လှန်ရေးနဲ့ တရားဝင်မှုအပေါ် ဆွေးနွေးသုံးသပ်ခြင်း

၁။ တရားဝင်မှုလို့ပြောရင် နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ NUG နဲ့ စစ်ကောင်စီတို့ကလည်း နိုင်ငံတကာ အဝန်း အဝိုင်းထဲမှာ တရားဝင်မှု ရရှိနိုင်ရေး စင်ပြိုင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒီအင်အားစု နှစ်ခုရဲ့ ကြိုးစား မှုက ဘာတွေ ကွာခြားနေလဲ။ ဒီအင်အားစု နှစ်ခုရဲ့ လက်ရှိနိုင်ငံရေးအရ ရလဒ်က ဘယ်လိုကွားခြား တယ်လို့ မြင်လဲ။

ဆလိုင်း ထွန်းလင်းအောင်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား များသမဂ္ဂ

စစ်တပ်ရဲ့ တရားဝင်မှုနှုန်းက ကျလာတယ်။ စစ်တပ်ကိုပိတ်ဆို့မှုပိုလုပ်လာတယ်။ NUG ကတော့ တရားဝင်မှုကို အတိုင်းတာ တစ်ခုအထိရလာတယ်။ NUG ကိုမြန်မာနိုင်ငံရဲ့ အစိုးရတစ်ရပ်အနေနဲ့ တရားဝင် အသိမှတ်ပြုတာ မဟုတ်ရင်တောင် NUG အနေနဲ့လက်ခံနိုင်တဲ့အနေအထားရှိတယ်။ ဒါကြောင့်လည်းနိုင်ငံတကာမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ခွင့်ရတယ်။ စစ်တပ်က ရှိပြီးသား အာစီယံ အစည်းအဝေး တောင်တပ်ခွင့်မရှိတော့ဘူး။ NUG က လုပ်နိုင်တာထက် ပိုကျယ်လာတယ်။

သော်တာဆွေ ၊ Director / Legal Aid for Human Rights

UN stage မှာ ပြည်သူ့ကိုယ်စားပြုအနေနဲ့ ဦးကျော်မိုးထွန်းပဲရှိတယ်။ စစ်တပ်က ခြေချခွင့်တောင်မရတော့ဘူး။ အင်အားကြီးတဲ့ နိုင်ငံတွေမှာ NUG က အားကောင်းတာတွေ့ရတယ်။ စစ်ကောင်စီကို အသိအမှတ်မပြုဘူးဆိုတာ ထင်ရှားတယ်။ တရုတ်၊ အိန္ဒိယတို့က ၂ဖက်လုံး ခွထိုင်တယ်။ သူတို့ရဲ့ အကျိုးစီးပွားထိခိုက်မှာစိုးရိမ်တယ်။ အာစီယံမှာက မလေး၊ အင်ဒို၊ စင်္ကာပူတို့က လုံးဝ အသိအမှတ်မပြုဘူး။ စစ်ကောင်စီကို ထိုင်းနဲ့ ကမ္ဘောဒီးယားလောက်ပဲ အသိအမှတ်ပြုတာ။ သူတို့ကလည်း အာဏာရှင်ကို စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေပဲဖြစ်တယ်။

၂။ စစ်ကောင်စီက ဇူလိုင် ၃၁ ရက်နေ့က ၄ ကြိမ်မြောက် ၆ လ သက်တမ်းပြန်တိုးပြီးတော့ သူရဲ့ကောင်စီဝင်တွေ၊ အစိုးရအဖွဲ့ ဝန်ကြီးတွေလည်း နေရာအများကြီး အပြောင်းအလဲ လုပ်လိုက်တာကို တွေ့ရပါတယ်။ ဒီလိုပြောင်းလဲ ဖွဲ့စည်းလိုက်တာက ဘာကိုပြနေတယ်လို့ ထင်ပါသလဲ။

Naw Zember Paw ၊ Founder / Food Not Bombs Kawthoolei

၂၀၀၈ ဆိုတာ မတရားအုပ်ချုပ်ဖို့ရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ မတရားအုပ်ချုပ်ဖို့ရေးထားတာကို လက်တွေ့ကျင့်သုံးလိုက်တာပဲဖြစ်ပါတယ်။ စစ်ကောင်စီက ဒီလို သက်တမ်းတိုးတယ်ဆိုတာကလည်း ပြည်သူကို မတရားလုပ်ဖို့ သက်တမ်းတိုးတာပဲဖြစ်တယ်။

ကိုစောထွန်း – ဥက္ကဋ္ဌ ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)

သူတို့ အပြောင်းအလဲလုပ်တယ်ဆိုတာ ပြည်သူကို ခေတ်အဆက်ဆက် ဖိနှပ်ခဲ့တဲ့ လုပ်ငန်းစဥ်၊ မူဝါဒ၊ future planတွေအတွက် ပြင်ဆင်နေတဲ့ အခင်းအကျဥ်းလို့ မြင်တယ်။ သူတို့ရဲ့ အုပ်ချုပ်ရေးကာလ သက်တမ်းတိုးတာက သူတို့ လိုချင်တဲ့ အခြေအနေ မရောက်မချင်း ဆက်တိုးနေမှာပဲ။

၃။ တဘက်က စစ်ကောင်စီရဲ့ အာဏာသိမ်းတာအပါအဝင် သက်တမ်းတိုးနေတဲ့ ကိစ္စတွေ အားလုံးဟာ သူတို့ စစ်တပ် ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်နေတာ ဖြစ်လို့ တရားဝင်မှု မရှိဘူးလို့ ထောက်ပြကြပါတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုသုံးသပ်ချင်လဲ။

သော်တာဆွေ ၊ Director / Legal Aid for Human Rights

၂၀၀၈ စဆွဲကတည်းက ကလိန်ကျတယ်။ ကလိန်ကျတဲ့ ဖွဲ့စည်းပုံ နဲ့အလုပ်လုပ်တယ်လို့ပြောတယ်။ သမ္မတကိုဖမ်းတဲ့ ကိစ္စမှာဆို ဖွဲ့စည်းပုံ ပုဒ်မ ၂၁၅ မှညပြဌာန်းထားတယ်။ နိုင်ငံတော် သမ္မတကို အခြားအကြောင်းနဲ့ တရားစွဲလို့မရဘူး။ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၀၀၊ ၄၀၂ မှာဆိုရင် ရွေးကောက်ပွဲရဲ့ လုပ်ဆောင်ချက်က အတည်ဖြစ်တယ်လို့ ပြောထားတယ်။ အခုဆိုရင် သက်တမ်းတိုးတာ ၄ ကြိမ်ရှိပြီး။ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၁၉ နဲ့ ၄၂၅ အရ ၂ကြိမ်ထက်ပိုပြီး တိုးခွင့် မရှိဘူး။ အဲ့ဒ့ါကို ဥပဒေကိုချိုးဖောက်ပြီး ဥပဒေအတိုင်းသွားနေတယ်လို့ ပြောတယ်။

ဆလိုင်း ထွန်းလင်းအောင်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား များသမဂ္ဂ

သူတို့က ၂၀၀၈ ကိုရေးကတည်းက ဒီလိုဖြစ်လာဖို့ ကြိုတင်ပြင်ဆင်ပြီးသားပဲ။ ဒီအာဏာသိမ်းမှုဖြစ်တော့ ကာလုံခေါ်တယ်။ ကာလုံကို ၁၁ ယောက်နဲ့ ဖွဲ့တယ်။ ကာလုံမှာ ပြည်သူက ရွေးထားတာ သမ္မတ၊ ဒုသမ္မတ နဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ပါတယ်။ ကျန်တဲ့ ဟာတွေက တပ်က ခန့်ထားတာပဲ ဖြစ်တယ်။ တိုင်းပြည်မှာ ဘာမှ မဖြစ်တဲ့ အခြေအနေမှာတောင် ကာလုံခေါ်ပြီးမဲခွဲရင် စစ်တပ်က အနိုင်ရမှာပဲ။

၄။ တရားဝင်မှုလိုချင်တဲ့ အစိုးရတွေအနေနဲ့ ပြည်သူတွေအပေါ် ဘယ်လို တာဝန်ယူမှု၊ တာဝန်ခံမှု ထားရမလဲ။

Naw Zember Paw ၊ Founder / Food Not Bombs Kawthoolei

ပြည်သူကို တာဝန်ယူ တာဝန်ခံမယ်ဆိုရင် မူဝါဒ သဘောတရားတွေက တရားမျှတမှုရှိဖို့လိုမယ်။ ဒီဟာကလည်း တိုင်းပြည်တစ်ခုလုံးမှာ ရှိတဲ့ ပြည်သူကို တာဝန်ယူ တာဝန်ခံနိုင်တဲ့ အစိုးရ တစ်ရပ် ဖြစ်လာမှာ ဖြစ်တယ်။ အဲ့ဒီမူဝါဒ သဘောတရားတွေကို အခြေခံတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ဒီတော်လှန်ရေးမှာ အမှန်တကယ်ပေါ်ပေါက်လာဖို့လိုတယ်။

ကိုစောထွန်း – ဥက္ကဋ္ဌ ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)

ပြည်သူအပေါ် တော်လှန်ရေးအပေါ် လက်ရှိဖြစ်နေတဲ့ အခင်းအကျင်း အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုအပ် တယ်။ အစိုးရဆိုတာ ပြည်သူတစ်ရပ်လုံးကိုတာဝန်ယူနိုင်မှ အစိုးရဖြစ်လာတာပါ။ လက်ရှိက တော်လှန် ရေး ဖြစ် တယ်။ ဒီအဖြစ်အပျက်ပေါ်မှာ ရင်ဆိုင်နေရတဲ့ ပြည်သူတွေရဲ့ အကြပ်အတည်းတွေရှိတယ်။ ဒီလိုအပ်ချက် တွေ အကုန်လုံးကိုတာဝန်ယူဖို့လိုတယ်။ NUG ကအလွယ်ဆုံးပြောရရင် တပ်ပေါင်းစုပုံစံအခြေခံထားတယ်။ သူတို့ထဲမှာ နိုင်ငံရေးအရ ဦးဆောင်မယ့်အစုအဖွဲ့ လိုအပ်တယ်။ NUG ကိုကြည့်မယ်ဆိုရင် Key player က NLD ဖြစ်တယ်။ Key player လုပ်ရမယ့် အင်အားစုတွေက တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်။

၅။  လက်ရှိ နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တရားဝင်မှု ကြိုးစား နေတဲ့အပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဆလိုင်း ထွန်းလင်းအောင်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား များသမဂ္ဂ

NUG အနေနဲ့ ပြည်သူကို False hope ပေးတာ မျိုးမလုပ်သင့်ဘူး။ လက်တွေ့ မဆန်ပဲလုပ်နေတာတွေ ဆင်ခြင်သင့်ပြီး။ ပါတီစွဲတွေ ဖျောက်ဖို့လိုတယ်။ NUG ကိုယ်တိုင်ကလည်း ၂၀၀၈ ကို သံယောဇဉ် ပြတ်ပုံမရနေဘူး။ ပြတ်ပြတ်သားသား လုပ်ဖို့လိုတယ်၊ လက်တွေ့ကျတာတွေလုပ်ဖို့လိုတယ်။

သော်တာဆွေ ၊ Director / Legal Aid for Human Rights

NUG က တလရ အစိုးရဖြစ်တယ်။ အစိုးရကိုယ်တိုင် လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်။ အစိုးရက အစိုးရပုံစံသွားရမယ်။ NGO လိုပုံစံသွားနေတာတွေက မဖြစ်သင့်ဘူး။ တော်လှန်ရေးမှာ ပါဝင်လာတဲ့သူတိုင်းက NLD ကို နှစ်သက်လွန်းလို့မဟုတ်ဘူး။ တရားမျှတမှုကို လိုလိုလားလားရပ်တည်တဲ့သူတွေဖြစ်တယ်။ ဘယ်အစိုးရ တပ်တပ် ပြည်သူကို မျက်နှာမူပြီးလုပ်ရမှာ ဖြစ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း အစိုးရအနေနဲ့ တာဝန်ယူမှုရှိရမယ်။ NUG CRPH တို့ရဲ့ ပြောရေးဆိုခွင့် ရတဲ့သူတွေမဟုတ်ပဲ လိုင်းပေါ်တက်ပြီး live လွှင့်ပြောနေတာကို မထိန်းနိုင်တော့ဘူးလား။

Naw Zember Paw ၊ Founder / Food Not Bombs Kawthoolei

တရားမျှတပြီး တန်းတူညီမျှ ရှိတဲ့ မူဝါဒရှိဖို့လိုတယ်။ အစိုးရတစ်ရပ်မှာရှိတဲ့ ကျင့်ဝတ်ဥပဒေတွေကိုလိုက်နာဖို့လိုတယ်။ လက်တွေ့ပြုပြင်ပြောင်းလဲလုပ်ဆောင်နိုင်မှ ပြည်သူတွေရဲ့ ဘဝကို တာဝန်ယူ တာဝန်ခံနိုင်မှာဖြစ်တယ်။

ကိုစောထွန်း – ဥက္ကဋ္ဌ ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)

NUG က လုပ်နိုင်သလောက် လုပ်နေတာကိုတွေ့ရတယ်။ သူတို့ ကြိုးစားမှုကိုလည်း တန်ဖိုးထားဖို့ လိုသလို တစ်ဖက်မှာလည်း ပြောသင့်တာကို ပြောဖို့လိုတယ်။ လက်ရှိမှာ NUCC က လွှတ်တော်ဖြစ်ရမယ်။ NUCC ရဲ့ဆွေးနွေးမှုတွေကို အကောင်အထည်ဖော်ပေးရမှာ NUG ဖြစ်တယ်။ ဒီနှစ်ခုကြား ပီပီပြင်ပြင် စနစ်တကျသွားဖို့လိုတယ်။ NUCC က CRPH တစ်ခုတည်းမဟုတ်ပဲနဲ့ တိုင်းရင်းသားကိုယ်စားလှယ်၊ယ၂၀၂၀ အနိုင်ရအမတ်နဲ့ strike ပုံစံနဲ့ ရတဲ့နည်းနဲ့တော်လှန်နေတဲ့ ကျောင်းသားလူငယ်တွေနဲ့ လွှတ်တော် အခင်းအကျင်း မျိုးတည်ဆောက်ဖို့လိုတယ်။ လွှတ်တော်အခင်းအကျင်းကနေ ဆွေးနွေးမှုတွေကို NUG အစိုးရအနေနဲ့ အကောင်အထည်ဖော်ပေးဖို့လိုတယ်။