• Today is: Thursday, April 18, 2024

ကျောက်ဖြူမှ ဖမ်းဆီးခံရသူများကို AA နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်လွှတ်ပေး

ကျောက်ဖြူမှ ဖမ်းဆီးခံရသူများကို AA နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်လွှတ်ပေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၈ ရက်၊ ၂၀၂၃။
 
‌ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် ဖမ်းဆီး ခဲ့သူများကို နှစ်ဖက်စလုံးက ပြန်လည်လွှတ်ပေးလိုက်ပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
 
ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုဟန်လင်းအား မနေ့က ညနေ ၈ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လွှတ်ပေးပြီးနောက် ရက္ခိုင့်တပ်တော်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒီနေ့မှာ ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ လိပ်ခမော်‌‌ကျေးရွာ အုပ်စု ဂေါ်တူကျေးရွာမှ ULA အုပ်ချုပ်ရေး အဖွဲ့ဝင် ကိုဟန်လင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က ကျောက်ဖြူမြို့သို့ ဖုန်းပြုပြင်ရန် ရောက်ရှိ လာခဲ့ပြီ အပြန်တွင် ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
 
ULA တပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက် ရက္ခိုင့်တပ်တော်မှလည်း စစ်ကောင်စီတပ်မှ အရာရှိ အဆင့် မင်းသူ၊ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် သူရအောင်နဲ့ မြင့်စိုးဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ Arakan Princes Media (APM) သတင်းမှာ ဖော်ပြထားပါတယ်။
 
ထိုကဲ့သို့ ဖမ်းဆီးမှုတွေကြောင့် ကျောက်ဖြူမြို့နယ်တွင် နှစ်ဖက်တပ်တို့ကြား တင်းမာမှုဖြစ်ပွားခဲ့ပြီး နောက် အခုအချိန်တွင် ပြန်လည်လွှတ်ပေးလိုက်ကြတဲ့အတွက် ပုံမှန်အခြေအနေဖြစ်သွားပြီးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
” အခုကတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ အချင်းချင်းညှိနှိုင်းပြီးတော့ သူတို့လူတွေကိုလည်း ပြန်လွှတ်ပေးလိုက်ပါပြီ။ မနက် ၁၁ နာရီလောက်က စစ်သားကို လွှတ်ပေးလိုက်တယ်။ ညနေမှာ ရဲနှစ်ယောက်ကို လွှတ်ပေးလိုက်တယ်” လို့ ဆိုပါတယ်။
 
လက်ရှိအခြေအနေဟာ တစ်ဖက်နဲ့တစ်ဖက် အာဏာအားပြိုင်နေချိန်ဖြစ်ပေမယ့် စစ်ကောင်စီက အလျော့ပေးပြီး ညှိနှိုင်းနေရတဲ့ အခြေအနေလို့ ကျောက်ဖြူမြို့က လူငယ်နိုင်ငံရေးသမား တစ်ဦးကဆိုပါတယ်။
 
“ကိုယ့်လူကိုဖမ်းတဲ့အတွက် သူတို့လူတွေကို ချက်ချင်းပြန်ဖမ်းတယ်။ အဲ့တွက် သူတို့ဖက်က လာပြီး တော့ ညှိနှိုင်းတယ်။ လက်ရှိအနေအထားမှာ စစ်ကောင်စီက အားမတင်ဝံ့တဲ့အနေအထားတစ်ခုရှိတယ်။ ဒါတွေက ရခိုင်ပြည်သူတွေအတွက် ကောင်းကျိုးတစ်ခုလို့ ပြောလို့ရတယ်” လို့ ဆိုပါတယ်။
 

ဓါတ်ပုံ – CJ