• Today is: Wednesday, May 29, 2024

KNU ဗဟိုက NCA ပျက်ပြယ်ပြီလို့ပြောပေမယ့် KNU တပ်မဟာ ၇ ဘားအံခရိုင်ဥက္ကဌက ကိုင်ထားဆဲ

KNU ဗဟိုက NCA ပျက်ပြယ်ပြီလို့ပြောပေမယ့် KNU တပ်မဟာ ၇ ဘားအံခရိုင်ဥက္ကဌက ကိုင်ထားဆဲ

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၆ ၊ ၂၀၂၃။
 
KNU ဗဟိုက NCA ပျက်ပြယ်ပြီလို့ ပြောထားပေမယ့် NCA စာချုပ်ကို KNU ကရင် အမျိုးသား အစည်း အရုံးက တရားဝင်ပျက်ပျယ်ကြောင်း ထုတ်ပြန်ကြေငြာခြင်း မရှိသေးတာကြောင့် NCA ကို အခြေခံပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာသွားမယ်လို့ KNU တပ်မဟာ ၇ ဘားအံခရိုင် ဥက္ကဌ စောအောင်မော်ဧ ကတော့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်က ကျင်းပခဲ့တဲ့ KNU ၁၇ ကြိမ်မြောက် ကွန်ဂရက် အောင်မြင်စွာကျင်းပနိုင်တဲ့ ရက် ၁၀၀ ပြည့် အထိမ်းအမှတ်နဲ့ သတင်းစာရှင်းလင်းပွဲမှာ KNU ဗဟို ဥက္ကဌနဲ့ အထွေထွေ အတွင်းရေး မှူးတို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ဟာ စစ်အာဏာသိမ်းမှု ကြောင့် ပျက်ပြယ် သွားပြီးလို့ အတိအလင်းပြောကြားခဲ့တာပါ။
 
အခု တပ်မဟာ ၇ ဘားအံခရိုင်ဥက္ကဌ ထုတ်ပြန်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကော်သူးလေအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကတော့ FJMM ကို အခုလို မှတ်ချက်ပြုပါတယ်။
 
” KNU ဗဟိုက​နေ NCA ကို ပြန်ကိုင်ထားတယ်လို့ ​တရားဝင်​ပြောထားမျိုးမဟုတ်ပါဘူး။ ဒီစာဟာ ခရိုင်တစ်ခုရဲ့ ဥက္ကဋ္ဌ အကြီးအကဲကထုတ်ပြန်ထားတဲ့စာ ဖြစ်တဲ့ အတွက် KNU ဗဟို​ကော်မတီတင်​တွေရဲ့ ​သ​ဘောထား ဟုတ်မ​နေပါဘူး။ KNU မှာ ဖယ်ဒရယ်ဒီမိုက​​ရေစီစနစ်ကို ​ထောက်ခံ အား​ပေး တည်​ဆောက်​နေတာဖြစ်လို့ သူ့အစိုးရအတွင်းရှိ ခရိုင်အလိုက်ကိုလည်း သူတို့ရဲ့ အုပ်ချုပ်ခွင့်အာဏာကို ​ပေးထားတာဖြစ်တာ ​တွေ့ရတယ်။ “
 
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှု နေရာအနှံ့ အပြားရှိခဲ့ပေမယ့် တပ်မဟာ ၇ နယ်မြေကတော့ တိုက်ပွဲ ဖြစ်ပွားမှု နည်းပါးတဲ့ နယ်မြေတစ်ခု ဖြစ်ခဲ့ ပါတယ်။ ဒါပေမယ့် ဘားအံခရိုင်ဟာ အရင်ကာလတွေက စစ်ဒဏ်ကို ပြင်းထန်စွာ ကြုံတွေ့ခံစားခဲ့ရတဲ့ ဒေသတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
 
တပ်မဟာ ၇ ဘားအံခရိုင်ဥက္ကဌရဲ့ အခုလို စာထုတ်ပြန်မှု​ကြောင့် ဘားအဲခရိုင်က ပြည်သူ​တွေအတွက် စစ်​ရေးအရ တစုံတရာ သက်သာရနိုင်တယ်လို့ မှတ်ချက်ပြု ကြ ပါတယ်။
 
တဘက်မှာလည်း ဒီကနေ့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ဝေတဲ့ စစ်ကောင်စီအာဘော် မြန်မာ့အလင်း သတင်းစာကတော့ KNU ဘားအံခရိုင်ဥက္ကဌ စောအောင်မော်ဧ ရဲ့ NCA နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် ကို ကဏ္ဍကြီးတခုအဖြစ် ရေးသားဖော်ပြထားတာလည်း တွေ့ရပါတယ်။