• Today is: Thursday, April 18, 2024

တိုက်ပွဲ(၃)လကျော်အတွင်း မယ်စဲ့၊ ပန်းတိန်ကျေးရွာက ဘာသာရေးအဆောက်အဦးနဲ့ လူနေအိမ် (၃၀၀)နီးပါး ပျက်စီးဆုံးရှုံးခဲ့ရ

တိုက်ပွဲ(၃)လကျော်အတွင်း မယ်စဲ့၊ ပန်းတိန်ကျေးရွာက ဘာသာရေးအဆောက်အဦးနဲ့ လူနေအိမ် (၃၀၀)နီးပါး ပျက်စီးဆုံးရှုံးခဲ့ရ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၂၈၊ ၂၀၂၃

ကရင်နီပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား ထိုင်း-ကရင်နီ နယ်စပ် မယ်စဲ့မြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့က စတင်ပြီး နှစ်ဖက်ထိတွေ့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် (၃)လ ကျော်ကြာ တိုက်ပွဲတွင်း ပန်းတိန်ကျေးရွာထဲက ဘာသာရေး အဆောက်အဦးများနဲ့ လူနေအိမ် (၃၀၀) နီးပါး မီးရှို့ ဖျက်ဆီး ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အိမ်မီးရှို့ထားခံရတာနဲ့ပတ်သက်ပြီး ပန်းတိန်ကျေးရွာဒေသခံ ဒေါ်တူ ပြောပြတာက ” ကျမတို့ရွာက မယ်စဲ့ မြို့နယ်ထဲမှာ လူနေအိမ်ပျက်စီးမှု အများဆုံးထဲက ရွာလို့ပြောလို့ရတာပေါ့၊ မယ်စဲ့မှာ တိုက်ပွဲ ဖြစ်တဲ့ (၃)လကျော်အတွင်း ကျမတို့ရွာမှာ လူနေအိမ် (၃၀၀)နီးပါးပျက်စီးခဲ့ရတယ်၊ ဘုရား ကျောင်း (၂)လုံး လည်းပျက်စီးတယ်၊ အိမ်တွေက လက်နက်ကြီးနဲ့ လေယာဉ် ထိ​ပြီး ပျက်စီးတာ နည်းနည်း မီးရှို့ ဖျက်စီးခံရတာ များများပါဘဲ”

ပန်းတိန်ကျေးရွာဟာ ၁၉၉၉ ခုနှစ်က စတင်တည်ထားတဲ့ ရွာဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်တွင် ပန်းတိန် ကျေးရွာ မှာ နယ်ခြားစောင့်တပ်-BGF (1004)တပ်ရင်းကို လာရောက်ပြီး တပ်စခန်း တည်ဆောက်ခဲ့တဲ့ ကျေးရွာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင်အထိ ပန်းတိန်ကျေးရွာမှာ အိမ်ခြေ( ၃၁၀ )ဝန်းကျင်လောက်ရှိပြီး၊ လူဦးရေမှာ (၁၂၀၀)ကျော်ခန့် ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီထဲမှာ ကယန်းလူမျိုးအများဆုံး နေထိုင်သည့် ကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ကရင်နီ ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် တိုက်ပွဲများကြောင့် မယ်စဲ့ဒေသခံများဟာ တဘက် နယ်စပ်ထိုင်းနိုင်ငံထဲ တိမ်းရှောင် ခိုလှုံခဲ့ကြရ ပါတယ်။

ဒါပေမယ့် အခုတော့ တချို့ဒေသခံများဟာ တိုက်ပွဲအခြေအနေ မတည်ငြိမ်သေး သော်လည်း နယ်စပ် ထိုင်းနိုင်ငံထဲ နေထိုင်ရတာ အဆင်မပြေမှုတွေ ရှနေတာကြောင့် မယ်စဲ့မြို့နယ်ထဲ နေရပ်ပြန် နေကြ ပြီလို့ သိရပါတယ်။

ဓါတ်ပုံ – CJ