• Today is: Thursday, April 18, 2024

စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ဟိုတယ်တွေမှာ မတည်းခိုကြဖို့ အင်းလေးတော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ဟိုတယ်တွေမှာ မတည်းခိုကြဖို့ အင်းလေးတော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၃၀၊ ၂၀၂၃

ပြည်သူ‌တွေအနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ဟိုတယ်တွေမှာ မတည်းခိုကြဖို့ အင်းလေးတော်လှန်ရေး အင်အားစုတွေ မေတ္တာရပ်ခံ အသိပေး တိုက်တွန်းလိုက်ပါတယ်။

အင်းလေးမှာ ကျင်းပမယ့် ဖောင်တော်ဦးဘုရားပွဲကို လာရောက်မယ့် ခရီးသွားဧည့်သည်တွေအနေနဲ့ စစ်တပ်မိသားစုဝင်ပိုင် ဟိုတယ်တွေနဲ့ စစ်တပ်ထောက်ခံတဲ့ ဟိုတယ် တွေမှာ မတည်းခိုကြဖို့ မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

“အင်းလေးဒေသကို အလည်အပတ်လာရောက်မယ့် ဧည့်သည်တွေအနေနဲ့ ဒီစစ်တပ်မိသားစုပိုင်၊ စစ်တပ် ထောက်ခံမရဏဟိုတယ်တွေကို ရှောင်ရှားပြီး အခြားဟိုတယ် တွေမှာသာ တည်းခိုကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်”လို့ အင်းလေးအမျိုးသမီးသမဂ္ဂက ပြောပါတယ်။

အင်းလေးအမျိုးသမီးသမဂ္ဂက အင်းလေးဒေသရှိ စစ်တပ်မိသားစုပိုင်၊စစ်တပ်ထောက်ခံဟိုတယ် ၁၇ခုရဲ့ စာရင်းကို စက်တင်ဘာလ ၂၀ရက်က ထုတ်ပြန် အသိပေး ထားပြီး အဲဒီဟိုတယ်တွေမှာ မတည်းခိုကြဖို့ မေတ္တာရပ်ခံလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်ပိုင်နဲ့ စစ်တပ်ရဲ့ ဒေါက်တိုင်ဟိုတယ်‌တွေမှာ မတည်းခိုခြင်းဖြင့် တော်လှန်ရေးကို ပါဝင်ကူညီပေးကြပါလို့ ပြည်သူတွေကို ပြောချင်ပါတယ်”လို့ အင်းလေး ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

အင်းလေးဖောင်တော်ဦးဘုရားဒေသစာရီ ကြွချီအပူဇော်ခံပွဲကို အောက်တိုဘာ ၁၅ရက်မှာ ဖောင် တော်ဦး ဘုရားကနေ အင်းလေးဒေသထဲက ၂၁ ဌာနကို စတင်ကြွချီမှာဖြစ်ပြီး ၁၇ ရက်ကြာ ပြီးတဲ့ နောက် နိုဝင်ဘာလ ၁ရက်မှာ ဖောင်တော်ဦး ရတနာစံကျောင်းတော်ကို ပြန်လည်ဆိုက်ရောက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲတော်ကို စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ပြန်လည်ကျင်းပတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ဘာသာရေးအယောင်ပြပွဲတွေမှာ မပါဝင်ကြဖို့ အင်းလေးအပါအဝင် ရှမ်းတောင်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံထားပါတယ်။

ဓါတ်ပုံ – အင်းလေးအမျိုးသမီးသမဂ္ဂ