• Today is: Thursday, May 30, 2024

အင်းလေးကို ဆက်ကြေးလာကောက်တဲ့ ပျူစောထီး ၂ဦးနဲ့ အမျိုးသမီး ၁ဦးတို့ သေဆုံးမှုဖြစ်

အင်းလေးကို ဆက်ကြေးလာကောက်တဲ့ ပျူစောထီး ၂ဦးနဲ့ အမျိုးသမီး ၁ဦးတို့ သေဆုံးမှုဖြစ်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၇၊ ၂၀၂၃
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဆက်ကြေးလာကောက်တဲ့ ပျူစောထီး ၂ဦးနဲ့ အမျိုးသမီး ၁ဦး ဒီဇင်ဘာလ ၁၆ရက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
 
အင်းလေးအနောက်ဖက်ကမ်း၊ မင်းချောင်းနောက်ကျေးရွာမှာ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ ပျူစောထီး ၂ဦးနဲ့ အမျိုးသမီး ၁ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် သွားတာလို့ ဆိုပါတယ်။
 
“မနေ့ည ၆နာရီလောက်က ဖြစ်သွားတာပါ၊ ၃ယောက်လုံးပွဲချင်းသေသွားတယ်။ သူတို့က ညောင်ရွှေ ပျူစောထီးနာမည်ခံပြီး ဆက်ကြေးကောက်တာ၊ ဒေသခံတွေကို အနိုင်ကျင့်ဗိုလ်ကျတာ၊ တော်လှန်ရေး နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခိုင်းတာတွေလုပ်နေတာကြာပြီ”လို့ သတင်းရင်းမြစ်တစ်ဦးက FJMM ကို ပြောပါတယ်။
 
ပစ်သတ်ခံရသူတွေက ပျူစောထီခေါင်းဆောင် ကိုအောင်စိုးလွင်၊ ကိုကျော်ဟိန်းနဲ့ ဇနီးဖြစ်သူတို့ဖြစ်ပြီး အလောင်းတွေကို ‌ညောင်ရွှေပြည်သူ့ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
 
လက်ရှိအချိန်မှာတော့ မင်းချောင်းနောက်နဲ့ အနီးပါတ်ဝန်းကျင်ကျေးရွာတွေ၊ ကျေးရွာချင်းဆက် လမ်းမတွေမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်ထားပြီး ဒေသခံတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – CJ (ပုံဟောင်း)