• Today is: Saturday, March 2, 2024

ဖက်ဒရယ်ယူနစ်အသစ်တွေကို ဘယ်လို ဖော်ဆောင်သင့်သလဲ (စကားဝိုင်းအနှစ်ချုပ်)

ဖက်ဒရယ်ယူနစ်အသစ်တွေကို ဘယ်လို ဖော်ဆောင်သင့်သလဲ (စကားဝိုင်းအနှစ်ချုပ်)

ဖက်ဒရယ်ယူနစ် ပုံဖော်လာတဲ့ အခင်းအကျင်းများအပေါ် ဆွေးနွေးခြင်း

(၁) မှတ်ချက်နဲ့ စကားဝိုင်းကို ဖွင့်ချင်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေးလှုပ်ရှားမှုကို အခြေခံပြီး စဉ်းစား မယ်ဆိုရင် နွေဦးတော်လှန်ရေးအရွေ့က ဖက်ဒရယ်ဒီမိုကရစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် ဘယ်လောက် ရုပ်လုံး ပေါ်နေပြီလို့ ဆိုနိုင်ပါသလဲ။

ကိုမင်းလွင်ဦး (လူထုစည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ၊ DDMSC)

နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုကို ဘယ်လောက်အထိ မဟာမိတ်အင်အားစုအသီးသီးက စုဖွဲ့ထားနိုင်ပြီလဲ။ ပြည်ထောင်စုအဆင့် ဘယ်လောက်အထိ လုပ်ဆောင်နိုင်ပြီလဲဆိုတဲ့အပေါ် သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဆရာမ မယ်အေး (တရားလွှတ်တော်ရှေ့နေ)

နွေဦးတော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် အတိုင်းအတာတခုအထိ တွန်းပို့နိုင်တယ်လို့ ပြောလို့ရပါတယ်။ အရင်ကလှုပ်ရှားခဲ့တဲ့ လုပ်ဆောင်မှုလည်း ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အကျိုးပြုခဲ့တာရှိပါတယ်။ လက်ရှိအချိန်အထိ ရုပ်လုံးပေါ်မှုအပေါ် တိုင်းတာပြဖို့ ခက်ခဲပါတယ်။ ဖက်ဒရယ်ရေးရာနဲ့ပတ်သက်ပြီး ပြည်သူတွေ ပိုသိလာကြတယ်။ လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေ အသီးသီးကလည်း ဖက်ဒရယ်ကို လက်ခံပြောဆိုလာကြပြီဖြစ်ပါတယ်။

(၂)  ဖက်ဒရယ်ယူနစ် တစ်ခုဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုနိုင်မလဲ။ စစ်မှန်တဲ့ ဖက်ဒရယ်ယူနစ်ကို ဘယ်လို တည်ဆောက်ပြီး စဉ်းစားသင့်ပါမလဲ။  

ဆလိုင်းဒိုခါရ် (တည်ထောင်သူ၊ India for Myanmar)

ဖက်ဒရယ်ယူနစ်ဆိုတာ ဖက်ဒရယ်နိုင်ငံမှာဆိုရင် လက်ရှိအခေါ်အဝေါ်ကတော့ ပြည်နယ်လို့ ခေါ်လို့ ရပါတယ်။ လူမျိုး၊ ဘာသာ၊ စီးပွားရေး၊ ဘာသာစကားအပေါ်အခြေခံပြီးတော့ ဖက်ဒရယ်ယူနစ်ကို ဖော်ဆောင်လေ့ရှိပါတယ်။ မတူကွဲပြားမှုကို အခြေခံတာဖြစ်ပါတယ်။ လူဦးရေနဲ့ နယ်မြေအပေါ်မှာ အခြေခံတာရှိပေမဲ့ နည်းပါတယ်။ လက်ရှိအချိန်မှာ အထိန်းအကွပ်မဲ့နေတဲ့အခြေအနေတွေ ဖြစ်ပါတယ်။ နောက်ပိုင်း ဖက်ဒရယ်ကိုတည်ဆောက်ရာမှာ ဖက်ဒရယ်ယူနစ်အရေအတွက်များတာကို ကြိုက်သလဲ၊ ဖက်ဒရယ်ယူနစ်နည်းနည်းနဲ့ ကျစ်ကျစ်လစ်လစ်တည်ဆောက်ကြမလားဆိုတာက တော်လှန်ရေးအင်အားစုတွေ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ် အများကြီးမူတည်ပါတယ်။

(၃) NUCC ရဲ့ CDM မူဝါဒမှာ ကာလသုံးခုကို ဖော်ပြထားတဲ့အပေါ် ဆရာ/မတို့အနေနဲ့ တော်လှန်ရေးကာလ၊ ကြားကာလ နဲ့ အသွင်ကူးပြောင်းရေးကာလဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချင်ပါသလဲ။ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ဘယ်ကာလမှာ စတင်ဆွေးနွေးသင့်ပါသလဲ။

ဆရာမ မယ်အေး (တရားလွှတ်တော်ရှေ့နေ)  

လက်ရှိကာလတစ်ခုလုံးကို တော်လှန်ရေးကာလလို့ သတ်မှတ်ချင်ပါတယ်။ တော်လှန်မှုမပြီးသေးတဲ့ ကာလကို တော်လှန်ရေးကာလလို့ ပြောလို့ ရပါတယ်။ ဖက်ဒရယ်ကို အရင်ကတည်းက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဘယ်ကာလမှမဆို ဆွေးနွေးသင့်ပါတယ်။ အားလုံးပါဝင်ရေး၊ ကိုယ်စားပြုရေးနဲ့ အပြန်အလှန်လေးစားမှုအပေါ် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အရေးကြီးဆုံးက ရိုးသားမှု ဖြစ်ပါတယ်။ မှားတယ်ဆိုရင်လည်း ရဲရဲဝင့်ဝင့် ထောက်ပံ့ပေးဖို့ လိုပါတယ်။

ဆလိုင်းဒိုခါရ် (တည်ထောင်သူ၊ India for Myanmar)

ကြားကာလ၊ အသွင်ကူးပြောင်းရေးကာလ၊ အတည်တကျအစိုးရကာလလို့ NUG က သတ်မှတ်ထားတဲ့အပေါ် အမြင်ကွဲပြားမှုရှိပါတယ်။ ကျွန်တော်ကတော့ ကာလ (၄) ပါးလို့ သတ်မှတ်လို့ပါတယ်။ လက်ရှိကာလကို တော်လှန်ရေးကာလလို့ သတ်မှတ်ပါတယ်။ စကစနဲ့ဆွေးနွေးတဲ့အချိန်ကို ကြားကာလလို့ သတ်မှတ်ပါတယ်။ တော်လှန်ရေးကာလ၊ ကြားကာလနဲ့ အသွင်ကူးပြောင်းရေးကာလကို အစိုးရသက်တမ်းကာလနဲ့ သတ်မှတ်လို့ မရပါဘူး။ လက်ရှိတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် အစိုးရအပေါ်အခြေခံပြီး သတ်မှတ်လို့ မရပါဘူး။

(၄) CRSH, CRMH, CRTH အဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဥပဒေ မူကြမ်း အတည်ပြုမှုနဲ့ ပတ်သက်ပြီး ကြိုဆိုတဲ့ အဖွဲ့အစည်းတွေရှိသလို တဖက်မှာလည်း ပြည်သူ့အသံ ပါဝင်မှု နည်းတဲ့အပေါ် ထောက်ပြပြောဆိုနေတဲ့ အဖွဲ့အစည်းတွေလည်း ရှိလာတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါအုံး။

ကိုမင်းလွင်ဦး (လူထုစည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ၊ DDMSC)  

CRTH ကနေပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဥပဒေ မူကြမ်း အတည်ပြုမှုနဲ့ပတ်သက်ပြီး ကန့်ကွက်ခဲ့ပါတယ်။ တတိယအကြိမ်လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ထိုလွှတ်တော်ခေါ်ယူမှုဟာ ဘယ်တရားဝင်မှုအပေါ် အခြေခံခဲ့ပါသလဲ။ De facto ရှိနေတဲ့ မြေပြင်အဖွဲ့အစည်းတွေကို မတိုင်ပင်ဘဲနဲ့ ဥပဒေကို အတည်ပြုမှုဟာ လုပ်ခွင့်မရှိဘူး။ ပြည်နယ်ကောင်စီပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေတဲ့ကာလမှာ ဥပဒေပြုပြီး ကော်မတီကို ဖွဲ့စည်းမှုဟာ အတော်ဆိုးပါတယ်။ ဥပဒေမူကြမ်းရေးဆွဲရာမှာလည်း NLD ပါတီက ၉ ယောက် ကျန်တဲ့လူထုကိုယ်စားပြုမှုက ၁ ယောက်ပါဝင်ပြီးအတည်ပြုခဲ့တာ ဖြစ်ပါတယ်။ NLD ပါတီက ကိုယ်စားပြုမှုကို ရှိပေမဲ့ လက်ဦးမှုရယူပြီးတော့ အခုလိုမျိုး လုပ်ခွင့်မရှိပါဘူး။

(၅) CRSH, CRMH, CRTH အဖွဲ့တွေက ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ဥပဒေမူကြမ်းဟာ ဖွဲ့စည်းပုံရေးဆွဲခြင်းဆိုင်ရာ ရှုထောင့်နဲ့ ဥပဒေလုပ်ထုံးလုပ်နည်း ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် ဘယ်လို သုံံးသပ်လို့ ရနိုင်ပါသလဲ။

ဆရာမ မယ်အေး (တရားလွှတ်တော်ရှေ့နေ)  

ဖက်ဒရယ်စနစ်တစ်ခုကိုတည်ထောင်မယ်ဆိုရင် လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဖက်ဒရယ်ကို တည်ဆောက်မယ်ဆိုရင် (၁) ရှိရင်းစွဲဖွဲ့စည်းပုံံကို ပြန်ပြီးသုံးသပ်ဖို့လိုတယ်လို့ ပြောရပေမဲ့ လက်ရှိမှာ ဖွဲ့စည်းပုံဖျက်သိမ်းထားပြီး ဖြစ်ပါတယ်။ (၂) ပါဝင်မှု၊ တိုင်ပင်မှုရှိလား။ (၃) ဥပဒေမူကြမ်းရေးဆွဲရေးမှာ တိုင်ပင်ဆွေးနွေးမှု ရှိလား။ (၄) အာဏာမျှဝေမှု ရှိလား။ (၅) အရင်းအမြစ်မျှဝေခွဲဝေမှုရှိလား။ (၆) ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားခြင်း။ (၇) ပြည်သူကို အသိပညာပေးမှု ရှိလား။ (၈) ဥပဒေအရ အာမခံချက် ရှိလား။ (၉) အားလုံးပါဝင်မှုရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှု ရှိလား။ (၁၀) ကိုယ်ရည်ကိုယ်သွေးမြှင့်တင်မှု ရှိလား။ (၁၁) နိုင်ငံတကာနဲ့ ဒေသတွင်းအသိအမှတ်ပြုမှု ရှိလား။ (၁၂) စောင့်ကြည့်ထောက်ပြမဲ့ အဖွဲ့အစည်းတွေ၊ ယန္တရားတွေ ရှိနေသလား။ ဆိုတဲ့ လမ်းစဉ်တွေအပေါ်အခြေပြုပြီး ဖက်ဒရယ်စနစ်တစ်ခုကို တည်ဆောက်ရမှာဖြစ်ပါတယ်။

၆) CRSH, CRMH, CRTH အဖွဲ့တွေက ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ဥပဒေ မူကြမ်း အတည်ပြုပြီး ကျင့်သုံးကြမယ်ဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်ပါသလဲ။ အငြင်းပွားမှုနဲ့ မကြေ လည်မှုတွေ ရှိလာနိုင်ပါသလား။

ဆလိုင်းဒိုခါရ် (တည်ထောင်သူ၊ India for Myanmar)  

            ဥပဒေအတည်ပြုမှုကစပြီး တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ကန့်ကွက်ခဲ့ကြပါတယ်။ ရန်သူကို ကန့်ကွက်မှုကလွဲရင် တော်လှန်ရေးအစုအဖွဲ့တွေ အများဆုံးကန့်ကွက်ခံရတဲ့ ကိစ္စဖြစ်တဲ့အတွက် ရှက်ဖို့ကောင်းပါတယ်။ ဒီလုပ်ရပ်က တော်လှန်ရေးကို မူပိုင်ခွင့်ယူလိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီကိစ္စကို ကိုင်တွယ်ဖို့၊ စုစည်းဖို့အတွက် တာဝန်ရှိသူက ဖက်ဒရယ်ရေးရာဝန်ကြီးဌာနဖြစ်ပါတယ်။ ဒီဥပဒေကို ကျင့်သုံးမယ်ဆိုရင် တော်လှန်ရေးမှာ အပြိုင်အဆိုင်အစုအဖွဲ့တွေ ပေါ်လာလိမ့်မယ်။

ပြည်သူ့တော်လှန်ရေးကနေ အဖွဲ့အစည်းတော်လှန်ရေးဖြစ်လာမယ်ဆိုရင် တော်လှန်ရေးကျဆုံးသွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ယူနစ် အရေအတွက်တွေ များလာလိမ့်မယ်။ ဒီထက်ထပ်ဆိုးသွားရင် ပြည်သူတွေက နှစ်ဘက်လုံးကို မထောက်ခံတော့ဘဲ ကိုယ့်စီးပွားရေးကိုယ်ကရုစိုက်လာတာတွေ ဖြစ်လာရင် တော်လှန်ရေး ကျဆုံးသွားနိုင်ပါတယ်။

တော်လှန်ရေးထဲမှာ NLD က ပါဝင်နေတယ်ဆိုပေမဲ့ အခြားအဖွဲ့အစည်းလည်း ပါဝင်နေတယ်ဆိုတာကို လက်ခံဖို့ လိုပါတယ်။ နိုင်ငံရေးလောဘတက်နေလို့ မရပါဘူး။ CRSH လို လွှတ်တော်ကိုယ်စားလှယ်က Facilitate လုပ်ရမှာ ဖြစ်ပါတယ်။ ဦးဆောင်ပြီး အားလုံးကို ဆုံးဖြတ်လုပ်ဆောင်လို့ မရပါဘူး။

ကိုမင်းလွင်ဦး (လူထုစည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ၊ DDMSC)

တော်လှန်ရေးအင်အားစုတွေ ကွဲလာနိုင်ပါတယ်။ လူထုတော်လှန်ရေးဖြစ်တဲ့အတွက် လူထုက ထောက်ခံတဲ့ အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို အလေးထားဖို့ လိုပါတယ်။ အချိန်ကာလလည်း ကြာလာတဲ့အချိန်မှာ ပြည်သူတွေ ပိုမိုကြပ်တည်းလာချိန်မှာ တော်လှန်ရေးကို ပိုမိုစုစည်းပြီး အားစိုက်လုပ်ဆောင်ရမဲ့အချိန်ဖြစ်ပါတယ်။ CRTH အနေနဲ့ အမှားအပေါ် တောင်းပန်ပြီး အားလုံးနဲ့ချိတ်ဆက်ပူးပေါင်းပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ်ယူနစ် အခင်းအကျင်း ဖြစ်ပေါ်လာနိုင်ရန် ဆွေးနွေးခြင်း

၁) CRSH, CRMH, CRTH ဘက်က စဉ်းစားလာတဲ့ ဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံဆိုင်ရာ ဥပဒေ မူကြမ်းမှာတော့ ဖက်ဒရယ်ယူနစ်ဆိုတဲ့ စဉ်းစားချက်အပြင် ပထဝီဝင်ဒေသ အခေါ်အဝေါ်ကိုတော့ တိုင်းဒေသကြီး ဆိုပြီး ဆက်ကျင့်သုံးထားတာ တွေ့ရပါတယ်။ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုအတွက် ဆိုရင် အဲဒီပထဝီဝင် ဒေသ အခေါ်အဝေါ် အသုံးအနှုန်းက ပြောင်းလဲဖို့ လိုအပ်ပါသလား။ ဘယ်လို စဉ်းစားချက်မျိုး ရှိကြပါသလဲ။

ကိုမင်းလွင်ဦး (လူထုစည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ၊ DDMSC)

နယ်နိမိတ်သတ်မှတ်ချက်တွေကတော့ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက ၂၀၀၈ ဖွဲ့စည်းပုံက သတ်မှတ်ခဲ့တဲ့အမည်ဖြစ်တဲ့အတွက် ဆက်ပြီး မသုံးသင့်ဘဲ တနင်္သာရီပြည်နယ် (သို့) တနင်္သာရီယူနစ်လို့ ခေါ်လို့ ရပါတယ်။ အမျိုးသားတန်းတူညီမှုရရှိဖို့အတွက် ဗမာပြည်နယ်ဖွဲ့စည်းဖို့အတွက် စဉ်းစားသင့်ပါတယ်။ လက်ရှိအခြေအနေအတိုင်းသွားမယ်ဆိုရင် သိပ်မထူးခြားမှာ မဟုတ်ပါဘူး။

(၂) ဖက်ဒရယ်ပြည်ထောင်စုအသစ်တည်ဆောက်ရေးမှာ မြေပုံအပြောင်းအလဲ လုပ်ဖို့လိုသလား။ သို့မဟုတ် လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီး (၁၄) အတိုင်း ဆက်လက်ကျင့်သုံးသလား။ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သုံးသပ်ပေးပါအုံးရှင့်။  

ဆလိုင်းဒိုခါရ် (တည်ထောင်သူ၊ India for Myanmar)

တော်လှန်ရေးဦးဆောင်သူနဲ့ ပြည်သူတွေရဲ့ တောင်းတလိုလားချက် ဖြစ်ပါတယ်။ လူမျိုးအသီးသီးရဲ့ လုပ်ဆောင်ချက်နဲ့ လိုလားချက်အပေါ်မူတည်ပြီး စဉ်းစားသင့်ပါတယ်။ ဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေး ဆိုင်ရာမူနဲ့ပတ်သက်ပြီး NUCC က ဦးဆောင်ရေးဆွဲနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ လက်ရှိအခြေအနေမှာ လျှို့ဝှက်အာဂျင်တာတွေက နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှာ ရှိကြပါတယ်။ ဘုံံရန်သူကြောင့် စုစည်းတယ်ဆိုတာထက် နိုင်ငံရေးကတိကဝတ်အပေါ် အခြေခံစုစည်းဖို့ လိုပါတယ်။

တော်လှန်ရေးအလွန်မှာ ဖက်ဒရယ်ယူနစ်အရေအတွက် ဘယ်လောက်ပေါ်လာနိုင်မလဲဆိုတာက ဒီအပေါ်မှာ အများကြီး မူတည်ပါတယ်။ ကိုယ်တွယ်မှု မှားယွင်းရင် ဖက်ဒရယ်အခြေပြုတော်လှန်ရေးတွေ အများကြီး ထပ်မံပေါ်လာနိုင်ပါတယ်။ မတူကွဲပြားမှုတွေအပေါ် အခြေခံပြီး အထူးပြုစဉ်းစားဖို့ လိုပါတယ်။ ဖက်ဒရယ်ယူနစ်တွေအကြားမှာ ဖက်ဒရယ်ဖော်ဆောင်မှုအားကောင်းဖို့ လိုပါတယ်။ ဖက်ဒရယ်ယူနစ် ပေါ်လာရေး ကို ကြောက်စရာမလိုပါဘူး။

ဆရာမ မယ်အေး (တရားလွှတ်တော်ရှေ့နေ)

            ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် မြေပုံနယ်နိမိတ်ပြောင်းလဲဖို့ လိုပါတယ်။ နယ်နိမိတ် ပြန်လည်သတ်မှတ်ရာမှာ မတူကွဲပြားမှုနဲ့ လူမျိုးတွေ ပြန့်ကြဲစွာနေထိုင်မှု၊ ပထဝီအနေအထား၊ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ မတူညီတဲ့ အင်အားစုတွေကို အခြေခံပြီး ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မတူညီတဲ့ နိုင်ငံရေးသမိုင်းကြောင်းနဲ့ မတူကွဲပြားမှုအပေါ် လေးစားတန်ဖိုးထားဖို့လိုပါတယ်။

တိုင်းပြည်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံပြီး စဉ်းစားသင့်ပါတယ်။ လူမျိုးစုလူဦးရေ မညီမျှမှုနဲ့ ဖက်ဒရယ်ယူနစ်အချင်းချင်းကြား ပဋိပက္ခဖြေရှင်းရေးအတွက် ပြင်ဆင်ထားဖို့လိုပါတယ်။ အရင်းအမြစ်မျှဝေမှုနဲ့ အရင်းအမြစ်ခွဲဝေမှုကို အခြေခံပြီး ရေးဆွဲသင့်ပါတယ်။

(၃) လာမယ့် ကြားကာလတွေမှာ ကျင့်သုံးနိုင်ဖို့ ဥပဒေတွေကို ရေးဆွဲတဲ့ လုပ်ငန်းစဉ်တွေမှာ ဘယ်လိုအင်အားစု တွေက အဓိကထားပြီး ပါဝင်သင့်တယ်လို့ ယူဆပါသလဲ။ ဘယ်လိုလုပ်ငန်းစဉ်နဲ့ ဆောင်ရွက်သင့်ပါသလဲ။

ကိုမင်းလွင်ဦး (လူထုစည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ၊ DDMSC)

နိုင်ငံဆိုတာက ပြည်သူလူထုဖြစ်ပါတယ်။ ပြည်နယ်ဆိုတာက ပြည်နယ်တွင်းပြည်သူတွေ ဖြစ်ပါတယ်။ ဖက်ဒရယ်ယူနစ်စုဖွဲ့မှုအတွက် အားလုံးပါဝင်ရေးမလုပ်နိုင်ရင်တောင် မဖြစ်မနေပါဝင်ရမဲ့အဖွဲ့တွေ ပါဝင်ပေးဖို့ လိုပါတယ်။ တိုင်းရင်းသားလူနည်းစုတွေရဲ့ ဆန္ဒတွေကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ လူထု အသံကို လုံလောက်အောင်ကိုယ်စားပြုမှုရှိရှိနဲ့ ဥပဒေကိုရေးဆွဲဖို့ လိုပါတယ်။

ဆလိုင်းဒိုခါရ် (တည်ထောင်သူ၊ India for Myanmar)

ဥပဒေရေးဆွဲရာမှာ ဘယ်အဖွဲ့တွေ ပါဝင်သင့်သလဲဆိုရင် ကိုယ်တိုင်လိုက်နာရမဲ့သူတွေကိုယ်တိုင် ပုံစံမျိုးစုံနဲ့ ပါဝင်ရေးဆွဲဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ ယူနစ်ကိုယ်စားပြု အစုအဖွဲ့တွေ စုဖွဲ့နိုင်ဖို့ လိုပါတယ်။ NUCC ဟာ ယူနစ်ကိုယ်စားပြုအစုအဖွဲ့တွေနဲ့သာ စုဖွဲ့ဖို့လိုပါတယ်။ လက်ရှိမှာ ဖြစ်နေတဲ့ NUCC မှာ CSO တွေ အစုအဖွဲ့ပုံစံမျိုးစုံတွေက တိုက်ရိုက်ပါဝင်နေတာက အဆင်မပြေပါဘူး။

NUG ရဲ့ စုဖွဲ့မှုက တပြည်ထောင်စနစ်ထက် ပိုဆိုးနေတာတွေ ရှိပါတယ်။ ပြည်ထောင်စုဝန်ကြီးကဘဲ တိုက်ရိုက်အားလုံးကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒရှိရင် အားလုံးက ပြောင်းလဲလို့ရပါတယ်။ ဥပဒေပြုရေးက ခါးပြတ်နေပါတယ်။ NUCC ကို ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။

(၄) ကြားကာလအတွင်းမှာ နိုင်ငံရေးအဆင့်ကနေ ဥပဒေအဆင့်အထိ တက်လှမ်းနိုင်ဖို့ (ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်)ကို အကောင်အထည်ဖော်တဲ့နေရာမှာ De jure၊ De facto အင်အားစုတွေအားလုံး တန်းတူ မျှတစွာ ပါဝင်ခွင့်ရရှိဖို့အတွက် ဘယ်လို အခင်းအကျင်းနဲ့ လုပ်ဆောင်ဖို့ လိုပါသလဲ။

ဆရာမ မယ်အေး (တရားလွှတ်တော်ရှေ့နေ)

နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချပြီးသွားရင် ဥပဒေတွေ ရေးဆွဲကြတာဖြစ်ပါတယ်။ အင်အားစုတွေ အားလုံးပါဝင်နိုင်ကအရေးကြီးပါတယ်။ ပါဝင်မှု၊ ကိုယ်စားပြုမှု၊ လေးစားမှုကို အခြေခံသောစနစ်တစ်ခု ရှိဖို့ လိုပါတယ်။ ဒီအချက် (၃) ချက်ကို အခြေမခံဘူးဆိုရင် ကောင်းမွန်တဲ့စနစ်၊ တရားမျှတတဲ့စနစ်တစ်ခုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ်အရေးကြီးတဲ့ အရာက စောင့်ကြည့်ထိန်းကျောင်းတဲ့စနစ်တစ်ခု ရှိဖို့လိုပါတယ်။ ပြဿနာတွေကိုဖြေရှင်းနိုင်မဲ့ လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ပဋိပက္ခဖြေရှင်းတဲ့ ယန္တရားတစ်ခု ရှိဖို့လိုပါတယ်။

(၅) ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဥပဒေမူကြမ်းတွေကို ရေးဆွဲပြဌာန်းရာမှာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် (FDC) သဘောတူစာချုပ်ကို အခြေခံရေးဆွဲခြင်းက  လုံလောက်ပါသလား။

ဆလိုင်းဒိုခါရ် (တည်ထောင်သူ၊ India for Myanmar)

မလုံလောက်ဘူးလို့ ပြောလိုပါတယ်။ FDC က စတင်ရေးဆွဲမှု လုံလောက်ကောင်းမွန်တဲ့ သဘောတူ စာချုပ်ဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ပြန်လည်ပြင်ဆင်ဖို့လိုပါတယ်။ လက်ရှိမှာ ဖက်ဒရယ်ယူနစ် ဖွဲ့စည်းရေးဆွဲရာမှာ FDCကိုတိုက်ရိုက်အခြေခံပြီးရေးဆွဲမယ်ဆိုရင် အခက်အခဲရှိနိုင်ပါတယ်။ သို့ပေမဲ့ FDC ကို မဖြစ်မနေ ထည့်သွင်း ရေးဆွဲဖို့လိုပေမဲ့ တိုက်ရိုက်အသုံးပြုဖို့ မဖြစ်နိုင်ပါဘူး။

(၆) နောက်ဆုံးမေးခွန်းအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ချီတက်နေတဲ့ ပန်းတိုင် ဘယ်လောက် ထိ ခရီးရောက်နေပြီလဲ၊ ဘာတွေက စိန်ခေါ်မှု ဖြစ်နေပါသလဲ။

ကိုမင်းလွင်ဦး (လူထုစည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ၊ DDMSC)

            တော်လှန်ရေးလမ်းပြမြေပုံအရ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အသုံးပြုနေတဲ့ နည်းနာက စစ်ရေးလှုပ်ရှားနဲ့ အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှုတွေကို ဘယ်လောက်အထိ ပေါင်းစပ်လုပ်ဆောင်နေပြီလဲ ဆိုတာက အရေးကြီးပါတယ်။ အာဏာရှင်ကို တွန်းလှန်ဖို့အတွက် လုံလောက်တဲ့အရွေ့မဖြစ်သေးဘူးလို့ ပြောလို့ရပါတယ်။ သို့ပေမဲ့ လက်ရှိပြည်သူ့တော်လှန်ရေးက အင်အားအရှိန်ကောင်းနေတုန်းဘဲ ဖြစ်သေးတယ်။ တော်လှန်ရေးကို ဦးဆောင်သူတွေက လူထုကြားမှာ ရှိနေဖို့ လိုပါတယ်။ တနိုင်လုံးအတိုင်းအတာတွေအနေနဲ့ ဟန်ချက်ညီစုစည်းလုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

ဆရာမ မယ်အေး (တရားလွှတ်တော်ရှေ့နေ)

            လက်ရှိမှာ တော်လှန်ရေးကာလမှာ ပြည်သူတွေက နိုင်ငံရေးအသိတွေ ပိုပြီး ရရှိလာသလို၊ အများကြီး အံတုလာနိုင်ပါတယ်။ စိန်ခေါ်ချက်အနေနဲ့ နိုင်ငံရေးရိုးသားမှုနဲ့ ရပ်တည်ချက်ခိုင်မာမှုတွေက ရှိသင့်သလောက် ရှိမနေသေးပါဘူး။ နိုင်ငံရေးအရွေ့တွေကို အမြင်ကျယ်ကျယ်နဲ့ စိတ်ကျယ်ကျယ်နဲ့ ကြည့်ဖို့ လိုပါတယ်။ လူပိန်းကြိုက်နိုင်ငံရေးနဲ့ လမ်းခွဲဖို့ လိုပါတယ်။

ဆလိုင်းဒိုခါရ် (တည်ထောင်သူ၊ India for Myanmar)

            လိုအပ်ချက်နဲ့ ပြင်ဆင်ချက်ကို အရင်ပြင်ပြီးတော့မှ တော်လှန်ရေးခရီးကို ဆက်သွားဖို့လိုပါတယ်။ တော်လှန်တိုက်ပွဲဝင်ရင်း ကွဲပြားမှုတွေက နွေဦးတော်လှန်ရေးမှာ ဆုံနေကြပြီးဖြစ်ပါတယ်။ နိုင်ငံရေး လောဘ တက်မှုတွေကို လျော့ပြီး NUG, NUCC တွေရဲ့ စနစ်တွေကို တည်ဆောက်ဖို့ လိုပါတယ်။ လက်ရှိမှာ ပြင်ဆင်တာရှိတာကို ပြင်ဆင်ပြီးမှ တော်လှန်ရေးကို ခရီးဆက်ဖို့လိုပါတယ်။ မဟုတ်ရင် တော်လှန်ရေး ပန်းတိုင်ကိုရောက်ဖို့ မသေချာပါဘူး။ လက်ရှိမှာ သွားချင်တဲ့ပန်းတိုင်နဲ့ သွားနိုင်မဲ့ လမ်းကြောင်းကို မြင်ရပေမဲ့ ရောက်မရောက် မရေမရာဖြစ်သွားနိုင်ပါတယ်။