• Today is: Monday, May 27, 2024

ရမ်းဗြဲမြို့ လေကြောင်းတိုက်ခိုက်ရလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရမ်းဗြဲမြို့ လေကြောင်းတိုက်ခိုက်ရလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၈၊ ၂၀၂၃
 
ရခိုင်ပြည်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က ‌ဂျက်ဖိုင်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် မြို့ပေါ်လူထုတွေဟာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။
 
ဒီနေ့ နံနက် ၈ နာရီအချိန်ခန့်က ရမ်းဗြဲမြို့မှာ ရက္ခိုင့်‌တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
 
“မြို့ပေါ်ပြည်သူတွေကတော့ ကျေးရွာတွေကို ပြောင်းနေကြတယ်။ ၈နာရီခွဲလောက်မှာ လက်နက် ငယ်ပစ်သံတွေကြားတယ်။ ပြီးတော့ လက်နက်ကြီးပစ်သံတွေကြားတယ်။ ပြီးတော့ ဂျက်ဖိုင်တာနဲ့ ၅ ကြိမ်တိတိလာပစ်တယ်။ လက်နက်ကြီးကတော့ စစ်ကောင်စီတပ်စွဲထားတဲ့ သိမ်တောင်ကပစ်တယ်။ နောက်ပြီးတော့ လေတပ်နေဗီကလည်း ပစ်တယ်” လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်မှ ပစ်ခတ်မှုတွေကြောင့် ရမ်းဗြဲဒေသခံတချို့ ထိခိုက်မှုရှိတယ်လို့ သိရှိရပေမယ့် အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည် ပေါက်တောမြို့မှာလည်း မနေ့ကနေ မြို့တွင်းတိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီရဲ့ ရေတပ်နေဗီနဲ့ ဇက်သ‌င်္ဘောတွေကလည်း ပေါက်တောမြို့ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ သိရှိရပါတယ်။